Friday, November 15, 2019

ဒေါ်အောင်ဆန်းစုကြည် အမှုဖွင့်ခံရမှု ဘယ်လောက် သက် ရောက်နိုင်လဲ

B B C
ဘီဘီစီ မြန်မာပိုင်း
14 နိုဝင်္ဘာ 2019
ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ဆိုပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကိုပါ နာမည်တပ် တရားစွဲတဲ့ လုပ်ရပ် ထပ်ပြီး ပေါ်ပေါက် လာပါတယ်။
Universal Jurisdiction လို့ ခေါ်တဲ့ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့်ကို သုံးပြီး မြန်မာ အရပ်ဘက်၊ စစ် ဘက် ခေါင်းဆောင်တွေ အပေါ် စုံစမ်း စစ်ဆေးပေးဖို့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူတွေ အာဂျင်တီးနားမှာ တိုင်ချက်ဖွင့် လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု၊ အစုလိုက်အပြုံလိုက် နှင်ထုတ်မှု စတဲ့ ကိစ္စတွေမှာ စစ်ဘက် ပိုင်း ခေါင်းဆောင်တွေသာမက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း ကြံရာပါအဖြစ် တာဝန်ရှိသလား ဆို တာ စုံစမ်းသင့်တယ် ဆိုပြီး နိုဝင်ဘာ ၁၃ ရက်နေ့၊ ဗုဒ္ဓဟူး နေ့မှာ လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။
      မြန်မာ အစိုးရကို လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပြင်၊ သမ္မတဟောင်းတွေ ဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးသိန်းစိန် တို့မှာပါ ရာဇဝတ်ကြောင်းအရ တာဝန်ရှိကြောင်း အမှုကို တည်ဆောက် ထားတာ ဖြစ်တယ်လို့ ယူကေ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့ BROUK အဖွဲ့က ထုတ်ပြန်ထားပါတယ်။

      တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက် ခေါင်းဆောင်တွေကိုလည်း စုံစမ်း စစ်ဆေးတာတွေ လုပ်ဖို့ အခု လျှောက်ထားမှုထဲ တိုက်တွန်း ထားပါတယ်။

      ပြီးခဲ့တဲ့နှစ် ၂ဝ၁၈ တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩစတြေးလျ နိုင်ငံ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး လူ သားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပေးပါ ဆိုပြီး မဲလ်ဘုန်းမြို့ တရားရုံးမှာ ဩစတြေးလျ ရှေ့နေတချို့က လျှောက်ထားခဲ့ပါတယ်။

      အဲဒီတုန်းကတော့ ဩစတြေးလျ ရှေ့နေချုပ်က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်တပြည်ရဲ့ အကြီး အကဲ၊ နိုင်ငံခြားရေး ဝန်ကြီး တစ်ဦး အနေနဲ့ နိုင်ငံရပ်ခြားမှာ ရာဇဝတ်ကြောင်း အရ တရားစွဲဆို ခံရတာကနေ ကင်းလွတ်ခွင့် ရှိတယ် ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။
       အာဂျင်တီးနားမှာ ဘာလို့ အမှုဖွင့်ရတာလဲ

      ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် "Universal Jurisdiction" ကို လက်ခံ ကျင့်သုံးတဲ့ နိုင်ငံတွေ တော်တော်များများ ရှိပါတယ်။

      အာဂျင်တီးနားလည်းပဲ အခြေခံ ဥပဒေထဲမှာ အပါအဝင် တိုင်းပြည်ရဲ့ တရားရေး စနစ်ထဲမှာ Universal Jurisdiction ကို လေးစားမယ့် အကြောင်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

      အာဂျင်တီးနားဟာ သူတို့နိုင်ငံ စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှု ပြည်တွင်း ပြဿနာကို လျစ်လျူရှု မထားပဲ ကိုင်တွယ် ဖြေရှင်းခဲ့တဲ့ သမိုင်းကောင်း ရှိသလို၊ အာဂျင်တီးနား တရားရုံးတွေ အနေနဲ့ Universal Jurisdiction အမှုတွေကို လက်ခံ ကြားနာခဲ့တာတွေ ရှိတယ်လို့ BROUK အဖွဲ့ရဲ့ ထုတ်ပြန်ချက် ထဲ ရေးထားပါတယ်။

      စပိန် ဖက်ဆစ် အာဏာရှင် ဖရန်ကို လက်ထက် ကျူးလွန်ခဲ့တဲ့ အမှုတွေ၊ တခါ တရုတ်နိုင်ငံထဲ Falun Gong ဆိုတဲ့ ဘာသာရေး အသိုင်းအဝိုင်း ပစ်မှတ်ထားခံရမှုတွေကို အာဂျင်တီးနား တရားရုံးက Universal Jurisdiction အရ လက်ခံ ကြားနာ စစ်ဆေးခဲ့တာတွေ ရှိတယ်လို့ BROUK အဖွဲ့က ဆိုပါတယ်။
       ဒါ့အပြင် အခုလို တရားစွဲဆိုမှုကို ထောက်ခံ ကူညီတဲ့ အာဂျင်တီးနား လူ့အခွင့်အရေး အဖွဲ့တချို့လည်း ရှိနေတာမှာ အဲဒီထဲက တစ်ဖွဲ့ဟာ "Abuelas de Plaza de Mayo" ဆိုတဲ့ အဖွဲ့ဖြစ်ပါတယ်။

      အဲဒီအဖွဲ့ကို ဦးစီးဦးဆောင် ပြုနေသူဟာ ၂ဝဝ၈ ကနေ ၂ဝ၁၄ အထိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသ မဂ္ဂရဲ့ အထူးကိုယ်စားလှယ် အာဂျင်တီးနား နိုင်ငံသား သောမတ်စ် ဟိုဟေး ကင်တာနား ဖြစ်ပါတယ်။

      လူမျိုးတုန်း သတ်ဖြတ်မှုကို ကျူးလွန်သူတွေ၊ ဖုံးကွယ်ပေးသူတွေကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ဖို့ အခုလို အမှုဖွင့် လျှောက်ထားရတာ ဖြစ်တယ်ဆိုပြီး မစ္စတာ ကင်တာနားက အေအက်ဖ်ပီ သတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။

      ဒီ လျှောက်ထားမှုကနေ နိုင်ငံတကာ ဖမ်းဝရမ်း တစ်စောင် ထွက်လာဖို့ မျှော်လင့်ထားတယ် လို့လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။

      အာဂျင်တီးနားမှာ အမှုဖွင့်ခံရမှု လက်တွေ့ ဘယ်လောက် သက်ရောက်နိုင်လဲ"ဒီလောက်ဖြစ်လာတယ် ဆိုတာ ကိုက မကောင်းတော့ဘူးပေါ့ဗျာ။ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ၊ နိုင်ငံ အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ အထိပါးခံရတာ ဖြစ်တယ်" လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုစွမ်းက ဘီဘီစီကို ပြောပါတယ်။

      ဒါပေမယ့် Universal Jurisdiction ကို လက်တွေ့အရ ဘယ်လောက်ထိ ကျင့်သုံး နိုင်မလဲ ဆိုတာကို ကုလ သ မဂ္ဂထဲမှာလည်း ရှုထောင့်အမျိုးအမျိုး အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုချက်တွေ ကွဲလွဲ နေတယ်လို့လည်း ဦးဟောက်ဒိုစွမ်းက ထောက်ပြပါတယ်။

      ကျူးလွန်တဲ့ ဖြစ်ရပ်တွေ ကမ္ဘာ့ ဘယ်နေရာမှာပဲ ပေါ်ပေါက်ခဲ့ ပေါ်ပေါက်ခဲ့၊ ကျူးလွန်သူလို့ စွပ်စွဲ ခံရသူက ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ နေနေ ၊ ကမ္ဘာ့ နိုင်ငံတစ်ခုခုမှာ အမှုဖွင့်နိုင်တယ် ဆိုတဲ့ အခြေခံ အယူအဆနဲ့ Universal Jurisdiction ကို ကျင့်သုံး ကြတာ ဖြစ်ပါတယ်။
        ဒါပေမယ့်လည်း ဦးဟောက်ဒိုစွမ်း ထောက်ပြခဲ့သလိုပဲ ဩစတြေးလျ နိုင်ငံတုန်းကလည်း အဲဒီက ရှေ့နေချုပ်က နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲ၊ လက်ရှိ အစိုးရ အကြီးအကဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ နိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံရတာကနေ ကင်းလွတ်ခွင့် ရှိရမယ် ဆိုတဲ့ နိုင်ငံတကာ ဥပဒေကို ကိုးကားပြီး အမှုကို လက်မခံပဲ ပယ်ချ ခဲ့တာဖြစ်ပါတယ်။

        "နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲကို တခြားနိုင်ငံက ဖမ်းပြီးတော့ တရားစွဲတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့တာမျိုး ကျွန်တော် မကြားဖူးဘူး" လို့ ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။

        "နိုင်ငံခေါင်းဆောင်၊ နိုင်ငံအကြီးအကဲတွေမှာ ရှိတဲ့ ၊ သူတို့ကို ပေးအပ်ထားတဲ့ immunity ကင်းလွတ်ခွင့် အတိုင်း အတာကို Universal jurisdiction က ဘယ်လောက် လွှမ်းမိုးပြီး အာဏာ သက်ရောက်မှု ရှိနိုင်တယ် ဆိုတာတွေဟာ နိုင်ငံတကာမှာ အငြင်းပွားနေဆဲ ဖြစ်ပြီး၊ တိကျတဲ့ ဖွင့်ဆိုမှု မရှိသေးဘူး" လို့လည်း ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

        မြန်မာ အစိုးရ အရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထားပြီး အမှုဖွင့် တရားစွဲဆိုနိုင်ရေးလုပ် ဆောင် မှုတွေ တွေ့နေရတာမှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ကြားနာစီရင်ရေး၊ ကုလသမဂ္ဂရဲ့ တရားရေး ဆိုင်ရာ အမြင့်ဆုံးရုံး ICJ မှာ ကြားနာရေးတွေလည်း လောလောလတ်လတ်မှာ ရှိနေပါတယ်။
         
        Link : Here

        No comments:

        Post a Comment

        /* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */