နိရဉ္စရာ
နိရဉ္စရာ၊ မေ ၉/ ၂၀၁၉
ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပုဏ္ဍားကျွန်းမြို့နယ် အစပ် ဒေးဝန်းရွာအနီးရှိ ရထားလမ်း တံတား အနီး တွင် မိုင်းပေါက်ကွဲပြီး ပစ်ခတ်သံများထွက်ပေါ်လာသဖြင့် ဒေးဝန်းရွာသားများ ကြောက်လှန့်ပြီး အနီးအနား ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။
“မိုင်းပေါက်တာက ကျွန်တော်တို့ရွာအနီးက ရထားလမ်း တံတားအနီးမှာ ပေါက်တာပါ။ ရထားလမ်း တံတား ဆင်းလမ်း မှာ ပေါက်ပါတယ်။ မီးခိုးလုံးတွေ မြင်ရပါတယ်။ ညနေ ၄ နာရီကျော် ၅ နာရီ နီးပါးလောက်မှာ ပေါက်တာပါ။ အဲဒီနောက် ပစ်ခတ်သံတွေ ထွက်ပေါ်လာတဲ့ အတွက် ကြောက်လန့်ပြီး နီးစပ်ရွာတွေကို ထွက်ပြေးသွားကြပါတယ်။ ရွာသားတစ်ယောက်မှ မရှိတော့ဘူး” ဟု ဒေဝန်းရွာက လူကြီး တစ်ဦးက ပြော သည်။
ဒေဝန်းရွာသား ၂၀၀ ကျော်သည် သေနတ်သံများကြောင့် ကြောက်လန့်ပြီး အနီးအနားရှိ ငပြောက်စွယ်၊ မြတ်လှဲ၊ ဂဏန်းတောင်ကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု သူက ပြောဆိုသည်။
“ လက်နက်ကြီးကျည်ရော၊ လက်နက်ငယ်ကျည်ရော ရွာထဲမှာ မကျပါ။ အနားက တောင်တန်းတွေမှာတော့ ကျပါတယ်။ ပစ်ခတ်တာကတော့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ တိတိကျကျ မသိဘူး။ အသံအကျယ်ကြီး တစ်ခု ကြားရပြီးနောက် သေနတ်ပစ်သံတွေကို ကြားရပါတယ်။ စစ်တပ်ကို အေအေကနေ မိုင်းခွဲတိုက်ခိုက်တယ်လို့ ကြားရပါတယ်” ဟု ပြောကြားသည်။
ဒေဝန်းရွာသည် အိမ်ခြေ ၃၀ ခန့်သာရှိပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း သိရသည်။
မေလ ၈ ရက်နေ့ ညနေကလည်း ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီးတွင် မိုင်းခွဲ တိုက်ခိုက်မှု တစ် ခု ဖြစ်ပွားခဲ့သလို မေလ ၇ ရက် နံနက် အစောကြီးကလည်း ကျောက်တော်မြို့အထွက် တောင်ပေါက် ရွာနှင့် ပိုက်သည်ကျေးရွာအကြားတွင် တပ်မတော် စစ်ကြောင်း တစ်ခု မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရသည်။
၎င်းတိုက်ခိုက်မှုကို ရက္ခိုင့်တပ်တော် (AA) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA ရဲ့ ပြောခွင့်ရသူခိုင်သုခမှ ယနေ့ ညနေက ဆက်သွယ်မေးမြန်းစဉ် အတည်ပြု ပြောကြားသည်။
No comments:
Post a Comment