Friday, April 12, 2019

ရဲဝန်ထမ်းမိသားစု ၇ ဦး မြောက်ဦးဆေးရုံသို့ကောင်း မွန်စွာရောက်ရှိလာကြောင်း ဆရာဝန်ကြီးအတည်ပြု

နိရဉ္စရာ
 နိရဉ္စရာ၊ ဧပြီ ၁၂/ ၂၀၁၉ 


ရက္ခိုင့်တပ်တော် (AA) မှ ခေါ်ဆောင်သွားခဲ့သည့် ရဲဝန်ထမ်းများ၏ ဇနီးများနှင့် သားသမီး ၇ ဦးတို့သည် ယမန်နေ့ ညဉ့်က မြောက်ဦးဆေးရုံသို့ ရောက်ရှိလာခဲ့သည်မှာ ဟုတ်မှန်ကြောင်း မြောက်ဦးခရိုင် ဆရာ ဝန်ကြီးက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်ခင်ဗျား။ သူတို့ရောက်ရှိလာတာမှန်ကန်ပါတယ်။ သူတို့ဟာ သူတို့ လမ်းလျှောက်ပြီး ဆေးရုံ ထဲကို ဝင်လာကြတာပါ။ အပြင်မှာ ဘယ်သူတွေလာပို့တယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ မနေ့ က ညဉ့် ၁၀ နာရီ ၄၀ မိနစ်ခန့်လောက်မှာ ဆေးရုံထဲ ရောက်လာကြတာ ဖြစ်ပါတယ်။ သူတို့ကို သက်ဆိုင် ရာက မနေ့ ညဉ့်ကတည်းက ခေါ်ယူသွားပါတယ်” ဟု ပြောကြားသည်။

၎င်းတို့ ၇ ဦးမှာ ဒုရဲအုပ် သဲဇော်အောင်၏ ဇနီး ဒေါ်စံပယ်လှိုင်( ၂၆)နှစ်နှင့် သမီးဖြစ်သူ မလရိပ်ချို(၃) နှစ်၊ ဒုရဲအုပ် အောင်ကိုကိုမြင့်၏ မိခင် ဒေါ်အေးအေး (၅၆) နှစ်၊ ဒုရဲအုပ် အောင်ကိုကိုမြင့်၏ ဇနီး ဒေါ်ဇင်စန္ဒာစိုး (၂၉) နှစ်နှင့် သမီးဖြစ်သူ မနှင်းဟေမာန်ကို(၆)နှစ်၊ သားဖြစ်သူ မောင်အောင်မြင့်မြတ် (၁) နှစ်၊ ရဲတပ်သား စည်သူစိုး၏ ဇနီး ဒေါ်တင်လေးနွယ် (၁၉) နှစ်တို့ ဖြစ်ကြသည်။

သူတို့သည် အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်အား ဧပြီလ ၉ ရက် ညဉ့် ၁၀ နာရီကျော်က AA အဖွဲ့မှ တိုက်ခိုက်စဉ် ခေါ်ဆောင်ခံခဲ့ကြသူများ ဖြစ်ကြသည်။

အစိုးရဘက်မှ မသက်ဆိုင်သူ ရဲဝန်ထမ်းများ၏ မိသားစုများကို AA မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ပြော ကြားထားပြီး ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ၎င်းရဲဝန်ထမ်း မိသားစုများ အား AA မှ ဖမ်း ဆီး ခေါ်ဆောင်ခြင်း မဟုတ်ဘဲ တိုက်ပွဲကြားတွင် နှစ်ဘက်ညှပ်ပြီး အန္တရာယ် ရှိနိုင်သဖြင့် ကယ် ထုတ်သွားခြင်းသာ ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။

( အပေါ်ပုံ- အစိုးရထုတ်ပြန်သည့်ရဲဝန်ထမ်းများ၏ မိသားစု ၇ ဦးပုံ/ အောက်ပုံ- AA မှ ထုတ်ပြန်သည့် ၎င်းရဲ မိသားစုဓာတ်ပုံ)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */