" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 3, 2019

စပါးထားကျေးရွာမှ ၅ ဦးသေ၊ ၉ ဦးဒဏ်ရာရ၊ တစ်ရွာ လုံးသား ရွာကိုစွန့်ခွာထွက်ပြေး

နိရဉ္စရာ
နိရဉ္စရာ၊ ဇွန် ၃/ ၂၀၁၉
 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာမှ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံး သွားသူမှာ ၅ ဦးရှိသွားပြီ ဖြစ်ကြောင်း မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

“ ရွာမှာပွဲချင်းပီးသေဆုံးတာ ၄ ဦးပါ၊ အခု ဆေးရုံရောက်ပြီးမှ တစ်ယောက်ဆုံးပါတယ်။ စုစုပေါင်း ၅ ဦးဆုံး ပါတယ်။ ဒဏ်ရာရတာက ၉ ဦးပါ။ အဲဒီအထဲမှာ ဒဏ်ရာပြင်းထန်သူ တစ်ချို့လည်း ပါဝင်ပါတယ်။ အခု ကျွန်တော်လည်း ဆေးရုံကို ရောက်နေပါတယ်” ဟု မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒဏ်ရာပြင်းထန်သူများကို စစ်တွေယူဆောင်ရန် စီစဉ်နေကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

စပါးထားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်သို့ ဆက်သွယ်ရာ ရွာတွင် ပွဲချင်းပြီး သေဆုံးသူ ၄ ဦးဖြစ်ကြောင်း၊ ဆေးရုံတွင် တစ်ဦးသေဆုံးသည်ဟု သတင်းရကြောင်း ပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ သေဆုံးသူများမှာ ဦးမောင်ဖြူထွန်း၊ ဦးမောင်မောင်သန်း၊ ဒေါ်လှပြည့်စိန်နှင့် ဦးလှမောင် တို့ဖြစ်ကြသည်ဟု သူက ပြောဆိုသည်။

မပီစိ (ခ) မအေးသန်း (၁၃) နှစ်မှာ မင်းပြားဆေးရုံရောက်မှ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် ၆ နာရီ ၄၅ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီထိ ကြိုးကြားကြိုးကြား ပစ်ခတ်မှု များ ရှိနေခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ဘုန်းတော်ကြီးကျောင်းသို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပစ်ခတ်သံများ ရပ်စဲသွားပြီး တစ်ရွာလုံး ထွက်ပြေးနေကြကြောင်း၊ စပါးထားကျေး ရွာ တွင် အိမ်ခြေ ၁၇၀ ရှိပြီး လူဦးရေ ၇၀၀ ကျော်ရှိကြောင်း၊ ရွာစောင့် ၂၀ ခန့်မှ အပ အားလုံး မင်းပြားမြို့ပေါ်သို့ ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း စပါးထား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောကြားသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */