Friday, June 28, 2019

ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ကားတွေ မိုင်းခွဲတိုက်ခိုက်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-28
 မိုင်းခွဲခံရတဲ့ ICRC အဖွဲ့ရဲ့ ကားကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ရဲဇာနည် 

                                     

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမုနိလမ်းဆုံအနီးမှာ ဇွန်လ ၂၇ ရက်နေ့ မနေ့ညက အပြည်ပြည် ဆိုင် ရာ ကြက်ခြေနီ ကော်မတီ ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရတာနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ AA တို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။
ရခိုင်တပ်တော် AA ရဲ့ မိုင်းလို့ အစိုးရတပ်မတော်ဘက်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသလို AA ဘက်က ပြန်ကြားရေးတာဝန်ခံခိုင်သုခကလည်း အဲ့ဒီ အနီးမှာ မနေ့ ည က သူတို့တပ်တွေ မရှိဘဲ အစိုးရတပ်တွေသာ ရှိခဲ့တာကြောင့် အစိုးရဘက်က မိုင်းခွဲ ပစ်ခတ်ခဲ့တာလို့ ပြော ပါတယ်။

ဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့ဖို့ ရန်ကုန်ကနေ မောင်တောမြို့ကိုမောင်းနှင်လာတဲ့ ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ၆ စီးဟာ မနေ့ညက ကျောက်တော်မြို့ မဟာ မုနိလမ်းဆုံအနီးမှာ မိုင်းခွဲတိုက် ခိုက်ခံခဲ့ရပြီး ရှေ့ဆုံးကားက လက်နက်ငယ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။။

ရှေ့ဆုံးကမောင်းနှင်တဲ့ ကားရဲ့ လေကာမှန်ကွဲသွားခဲ့ပြီး ကားကိုယ်ထည်ထိခိုက်တာတွေရှိပေမယ့် လူတစ် ဦးတစ်ယောက်မှ ထိခိုက်တာမရှိပါဘူး။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က မောင်တောမှာရှိတဲ့ ထောက်ပံ့ရေးပစ္စည်းဂိုဒေါင်မှာ စား နပ် ရိက္ခာတွေဖြည့်ဖို့ ရန်ကုန်ကနေ ကုန်ပစ္စည်းတွေဝယ်ပြီး ကုန်တင်ကားတွေကို အခြားပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ဌားရမ်းပြီး တင်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ICRC ယာဉ်တန်းကို AA က မိုင်းခွဲပစ်ခတ်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ အေအေ သောင်းကျန်းသူက ရီမုမိုင်း ၃ လုံးဖောက်ခွဲပြီးတော့ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီ နေ ရာ မှက ၃ ကြိမ်ရှိပါပြီ။ ဧပြီလ ၁၅ ရက်နေ့က တစ်ကြိမ် ၂၉ ရက်နေ့က တစ်ကြိမ် မိုင်းထောင် တိုက် ခိုက် ခဲ့ တာပေါ့။ အဲဒီမှာ ရရှိခဲ့တဲ့ မိုင်းတွေနဲ့ အခုထောင်တဲ့မိုင်းတွေက အတူတူပဲ ဖြစ်တယ်။ ICRC ယာဉ် တန်းကို ဆောင်ရွက်တာတော့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆောင် ရွက် တာ မျိုးဖြစ် နေတယ်။ ဒီကားတွေဟာ အရပ်ကားတွေ ဖြစ်မှန်းသိပေမယ့် ဆောင်ရွက်တာမျိုးဖြစ် တယ်”

အဲဒီယာဉ်တန်းကို အစိုးရတပ်မတော်က ရခိုင့်တပ်တော် AA မိုင်းခွဲပစ်ခတ်တာလို့ စွပ်စွဲနေသလို AA ဘက် ကလည်း အစိုးရတပ်မတော်က ပစ်တာလို့ အပြန်အလှန်စွပ်စွဲနေကြတာပါ။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ ပြောကြားချက်အပေါ် ရခိုင်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အ ခုလို တုံ့ပြန်ပါတယ်။

“ဗမာစစ်တပ်ဘက်က စစ်ကြောင်းနှစ်ကြောင်းတောင် အဲဒီနားမှာရှိနေတယ်။ ဝေသာလီ၊ ပေါက်တောပြင်နောက် ကျောက်ကြပ် အဲဒီနားမှာ ဗမာစစ်တပ်တွေ မနေ့က အပြည့်ရှိနေတာ။ ပစ်လို့ရှိရင်လည်း ဗမာစစ် တပ် က ပစ်တာပဲဖြစ်မယ်။ အဲဒီနားမှာ ကျနော်တို့ စစ်တပ်မရှိဘူး။ ဗမာစစ်တပ်ပဲ ရှိတာ။ နောက်ပြီးတော့ ကျနော် တို့ တပ်ဖွဲ့တွေအနေနဲ့ကလည်း ICRC လို နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေကို ပစ်စရာ မရှိဘူးလေ။ အောက်ခြေအထိ ညွန်ကြားပြီးသားရှိတယ်”

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ရုံးပိုင်ကားတွေမဟုတ်တာကြောင့် မနေ့က ပစ်ခတ်ခံရတဲ့ ယာဉ် တန်း မှာပါတဲ့ကားတွေမှာ ICRC ဆိုတဲ့ အမှတ်တံဆိပ်တွေကပ်ထားတာ မရှိကြောင်းနဲ့ ရုံးဝန်ထမ်းတွေ လည်း ပါသွားတာမရှိဘူးလို့ ICRC ရဲ့ ရန်ကုန်နဲ့ စစ်တွေမြို့က ပြန်ကြားရေး အရာရှိတွေက ပြောပါတယ်။

ဒါ့အပြင် ယာဉ်တန်းကို ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို မသိဘူးလို့လည်း ICRC ဘက်က ဆိုပါတယ်။

ကျောက်တော်မြို့နယ်ဟာ ညမထွက်ရအမိန့်ထုတ်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် ည ၈ နာရီခွဲခန့်မှာ ဒီယာဉ် တန်း ဘာကြောင့်သွားလာခဲ့သလဲဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ICRC ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးဇော်ဝင်းကို RFA က မေးကြည့်ပါတယ်။

“ICRC က ကူညီထောက်ပံ့ရေးပစ္စည်းတွေကို များသောအားဖြင့်တော့ အပြင် Private တွေနဲ့ လွှတ်တာ သွား ခိုင်းတာမျိုးရှိတယ်။ အသေးစိတ် သူတို့ကို ဘယ်ချိန်သွားပါ။ ဘယ်ချိန်မသွားပါနဲ့လို့ ဒီလိုကိစ္စမျိုးတွေ ကျနော် တို့ လိုက်ပြီးတော့ ညှိတာမျိုးတော့ မရှိဘူးပေါ့လေ။ ဒေသဆိုင်ရာ အနေအထားအရ သူတို့ အဆင်ပြေသလိုသွား ကြတဲ့ အနေအထားမျိုးရှိပါလိမ့်မယ်။ ICRC က လူသားချင်းစာနာထောက် ထား မှု အကူအညီတွေကို ပေးနေတာပါ။ ဘယ်နိုင်ငံရေး ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ တိုက်ရိုက်ဆက် ဆံတာ ပတ်သက်တာ မျိုး မရှိပါဘူး။ ဘယ်လို နိုင်ငံရေးအခြေအနေမျိုးမှာမှ ပါဝင်ပတ်သက်တာ ဆွေးနွေး တာမရှိပါဘူး။ လက်နက် ကိုင်ပဋိပက္ခကြောင့် ခံစားနေရတဲ့ အကူအညီ လိုအပ်နေသူတွေကို အကူအ ညီ ပးနေတာပါ”

ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ညမထွက်ရ အမိန့်ထုတ်ထားတာပါ။ လက်ရှိမှာ ည ၉ နာ ရီကနေ မနက် ၅ နာရီအထိ ညမထွက်ဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေက ညနေ ၃ နာရီ နောက်ပိုင်းလောက်ကစပြီး လမ်းတွေပေါ်မှာ မသွားလာကြတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုတွေရှိပေမယ့် ICRC အနေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးကိစ္စတွေကို ဆက် လက်လုပ်ဆောင်မှာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော်ဘက်ကလည်း မနေ့က ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကျောက်တော်မြို့၊ မဟာမုနိ လမ်း ဆုံ တဝိုက်မှာ မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ မြောက်ဦးနဲ့ မောင်တော မြို့တွေမှာ ICRC ရုံးတွေ ဖွင့်လှစ်ထားပြီး စစ်ဘေး ဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */