" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 26, 2019

ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှု RSF သတိပေး

VOA  
ဗွီအိုအေ (မြန်မာဌာန
25 ဇွန်၊ 2019
ကိုဇော်ဝင်းလှိုင်
ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးအနီး ကျွဲကျောင်းနေတဲ့ ဒေသခံများ (သြဂုတ်၊ ၀၄၊ ၂၀၁၅)
 
ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေ သတွေမှာ အစိုးရက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တာဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနဲ့ သတင်းလွတ်ခွင့်တို့အတွက် စိုးရိမ်စရာ ဖြစ်စေကြောင်း RSF နယ်စည်းမခြား သတင်း ထောက်များ အဖွဲ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး Yanghee Lee အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းနိုင်ငံရေး အသိုင်းဝိုင်းကပါ ေ၀ ဖန်မှုတွေ ထွက်ပေါ်လာ အပြီးမှာ RSF ကလည်း အခုလို ထောက်ပြ ဝေဖန်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ဒေသက မြို့ နယ်ပေါင်း ရှစ် မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက အင်တာနက်လိုင်းတွေကို ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ ယာယီ ဖြတ် တောက်လိုက်ပြီးတဲ့နောက် နိုင်ငံတကာက သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ အပါအဝင် ပြည် တွင်း၊ ပြည်ပက နိုင်ငံရေး အသိုင်းအဝိုင်းတို့ရဲ့ ပြင်းထန်စွာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ တာပါ။

ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကလည်း အခုလို အင်တာနက်ဆက်သွယ် ရေးလိုင်းတွေ ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ အဖွဲ့ရဲ့ အာရှနဲ့ ပစိတ်ဖိတ်ဒေသဆိုင်ရာ တာဝန်ခံ Daniel Bastard က ပြောပါတယ်။

“ဒီဖြစ်ရပ်က မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်စရာ အလွန်ကောင်းပါတယ်။ စစ်တပ်က လုပ်တာ မဟုတ်ဘဲ အရပ်သားအစိုးရက အခုလို အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက် လိုက်တယ်ဆိုတဲ့ကိစ္စက အင်မတန် စိုးရိမ်စရာ ကောင်းပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းမှု တခုလုံး ကို ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ဒီ အင်တာနက် ဖြတ်တောက်လိုက်တဲ့ လုပ်ရပ်ဟာ ဘယ် လိုမှ တရားမျှတမှုရှိတဲ့ လုပ်ရပ်လို့ ရှုမြင်လို့ မရနိုင်ပါဘူး။”

စစ်ဖြစ်နေတဲ့ နေရာတွေက ဒေသတွင်းနဲ့ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများ ပြည် သူ အကျိုးကို ထိခိုက်စေတဲ့ အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာနက်ဒေတာ ဝန်ဆောင်မှုတွေ ကို ယာယီဖြတ်တောက်ထားတဲ့ ကာလအတွင်း ဖုန်းခေါ်ဆိုမှုနဲ့ SMS စာတိုဝန်ဆောင်မှုတွေကတော့ ဆက် လက် ရရှိနေမှာဖြစ်ကြောင်း MPT နဲ့ Telenor တို့က ရခိုင်ဒေသခံတွေကို တယ်လီဖုန်းကနေတဆင့် အ ကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။

အခုလို အင်တာနက်တွေ ဖြတ်တောက်လိုက်တာက သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်တယ် ဆိုတာကိုလည်း Daniel Bustard က ဆက်ပြောပါတယ်။

“ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက အဖြစ်မှန်တွေကို သတင်းထောက်တွေအနေနဲ့ သတင်းပို့ခွင့်မရအောင် ပိတ်ပင်ထားတဲ့ လုပ်ရပ်ဟာ အန္တရာယ် ရှိပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ်တို့က သာမန် ပြည်သူတွေဟာ လည်း သတင်းရနိုင်ဖို့အတွက် အင်တာနက်ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ လုံခြုံရေးကို အကြောင်းပြုပြီး အင်တာနက် ဆက်သွယ်မှုကို ဖြတ်တောက်တာဟာ ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူး။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေအပေါ် စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးဟာလည်း ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံခဲ့ရကြောင်း၊ သတင်း ထောက်တွေ လွတ် လပ်စွာ သတင်းမယူရဲအောင် ဟန့်တားတဲ့အနေနဲ့ သူတို့ နှစ်ဦးကို ဖမ်းဆီး အရေးယူပြ ခဲ့ကြောင်း Daniel Bustard က ပြောပါတယ်။

အခုလိုဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်တဲ့အတွက် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက ဖြစ်စဉ်အမှန်တွေကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကို တင်ပြနိုင်ဖို့ အခက်အခဲ ဖြစ်သွားစေ တယ်ဆိုတာကို သူက ပြောပါတယ်။

ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ မြန်မာအစိုးရနဲ့ သတိထား ဆက်ဆံကြဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။

“အဲဒီလို အခြေအနေတွေဖြစ်နေတောကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံလိုကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း သူတို့ရဲ့ ရပ်တည်ချက် အနေအထားတွေကို ပြန်လည် သုံးသပ်ကြစေလိုပါတယ်။ အ ထူး သဖြင့်တော့ မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေပြန်တော့ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို တကယ် လိုလိုလားလားရှိတယ်ဆိုတာကို ပြ သဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”

RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအ နေဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အကြား ၁၃ ရာခိုင်နှုန်း တိုးတက် ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွက် RSF က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းလွတ်လပ် ခွင့် အစီရင်ခံစာမှာတော့ ခုနစ် နေရာ ကျသွားခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */