Thursday, November 21, 2019

ICJ မှာ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ရင်ဆိုင်မယ့် ကိစ္စ အပေါ် အမြင်တချို့

VOA 
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
21 နိုဝင်ဘာ၊ 2019 
ICJ နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ပြီး ခုခံချေပမယ့် ကိစ္စဟာ နိုင်ငံအတွက် အကျိူးရှိပြီး မြန်မာနိုင်ငံအနေနဲ့ အမှုကို ဘယ်လောက် အလေးထား သလဲဆိုတာ ပြသတာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေ ကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေဘက်ကရော သုံးသပ် ချက်တွေ ဘယ်လိုရှိနေသလဲဆိုတာ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နယ်သာလန်နိုင်ငံ သည်ဟိဂ် အခြေစိုက် ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ပြီး ခုခံချေပတာဟာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လောက် အလေးထားသလဲဆိုတာ ပြသတာဖြစ်  ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက သူ့ရဲ့အမြင်ကို ဗွီအိုအေကို အခုလို ပြောပါတယ်။

" ကျနော် မြင်တာကတော့ ဘာလဲ ဆိုလို့ ရှိရင် အခု ICJ ကိစ္စက ဘာဖြစ်နိုင်လဲ ဆိုလို့ ရှိရင် ကျနော်တို့ တိုင်း ပြည်နဲ့ ဆိုင်တဲ့ ကိစ္စ ဖြစ်တာပေါ့။ တိုင်းပြည်နဲ့ ဆိုင်တယ်ဆိုတာ UN အဖွဲ့ဝင် အနေနဲ့ ကျနေ်ာတို့က ဥပေဒ ကြောင်း အရ ဒီစွပ်စွဲချက်တွေကို တရားဝင် ဖြေကြားဖို့ အတွက် ကျနေ်ာတို့မှာ တာဝန်ရှိတယ်။ ရှိလာတဲ့ အခါကျတော့ ဒီဟာက ကျနော်တို့ရဲ့ နိုင်ငံရဲ့ Image (ပုံရိပ်) ပေါ့နော် ကျနော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ တိုင်း ပြည် ရဲ့ ဂုဏ်သိက္ခာ ဒီဟာနဲ့ လာပြီး ဆက်စပ်လာတဲ့ ကိစ္စတွေ ဖြစ်တဲ့ အခါကျတော့ နိုင်ငံတော် အတွက် အရေးကြီးတဲ့ ကိစ္စ ဖြစ်လာတယ်။

တိုင်းပြည်နဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချိန်၊ ကမ္ဘာ့မျက်နှာစာမှာ ကျနော်တို့ ဒီလို အရေးယူ ဆောင် ရွက်မှုတွေ ဖြစ်လာတဲ့ အခါကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လောက် အလေးထားတယ်၊ နိုင်ငံတော် အနေနဲ့ အစိုးရ အနေနဲ့ ဘယ်လောက် အလေးအနက်ထားတယ်ဆိုတဲ့ ဟာကို ပြသဖို့ အတွက် ဒါ အခွင့် အရေးလို့ ကျနော် အဲလို မြင်တယ်လေ။ သူကိုယ်တိုင် သွားပြီးတော့ ဒီဟာကို ရင်ဆိုင်ပြီး တော့မှ ရှင်းပြမယ်ဆိုတဲ့ ကိစ္စ၊ သူကိုယ်တိုင် ဝင်ပြီးတော့ ပြောဆိုမယ် ဆိုတဲ့ ကိစ္စက ဒါ ကျနေ်ာတို့ အတွက် အဆင့်အမြင့်ဆုံး နိုင်ငံတော် အကြီးအကဲ တယောက် ကိုယ်တိုင်က သွားတယ် ဆိုတာက အင်မတန်မှဘဲ နိုင်ငံတော် အတွက်လည်း အားလည်း ရှိတာပေါ့နော်။ "

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ အရေးနဲ့ ပတ်သက်ရင် မြန်မာဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနှုန်း ကို လက်မခံပါဘူး။ ဒါပေမယ့် နိုင်ငံတွင်းကနေ ထွက်ပြေးရသူတွေ ဟုတ်မဟုတ် စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့ ပြောဆိုထားပါတယ်။

နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ လက်ထောက်ညွန်ကြားရေးမှူး Parampreet Singh ကတော့ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ICJ တရားရုံးရဲ့ ပြဌာန်းချက်တွေကို လိုက်နာရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အသိအ မှတ်ြ ပြုလိုက်တာလို့မြင်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

" သည်ဟိဂ် တရားရုံးမှာ သူကိုယ်တိုင် ဘာလို့ ခုခံချေပ ချင်ရသလဲဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ကျမမှန်း ဆပြောလို့ မရပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်လိမ့်မယ်ဆိုတဲ့ ကြေညာချက်အရဆိုရင် မြန်မာအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အား လုံး ဟာ ICJ နိုင်ငံတကာတရားရုံးရဲ့ ပြဌာန်းချက်ကို လိုက်နာရမယ်ဆိုတဲ့ အချက်ကို သူက အသိအမှတ်ပြု တာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံအနေနဲ့ အသိအမှတ်ပြုတာ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ကို ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရသလဲဆိုတဲ့ မေးခွန်းကို ပြန်ကောက် ရ မယ်ဆိုရင် ဒီအမှုကို သူက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဦးဆောင်ပြီး ရင်ဆိုင်ဖြေရှင်းမှာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်လှတဲ့ နယ်မြေရှင်းလင်းရေး လုပ်ရပ်နဲ့ ပတ် သက်ရင် အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း အများပြည်သူ ရှေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကာ ကွယ်ရပ်တည် ပြောဆိုထားပြီသာဖြစ်ပါတယ်။"

ပြစ်မှုကျူးလွန်သူတွေဟာ စစ်ခေါင်းဆောင်တွေပဲဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့ကို ကိုယ် စားပြုပြီး ခုခံချေပ သလိုဖြစ်နေတယ်လို့ မြင်ကြောင်း နိုင်ငံတကာ ကချင်ကွန်ယက် ရဲ့ ပြောခွင့်ရ Gum San NSang က ဗွီအိုအေကိုပြောပါတယ်။

" အဲဒီဟာက အရမ်းကို မလုပ်သင့်တဲ့ဟာပေါ့နော်။ လုပ်တာက နိုင်ငံတော် အတွက်ကတော့ မဟုတ်ဘူး။ ဒီကိစ္စ အခု အာဏာရရှိနေတဲ့ ပါတီ အတွက် ဖြစ်မယ်၊ နောက် စစ်တပ် အတွက် ဖြစ်သွားပါလိမ့်မယ်။ တကယ်ကို အပြစ်ကျူး လွန်ခဲ့တဲ့ စစ်တပ်က နေပြီးတော့ ဒီလိုမျိုးတွေ အခု ဖြစ်လာတဲ့ အခြေအနေတွေကို လူမျိုးတုံး သတ်ဖြတ်မှုမှာ တကယ့်ကို ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ သွားပြီးမှ သွားဖြေရှင်းတာ ပိုသင့်တော်တယ်လို့ ထင်ပါတယ်ဗျ။ "

ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု တာဆီးရေးစာချုပ် ချိုးဖောက်မှုစွဲချက်နဲ့ ICJ တရားရုံးမှာ တရား စွဲထားတာကို ထောက်ခံကြောင်း နိုင်ငံတကာ ကချင်ကွန်ယက် က ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဂမ်ဘီယာက အရေးပေါ် တောင်းဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှု ကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ ယာယီ အမိန့်ထုတ်ပြန်ပြီး မြန်မာ အစိုးရ ကို တားမြစ်ဖို့ ဆိုတာကို အခုလာမယ့် ဒီဇင်ဘာလမှာ အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ နိုင်ငံ တကာတရား ရုံးက ကြားနာမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ဂမ်ဘီယာက အရင် လျှောက်လဲရမှာဖြစ်ပြီး၊ (၁၁) ရက်နေ့မှာ မြန်မာကလျှောက် လှဲပြီးနောက် (၁၂)ရက်နေ့မှာ နှစ်နိုင်ငံလုံးက ဒုတိယပိုင်းအနေနဲ့ ဆက်လက်လျှောက်လှဲရာမှာ ဖြစ်ပါတယ်။ ကြားနာပွဲတက် ရောက်လိုသူတွေအနေနဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မတိုင်ခင် ICJ တရားရုံးကို စာရင်းပေးကြ ရမှာဖြစ်ပါတယ်။  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */