နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၄/ ၂၀၁၉
မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် မသန်စွမ်းသူ လူ ၂ ဦးဖမ်းဆီးခံခြင်းနှင့် ပတ်သက်ပြီ အဖမ်းခံထားရသူ အောင်ကျော်နိုင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မအေးနုနဲ့ အင်တာဗျူး
မေး- အဒေါ်နာမည်ဘယ်လိုခေါ်ပါလဲ။
ဖြေ- မအေးနုပါ။ ဖမ်းဆီးခံထားရတဲ့ အောင်ကျော်နိုင်အဖေရဲ့ ညီမပါ။
မေ- အခုဖမ်းသွားတဲ့ လူတွေကို စစ်တပ်က ဘယ်နေ့က ဖမ်းသွားတာပါလဲ။
ဖြေ- ဖမ်းသွားတာက ၂ ရက်ရှိပြီ။ ၂၂ရက်နေ့ကပါ။
မေး- ၂၂ ရက်နေ့ ဘယ်အချိန်ကခေါ်သွားတာပါလဲ။
ဖြေ- မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်ကခေါ်သွားတာပါ။
မေး- ဟုတ်ကဲ့ခေါ်သွားတဲ့ လူတွေနာမည်က ဘယ်လိုခေါ်ပါသလဲ။
ဖြေ- အောင်ကျော်နိုင်နဲ့ စိုးစိုးအောင်ပါ။ အောင်ကျော်နိုင် အသက်က (၂၈)နှစ်ပါ ၊ စိုးစိုးအောင် အသက်က (၃၄)နှစ်ပါ။
မေး- ရွာမှာတစ်ခြားလူတွေရှိလျှက်နဲ့ သူတို့နှစ်ယောက်ကိုမှ ဘာကြောင့် ခေါ်သွားရတာပါလဲ။
ဖြေ- သူတို့နှစ်ယောက်က တိုက်ပွဲဖြစ်တဲ့အခါ ကြောက်ပြီးတော့ ရွာအနီးက သင်္ချိုင်းကုန်းနားမှာ ချောင်းမှာ ပုန်းနေပါတယ်။သူတို့က မသန်စွမ်းဆိုတော့ သူများလို အဝေးကိုလည်းမရောက်တတ်လို့ ချောင်းနားမှာ ပုန်း နေပါတယ်။ အိမ်နဲ့ ဝါးနှစ်ပြန်လောက်ပဲရှိမယ်ထင်တယ်။ တိုက်ပွဲခဏ ရပ်သွားတာနဲ့ ချောင်းအနီး ပုန်းနေ တာကနေ တက်ပြီးတော့ သူတို့က အိမ်ဘက်ကိုလာတဲ့အချိန် အဲ့ဒီမှာစစ်တပ်က ဖမ်းတာ ဖြစ်ပါတယ်။
မေး- ဟုတ်ကဲ့ အဲဒီတော့ အဲဒီ လူနှစ်ယောက်ရဲ့ ကျန်းမာရေး ဘယ်လိုအနေအထားရှိလဲ။ ပုံမှန် အနေအ ထား ရှိလား။ဘယ်လိုလူတွေပါလဲ။
ဖြေ- ကျန်းမာရေး ချို့ယွင်းတဲ့ လူတွေပါ။ တစ်ယောက်က ခြေထောက်မသန်စွန်းပါ။ စိုးစိုးအောင် ဆိုတဲ့က လေးက ခြေထောက်မသန်စွမ်းပါ။ အောင်ကျော်နိုင်ဆိုတဲ့ကလေးက စစ်တွေ စိန်ခြည်ဆေးခန်း ပါရဂူဆီက သူကစိတ်ဖောက် ပြန်လို့ ရူးနေတဲ့အတွက် ဆေးစားလို့နေတဲ့ကလေးပါ။ စစ်တွေ စိန်ခြည်ဆေးခန်းကနေ ကားနဲ့လာပြီး ညနေကရောက်ခါစပဲရှိသေးတယ်။ နောက်တစ်နေ့မှာ အဖမ်းခံရပါတယ်။
မေး- ဟုတ်ကဲ့ ဒီလိုကျန်းမာရေး မကောင်းဘူးဆိုတာကို စစ်တပ်ကို ပြောပြတာမရှိဘူးလား။
ဖြေ- ပြောပါတယ်။ ကျမတို့ မိန်းမ ၅ယောက် သွားပြီးတော့ ဆေးတွေ ဝါးတွေပါ အကုန်လုံး အောင်ကျော်နိုင် သုံးတဲ့ဆေးတွေ ဝါးတွေပါ အကုန်လုံးကို သွားလို့ပြပါတယ်။ သူတို့ (စစ်တပ်) က ဒီဆေးကိုပြတော့ သူတို့ အခုချက်ချင်း မလွတ်ပေးနိုင်ဘူး။ တိုက်ပွဲထဲမှာ ဖမ်းရတာဖြစ်တဲ့ အတွက် ရဲစခန်းကို အားလုံးကို ယူပြီးလိုက် ခဲ့ပါ။ စခန်းမှာအချက် အလက် တွေကို အားလုံးကိုပါအောင် ယူပြီးတော့ ရဲစခန်းကထုတ်ယူ။ ရဲစခန်းကို ယူ သွားမယ်လို့ပြောပါတယ်။
မေး- အဲဒီတော့ ဒီနေ့ထိ အဲဒီကလေးတွေ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးတဲ့ အနေအထားလား။ ဘယ်လို အနေအထားရှိပါလဲ။
ဖြေ- မတွေ့ရပါ။
မေး-အခု သူတို့ ဘယ်ရောက်နေလို့ကြားပါလဲ။
ဖြေ- မြောက်ဦးရဲစခန်းမှာလို့တော့ ကြားပါတယ်။ဟုတ်တယ်/ မဟုတ်ဘူးဆိုတာကိုတော့ ကျမတို့လည်း မပြောတတ်ပါ။
မေး- အဲတော့ ဆရာမတို့ မြောက်ဦးရဲစခန်းကို ဘာဖြစ်လို့မသွားတာလဲ။
ဖြေ- မြောက်ဦးရဲစခန်းကို သွားပါတယ်။ ဒီနေ့ (၂၄-၅-၂၀၁၉) ရက် မနက်က သွားပါတယ်။ လုံးဝ တွေ့ခွင့်မ ပေး လို့ပြောပါတယ်။ သကြားမင်းနဲ့တောင်မှ တွေ့ခွင့်မပေးဆိုပြီး ဟောက်ပြီးတော့ လွတ်လိုက်ပါတယ်။
မေး- ဘယ်သူကလွတ်တာလဲ။
ဖြေ- စစ်တပ်လည်းရှိပါတယ်။ရဲလည်းရှိပါတယ် အားလုံး။
မေး -အဲဒီနေ့က တိုက်ပွဲက ဘယ်အချိန်ဖြစ်တာပါလဲ။ဝေသာလီနားမှာ။
ဖြေ- ၉နာရီကျော် ၁၀ နာရီဝန်းကျင်လောက်က ဖြစ်ပါတယ်။
မေး - တော်တော်များများဖြစ်ပါလား။
ဖြေ- နာရီခွဲလောက်ဖြစ်ပါတယ်။
မေး- သူတို့ ဝေသာလီ ရွာထဲကို ရောက်လာတော့ ရွာသားတွေကို တစ်ခုခု လုပ်တာရှိပါသလား။
ဖြေ- ရွာသားတွေကိုတော့ နှိပ်စက်တာမရှိပါ။ဒီလူနှစ်ယောက် မသန်စွမ်းလို့ ပုန်းနေတာကနေ ဖမ်းသွား တာ တစ်ခုတည်းပါ။
မေး- အဲဒီတော့ နောက်တစ်ခုက ရွာက အိမ်တစ်ချို့ မီးလောင်တယ်၊ တဲတွေကို မီးရှို့တာတွေရှိတယ်လို့ သတင်းတွေ ကြားရတယ်။ အဲဒါဟုတ်ပါလား။
ဖြေ- အဲ့လိုတော့ မဟုတ်ပါ။
မေး- တဲတွေမီးလောင်တာကော ရှိပါသလား။
ဖြေ- တဲတွေမီးလောင်တာကတော့ တိုက်ပွဲကြားက တဲတွေမီးလောင်တာလို့ ကျမတို့ကြားပါတယ်။ ထွက်လို့ လည်းမကြည့်ဝံ့ပါ။
မေး- ဝေသာလီကလူတွေက အခုရွာမှာရှိနေလား။ မဟုတ်ရင် ထွက်ပြေးသွားကြပြီလား။ ဘယ်ရွာကို ထွက် ပြေးသွားကြပါလဲ။
ဖြေ- ရှိတဲ့လူလည်းရှိပါတယ်။ပြေးတဲ့လူတွေလည်း ကြောက်လို့ပြေးပါတယ်။
မေး- ဒီလို ဖြစ်နေတော့ လုပ်ကိုင်စားသောက်ဖို့က လွယ်နိုင်မလား ။ မိုးလည်းကျတော့မှာဆိုတော့ လယ်
တွေ ယာတွေ လုပ်ဖို့ အဆင် ပြေနိုင်မလား ။
ဖြေ- ကျမတို့ရွာသားတွေက တစ်ခုမှ လုပ်ကိုင်စားသောက်ဖို့ဆိုတာ မရှိပါ။အခုလည်း ညမအိပ် နေ့မအိပ် ကြောက်နေရတာပါ။
No comments:
Post a Comment