" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 26, 2019

ဘူးသီးတောင် ဖုံညိုလိပ် ရွာအနီး လက်နက်ကြီး ကျည် ကျ လူ ၂၀၀ ကျော် ထွက်ပြေးရ

ဧရာဝတီ
By နန်းလွင်နှင်းပွင့်
26 March 2019

                                 တိုက်ပွဲ ဖြစ်ပွားသည့် ဖုံညိုလိပ်ရွာ / ဖုံညိုလိပ် ဒေသခံတဦး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ် ရွာအနီး လက်နက်ကြီးကျည်များ ကျကာ အမျိုးသမီးတဦး ကျည် ထိမှန်ကာ ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သတင်းရရှိသည်။

ကျည်ထိသည့် အမျိုးသမီးမှာ ဖုံညိုလိပ်ရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းမှ ကျန်းမာရေး ဝန်ထမ်း တ ဦး၏ အမျိုးသမီး ဒေါ်နွယ်ဦးခင် ဖြစ်ပြီး၊ ယမန်နေ့ ည ၇နာရီဝန်းကျင်က လက်နက်ကြီး ကျည်များ ကျပြီး ထိ ခိုက်သွား ခြင်း ဖြစ်သည်။

ဖုံညိုလိပ်ရွာမှ ဒေသခံတဦးက ” မနေ့က ညနေ ၆နာရီထိုးကတည်းက လက်နက်ကြီးတွေ ပစ်နေတာ။ ပထမ ဆုံး ပစ်တော့ ရွာနဲ့ ၃ဖာလုံလောက် အကွာက တောင်ခြေဘက် လမ်းဘေးတွေ ကျတယ်။ ၇နာရီ ထိုးခါနီး တော့ ဘုန်းကြီးကျောင်း ရှေ့က ရွာရဲ့ ကျေးလက် ကျန်းမာရေး ဆေးပေးခန်း နားကျတယ်။ ကျန်းမာရေးမှူးရဲ့ အမျိုး သမီးက ဘယ်ဘက် ခြေဖဝါးမှ ထိတယ်။ ကျန်းမာရေးဌာနက မှန်တွေဘာ တွေ ကွဲသွားတယ်”ဟု ပြော သည်။

ဖုံညိုလိပ်ရွာ ဒေသခံများက ၎င်းတို့ နေထိုင်သည့်နေရာတွင် မလုံခြုံပါသဖြင့် အမည်ကို မသုံးရန်လည်း ဧရာ ဝတီကို ပြောသည်။

ဖုံညိုလိပ်ကျေးရွာတွင် ရခိုင်လူမျိုးများ နေသည့် အခြမ်းနှင့် မွတ်ဆလင်ဘာသာဝင်များ နေထိုင်သည့် အခြမ်း ၂ခြမ်းရှိပြီး ရခိုင်လူမျိုးများနေသည့် ဖုံညိုလိပ်ရွာ အခြမ်းတွင် အိမ်ခြေ ၃၀၊ လူဦးရေ ၁၈၀ ကျော်ရှိသည်။

လက်နက်ကြီးကျည်ကျသည့်ဘက်ခြမ်းမှာ ရခိုင်လူမျိုးများ နေသည့် ဘက်ခြမ်းတွင် ဖြစ်သည်ဟု ဒေသခံများ ထံမှ သိရသည်။

ဒေသခံတဦးက “ရွာသားတချို့ကတော့ ဘူးသီးတောင်မြို့ကို ထွက်သွားကြပြီ။ ကျနော်တို့ကတော့ ရွာမှာပဲ နေတယ်။ ဒါပေမယ့်ကိုယ့်အိမ်မှာ ကိုယ်မဟုတ်ဘူး။ တခြားလုံခြုံတဲ့ နေရာကိုသွားပြီး စုနေနေတယ်”ဟု ပြောသည်။

လက်နက်ကြီး ကျည်ကျ ပေါက်ကွဲသဖြင့် ကျေးလက် ကျန်းမာရေး ဆေးပေးခန်း၏ မှန်တံခါးများ ကွဲသွားပြီး အနီး ရှိ ဘုန်းကြီးကျောင်းကိုလည်း ထိခိုက်မှု ရှိသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတဦးက “တိုက်ပွဲ ဖြစ်သလိုမျိုး မဟုတ်ဘူး ရွာရဲ့ အနောက်ဘက် တမိုင်ကျော်မှာ ၅၅၁ ဆိုတဲ့ တပ်ရင်း ရှိတယ်။ ဒီဇင်ဘာလ ဒုတိယပတ် တိုက်ပွဲဖြစ်ကတည်းက အဲ့ဒီတပ်ရင်းက တောင်ပေါ်မှာ အမြောက်တပ် ထားတာ။ အဲ့ဒီကပဲ ပစ်တာ။ မနေ့က တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ဒီတိုင်း ပစ်နေတာ ၉နာရီထိုးမှ ရပ်သွား တာ” ဟု လည်း ပြောသည်။

ဒေသခံများအနေဖြင့် ဖုံညိုလိပ်ရွာ ရခိုင်လူမျိုးများ နေထိုင်ရာ ဘက်ခြမ်းမှ အုပ်ချုပ်ရေးမှူးနှင့် ဘူးသီး တောင် မြို့နယ်၊ လွှတ်တော် အမတ်များကို ဆက်သွယ်ပြီး အကူအညီတောင်းထားသည်လည်း ပြော သည်။

ဧရာဝတီမှ ဖုံညိုလိပ်ရွာ အုပ်ချုပ်ရေးမှူး၊ ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ဖုန်းဖြင့်ဆက် သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

မွတ်ဆလင်ဘာသာဝင်များ နေထိုင်သည့် ဖုံညိုလိပ်ရွာဘက်ခြမ်းတွင် အိမ်ခြေ ၁၁၀၀ ကျော်၊ လူဦးရေ ၈၆၅၀ ကျော် ရှိသည်ဟု အုပ်ချုပ်ရေးမှူး ဦးရိုဖွီးလ်က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ၂၀၀ ကျော်မှာ စံဖူးတောင်ကျေးရွာမှ မွတ်ဆလင်ဒေသခံများ ဖြစ်ပြီး ၎င်းတို့ရွာအနီးတွင် လက်နက်ကြီးကျည်များ ကျသဖြင့် ဖုံညိုလိပ်ရွာရှိ မွတ်ဆလင်အုပ်ချုပ်ရေး မှူးထံ လာ ရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။

လက်နက်ကြီး ကျည်ရောက်သည်ကို တွေ့ရစဉ်( ဖုံညိုလိပ် ဒေသခံတဦး)
 
အုပ်ချုပ်ရေးမှူး ဦးရိုဖွီးလ်က “ကျနော်တို့ဘက်က အခုတော့ အေးဆေးပါ။ ညကတော့ စံကူးတောင် အုပ်စုက ကျနော်တို့ရွာကို မွတ်ဆလင် ဒုက္ခသည် ၂၀၀ ကျော်လောက် ရောက်နေပါပြီ။ လုံခြုံရေးက ဘာမှ မရှိဘူး။ အခု တော့ အေးဆေး နေပါတယ်”ဟု ပြောသည်။

ရွာပတ်ဝန်းကျင်တွင် စစ်ရေးအခြေအနေ မကောင်းသဖြင့် ဒေသခံများ တောတောင် အတွင်း မသွား လာရန် အာ ဏာပိုင်များဘက်မှ သတိပေးစကား ပြောဆိုမှုများ ရှိသည်ဟုလည်း ဦးရိုဖွီးလ်က ဆိုသည်။

ဆက်လက်၍ ၎င်းက ” ရွာမှာ အလုပ်လည်း မလုပ်ရဘူး။ ကျနော်တို့ ပြည်သူပြည်သားက ဒုက္ခရောက် နေပါ တယ်။ ဒုက္ခသည် ၂၀၀ ကျော်ကိုလည်း ဒီမှာပဲ နေရာပေးထားပါတယ်။ ကျနော်တို့ရွာသားတွေပဲ ကျွေးမွေး ထား ပါတယ်”ဟု ပြောသည်။

ဖုံညိုလိပ် ကျေးရွာတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဧရာဝတီမှ အနောက် ပိုင်း တိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

AA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကို မေးမြန်းရာ ၎င်းက မတ် ၂၅ ရက်တွင် ဖုံညိုလိပ်ကျေး ရွာ အနီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဟု ပြောသည်။

ခိုင်သုခက “စကခ ၁၅ လက်အောက်ခံ ခမရ ၅၅၁၊ ဘူးသီးတောင်က တပ်ရင်းက ညနေ ၅နာရီ ၅၈ မိနစ် က နေ ည ၇နာရီ ၃၆ မိနစ်ထိ ၁၂၀ မမ ဒါမှမဟုတ် ၁၀၅ မမ လို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ၁၃ ကြိမ် ပစ်ခတ် တိုက် ခိုက်တာရှိတယ်။ အဲ့ဒါ ရမ်းသမ်း ပစ်တာ။ ၂ကြိမ်က ဖုံညိုလိပ်ရွာမှာ ကျရောက် ပေါက်ကွဲတာ။ ရွာရဲ့ ကျန်းမာ ရေး ဆေးပေးခန်း နားမှာ ကျတာ”ဟု ပြောသည်။

ဖုံညိုလိပ်ကျေးရွာသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့၏ ပစ်ခတ်မှုများကြားတွင် တိုက်ပွဲဒဏ် ခံခဲ့ရသည့် ရွာတရွာ ဖြစ်သည်။
ပျက်စီးသွားသည့် ကျန်းမာရေး ဆေးပေးခန်း( ဖုံညိုလိပ် ဒေသခံတဦး)

မတ် ၂၁ ရက် ညပိုင်းကလည်း ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာတွင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီး အရပ် သား ၅ဦး ကျည်ထိမှန်ကာ သေဆုံးထားသည်။

စည်တောင်ကျေးရွာသို့ ကွင်းဆင်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရွာ အတွင်း တိုက်ပွဲ မဖြစ်ဘဲ တပ်မတော်ဘက်က ရွာကို ဝိုင်းကာ ပစ်ခတ်သဖြင့် အရပ်သားများ သေဆုံးခဲ့ပြီး ပစ်ခတ်နေ သည်ကိုလည်း မျက်မြင်တွေ့ခဲ့ရသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စည်တောင်ကျေးရွာအတွင်း တပ်မ တော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားသဖြင့် အရပ်သားများ ထိခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ မှ ယနေ့ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည် နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်၊ ပလက်ဝမြို့နယ်တို့တွင် အရပ်သား တသောင်း ကျော် နေရပ် စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေပြီး၊ အစိုးရ၊ တပ်မတော်နှင့် AAတို့သည် အပစ် အခတ် ရပ်စဲရေး စာချုပ် တခုချုပ် ဆိုနိုင်ရန် ညှိနှိုင်းနေသော်လည်း ပြေလည်ခြင်း မရှိသေးပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */