နိရဉ္စရာ၊ မေလ ၆/၂၀၁၉
(သတင်း/အင်တာဗျူး)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စေတီယင်္ဃန ဆရာတော်ကြီး အပါအဝင် စည်းကမ်းထိန်းသိမ်းရေး ရဟန်း တော်အဖွဲ့ (စစ်တွေ) မှ ဆရာတော်ကြီး ၇ ပါးသည် ဝင်ထွက်သွားလာခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားသော ကျောက်တန်းကျေးရွာသို့ မေလ ၅ ရက်နေ့က သွားရောက်ခွင့်ရခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် လိုက်ပါခဲ့သည် စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်အဖွဲ့ (စစ်တွေ)မှ နာယက အောင် မြေကုန်းဆရာတော်အား ကျောက်တန်းကျေးရွာသို့ သွားရောက်ရသည့် ရည်ရွယ်ချက်ကို စတင် လျှောက် ထား မေး မြန်းရာ ဆရာတော်က ယခုလို မိန့်ကြားသည်။
“ရည်ရွယ်ချက်ကတော့ ဘုန်းတော်ကြီးတော့ ကြားသတင်းအရ ဟို ပြည်သူတွေကို စာသင်ကျောင်းမှာ လှောင်ပိတ်ပြီးတော့ ဖမ်းဆီးထားတယ်။ အဲဒါ တစ်ရက်မက နှစ်ရက်မက အဲသလို ဖြစ်နေတော့ ဘုန်းကြီးတို့ စစ်တွေက ဆရာ တော်ကြီးတွေ၊ ပြည်သူတွေလည်း စိတ်မချမ်းသာဘူးပေါ့။ အဲဒါနဲ့ မြေပြင် ပကတိ အခြေအ နေဘယ်လိုရှိတယ်ဆိုတာကို သိချင်တဲ့ အတွက် သွားရောက်တာ ဖြစ်ပါတယ်။”
ကျောက်တန်းကျေးရွာသို့ သာမန်ပြည်သူများကိုထား လွှတ်တော်ကိုယ်စားလှယ်များကိုပင် ရွာထဲသို့ ဝင်ခွင့် မပေးဘဲ တားမြစ်ထားသဖြင့် ဆရာတော်တို့ သွားရောက်စဉ် စစ်တပ်က တားဆီးမှုတွေ မရှိဘူးလားဟု ဆက်လက် လျှောက်ထားရာဆရာတော်က “ ဘုန်းကြီးတော့ သွားတာကတော့ ဒီက ပြည်နယ် နယ်လုံဝန်ကြီးကို ခွင့်တောင်း၊ အဆက် အသွယ် လုပ်ပြီး သွားကြတာပါ” ဟု ပြောကြားသည်။
မြေပြင်အခြေအနေမှာ ဘာတွေ တွေ့ခဲ့ပါသလဲအရှင်ဘုရားဟု ဆက်လက်လျှောက်ထားရာ ဆရာတော်က “ ဘုန်းကြီးတို့တွေ့တာက အဲဒီမှာ ဗျူဟာမှူးရှိတယ်။ တပ်ရင်းမှူးတစ်ယောက်ရှိတယ်။
နောက်စစ်သားတွေလည်း ရှိတယ်။ ဘုန်းကြီးတို့ သွားတဲ့ အချိန်မှာ ဖမ်းဆီးခံထားရတဲ့သူတွေက ထမင်းစား နေ ကြတယ်။ စုစုပေါင်း ၁၃၁ ယောက်ရှိတယ်။ စာသင်ကျောင်းမှာပါဘဲ” ဟု ပြောဆိုသည်။
စစ်တပ်က ဘာကြောင့် ဖမ်းထားတယ်ဆိုတာကို ပြောတာရှိပါသလားဟု ဆက်လက် လျှောက်ထားမေးမြန်း ရာ
ဆရာတော်က “ သူတို့ကတော့ သတင်းအရ စစ်ဆေးဖို့ ခေါ်ထားတာတဲ့။ တပည့်တော်တို့က ဖမ်းတာ လည်းမဟုတ် ဘူးတဲ့။ သူတို့က ရွာဆော်ကို စပီကာနဲ့ ကြေညာခိုင်းတယ်။ အကုန်လုံး လာရမယ်လို့ ခေါ် လိုက်တာပါတဲ့။”
အဲဒီ ကျောက်တန်းမှာ လူ ၆ ဦးသေဆုံးခဲ့ရတယ်။ ၈ ဦး ဒဏ်ရာရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွာသားတွေ ကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါသလားဟု ဆက်မေးရာ
ဆရာတော်က “ အဲဒါကို ကျတောဘုန်းကြီးတို့နဲ့ သူတို့ နဲ့ သီးသီးသန့်သန့်တွေ့ခွင့်မရခဲ့ဘူး။ မရခဲ့ဘူး ဆိုတာက အချိန်နဲ့ ဆိုင်တယ်လေ။ ဘုန်းကြီးတို့ မနက် ၁၀ နာရီလောက်မှ အဲဒီကို ရောက်တာကို။ အဲဒါနဲ့ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘုန်းကြီတော့ မမေးခဲ့ရဘူး။ ဘုန်းကြီးတို့ကတော့ ပီးခဲ့တဲ့ ကိစ္စကိုတော့ မမေးတော့ဘူး။ လက်ရှိ အခြေအနေမှာ သူတိုကို ကျန်းမားရေး စောင့်ရှောက်မူရှိလား။ နေရထိုင်ရတာ ဘယ်လိုလဲ။ အဲဒီမေးခွန်းတွေတော့ မေးခဲ့ပါတယ်” ဟု ပြောဆိုသည်။
ဆရာတော်တို့က စစ်တပ်က တာဝန်ရှိတဲ့ ဗျူဟာမှူးကို မေတ္တာရပ်ခံခဲ့တာတွေလည်း ရှိတယ်လို့ ကြားသိရ ပါ တယ်။ ဘယ်လို အကြောင်းအရာတွေပေါ်မှာ မေတ္တာရပ်ခံခဲ့တာပါလဲဟု မေးမြန်းရာ
ဆရာတော်က “ အဲဒါကတော့ ဦးဇင်းတို့မှာ ရသေ့တောင်က စေတီယင်္ဃနကျောင်း ဆရာတော်ကြီး ပါတယ် လေ။ ဆရာတော်ကြီးက စမေတ္တာရပ်ခံတာပေါ့။ အပြစ်မရှိတဲ့ လူတွေကို မြန်မြန်ဆန်ဆန် လွတ်ပေးဖို့။ ကျန်း မားရေး စောင့်ရှောက်ပေးဖို့၊ အကုန်လုံး ဆရာတော်တွေရော၊ ပြည်သူတွေရော စိတ်မချမ်းသာ ဖြစ်နေကြ တယ်ဆိုတဲ့ အကြောင်း ပြောပြီးတော့ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ ဗျူဟာမှူးကို မေတ္တာရပ်ခံခဲ့ပါတယ်။”
အဲဒီမှာဖမ်းဆီးခံထားရတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့ အခါ ညှဉ်းပမ်းနှိပ်စက်မှုတွေ ရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ် အရှင်ဘုရား။ ဒါတွေကိုရော ပြောဆိုခဲ့တာရှိပါသလား အရှင်ဘုရားဟု လျှောက်ထားရာ
ဆရာတော်က “ ရှိပါတယ်။ ဦးဇင်းတို့လည်းပြောခဲ့ပါတယ်။ ဦးဇင်းလည်း ပြောခဲ့တယ်။ မြန်မာ့ တပ်မတော် ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်ဆိုတာ ဦးဇင်းတို့လည်း သိထားတယ်။ အဲသလို ပြည်သူတွေကို နှိပ်စက်တယ်ဆိုရင် တပ်မတော်အနေနဲ့ မကောင်းဘူးပေါ့။ အဲဒါကို ဆင်ဆင်ခြင်ခြင် လုပ်ပေးဖို့တော့ ဦးဇင်းတို့က တောင်းဆိုမေတ္တာရပ်ခံ ခဲ့ပါတယ်” ဟု ဆိုသည်။
ဗျူဟာမှူးကကော ဘာတွေ ပြန်ပြောပါသလဲဟု မေးမြန်းလျှောက်ထားရာဆရာတော်က “ တပည့်တော်တို့က အဲသလိုတော့ မဟုတ်ပါဘူးတဲ့။ စစ်ဆေးတာကိုတော့ စစ်တာပါဘဲတဲ့ အဲသလို ပြောတယ်။ ဒီ နှစ်ရက် အတွင်းလောက်မှာတော့ အကုန်လုံး ပြီးပြတ်အောင် လုပ်ပေးမယ်ဆိုပြီး သူ တို့က အဲသလို လျှောက်ထားလိုက်တယ်” ဟု ပြောဆိုသည်။
(ပြီး)
(ဓာတ်ပုံ- ဘက္ကာပို့စ်)
No comments:
Post a Comment