Saturday, February 1, 2020

အမေရိကန် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်

VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဖေဖော်ဝါရီ၊ 2020 
အမေရိကန် သမ္မတ Donald Trump အစိုးရက မြန်မာအပါအဝင် ပြည်ဝင်ခွင့်ကန့်သတ်တဲ့နိုင်ငံတွေကို သော ကြာနေ့က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခံရတဲ့ (၇) နိုင်ငံစာရင်းကို ဖော်ပြထားတာမှာ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ Venezuela ၊ ယီမင်နဲ့ ဆိုမာလီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

မြန်မာ၊ Eritrea၊ Kyrgyzstan နဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက လူတချို့အတွက် အမေရိကန်ပြည်ထောင်စုအတွင်း ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာ (Immigrant Visa) ထုတ်ပေးတာကို ကန့်သတ်လိုက်သလို ဆူဒန်နဲ့ တန်ဇန်းနီးယား နိုင်ငံတွေက နိုင်ငံသားတချို့ကို Visa Lottery လို့ခေါ်တဲ့ Green Card ကံစမ်းမဲထဲမှာ ပါဝင်ခွင့်ကို ကန့်သတ် ပိတ်ပင်လိုက်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီလိုကန့်သတ်ခံရတာ ဘယ်လိုလူအမျိုးအစားတွေလဲ ဆိုတာကိုတော့ အတိအကျဖော်ပြမထားပါဘူး။

ကန်ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုကိစ္စ မြန်မာသံအမတ်နဲ့ မေးမြန်းချက် ကိုလည်း ဖတ်ရှုနိုင်ပါပြီ။

အခု ထုတ်ပြန်တဲ့ ကန့်သတ်ချက်တွေအရ ကမ္ဘာလှည့်ခရီးသည်အဖြစ် လာရောက် လည်ပတ်လိုသူ၊ စီးပွာရေးလုပ် ငန်းနဲ့ လာရောက်လိုသူတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်ဖို့ လာတာ မဟုတ်တဲ့သူတွေတော့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင် ကန့်သတ်တဲ့ထဲမှာ မပါဘူးလို့ ဆိုပါတယ်။

အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ အကြံပေးချက်နဲ့အညီ အမျိုးသားလုံခြုံရေးကို ရှေ့ရှုပြီး သမ္မတအနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်လုပ်ငန်း၊ ရာဇဝတ်မှု၊ လူပုဂ္ဂိုလ်တဦးချင်းစီအတွက် လိုအပ်တဲ့ သတင်းအချက်အလက် စတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ခြင်းမရှိတဲ့ တိုင်းပြည်တွေအနေနဲ့ အခုလို ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ခြင်း ခံရနိုင်တယ်လို့လည်းသမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဒီနိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကို လာရောက်လိုသူတွေ၊ ရွှေ့ပြောင်း နေထိုင်လိုသူတွေအနေနဲ့ အဲဒီလို လုံခြုံရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို ပြည့်မီဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။ 

၂၀၁၇ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတုန်းကလည်း Chad ၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင် စတဲ့ ၈ နိုင်ငံက ခရီးသွားတွေ အမေရိကန် ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့်အပေါ် ကန့်သတ်ချက်သစ်တွေပါဝင်တဲ့ ခရီးသွားလာခွင့် တားမြစ်မှု ပြင်ဆင်ချက်ကို သမ္မတ Donald Trump လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အဲဒီကြေညာချက် ထုတ်ပြန်တုန်းကတော့ အကြမ်းဖက်ဝါဒဆိုင်ရာနဲ့ တခြားကိစ္စရပ်တွေမှာ အမေရိကန်နဲ့ သတင်း အချက်အလက် မျှဝေဖို့ နိုင်ငံသုံးနိုင်ငံက ငြင်းဆန်ခဲ့တယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */