" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 8, 2019

ပြန်ပေးဆွဲခံ ခရစ်ယာန်သင်းအုပ်ဆရာ ရခိုင်ပြည် နယ်မှာ အသတ်ခံရ

VOA
ဗွီအိုမေမြန်မာပိုင်း
၀၇ ဖေဖော်ဝါရီ၊ ၂၀၁၉
ဇန်နဝါရီလ (၁၉)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် အသတ်ခံလိုက်ရတဲ့ GFA ခရစ်ယာန်သင်းအုပ်ဆရာ ထွန်းနု (Photo- Dr. KP Yohannan's Facebook)

ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့ရဲ့ ခရစ်ယာန် သင်းအုပ်ဆရာတဦးကို လက်နက်ကိုင်အုပ်စုတစုက ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် Gospel For Asia ခရစ်ယာန် အသင်း တော်က အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

GFA သင်းအုပ်ဆရာ ထွန်းနု အသတ်ခံလိုက်ရပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့က သိခဲ့ရပေမယ့် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေဘက်က ထုတ်ဖေါ်ကြေညာခြင်း မရှိသလို၊ အစိုးရဘက်ကလည်း အခုချိန်ထိ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် (၄၁)နှစ်အရွယ် သင်းအုပ်ဆရာ ထွန်းနုကို ဇန်နဝါရီလ (၁၉) ရက်နေ့က သူ့နေအိမ်မှာရှိနေစဉ် လက်နက်ကိုင်လူ တစုလာရောက်ပြီး အတင်းအကျပ် ဖမ်းဆီးခေါ် ဆာင် သွားခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ သူအသတ်ခံလိုက်ရပြီဖြစ်ကြောင်း သိခဲ့ရတယ်လို့ Gospel For Asia ခရစ်ယာန်အသင်းတော်ရဲ့ ဖေဖေါ်ဝါရီလ (၅) ရက်နေ့ထုတ်က ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အုပ်စုတစုဟာ သင်းအုပ်ဆရာထွန်းနုအပါအဝင် အခြားဖမ်းဆီးခေါ် ဆောင် သွားခဲ့သူ အများအပြားကိုလည်း သတ်ဖြတ်ခဲ့ကြောင်း အဲဒီကြေညာချက်မှာ ရေးထားပါတယ်။ သူ့ကို အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ အိန္ဒိယအခြေစိုက် Gospel For Asia ခရစ်ယာန်အသင်းတော်တည်ထောင်သူလည်းဖြစ်၊ အကြီးအကဲလည်းဖြစ်တဲ့ဒေါက်တာ KP Yohannan ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ Youtube အင်တာနက်ဗွီဒီယိုမှာ အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံထားရတဲ့ ကျနော်တို့ရဲ့ သင်းအုပ်ဆရာအကြီးအကဲ တဦးနဲ့ပတ်သက်လို့ ကျနော် အ ချိန်အနည်းငယ်ပေး ပြောကြားလိုပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ ဘုရားသခင်အတွက် အမှုထမ်းခဲ့တာ ဟာ အ နှစ် (၂၀)ကြာ ရှိခဲ့ပါပြီ။ လူပေါင်း ရာနဲ့ချီ ခရစ်ယာန် ဘာသာကူးပြောင်းအောင် လုပ်နိုင်ခဲ့သူ တဦးဖြစ် သလို၊ ခရစ်ယာန်ရှစ်ခိုးကျောင်းတွေ အများအပြားကိုလည်း တည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဇန်နဝါရီလ (၁၉) ရက်နေ့မှာတော့ သူရဲ့အိမ်ကို လက်နက်ကိုင် လူတစုရောက်လာပြီး သင်းအုပ်ဆရာကို သေနတ်နဲ့ ထောက် ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ကို ဘာကြောင့် အခုလို လာရောက်ဖမ်းဆီးခဲ့သလဲဆိုတာကို ကျနော်တို့ လုံးဝမသိရပါဘူး။"

သူ့ကို ဘယ်ကို ခေါ်ဆောင်ပြီး ဖမ်းဆီးထားသလဲဆိုတာ မသိရပေမယ့် သူ့ကိုဘယ်သူတွေ ဖမ်းသွားသလဲ ဆိုတာ တော့ သိရပြီးဖြစ်ကြောင်း Youtube အင်တာနက်ဗွီဒီယိုထဲမှာဒေါက်တာ KP Yohannan ကအခုလိုပြောပါတယ်။

"အစိုးရကို တော်လှန်ပုန်ကန်နေတဲ့ လက်နက်ကိုင်အုပ်စုက လုပ်တယ်ဆိုတာ ကျနော်တို့ သိခဲ့ရပြီ။ လူကို ပြန်ပေးဆွဲတဲ့သဘော ဖမ်းဆီးတာမျိုးမဟုတ်သလို ငွေညှစ်တောင်းခံတာမျိုးလည်း မရှိပါဘူး။ သူ့ကို ဘာ ကြောင့် ဖမ်းဆီးသွားသလဲဆိုတာကိုတော့ ကျနော်တို့ သိအောင်ကြိုးစားနေပါတယ်။”

သင်းအုပ်ဆရာ ထွန်းနု ပျောက်ဆုံးခဲ့တဲ့ နှစ်ပတ်ကြာကာလအတွင်း အစိုးရ၊ စစ်တပ်၊ ရဲတပ်ဖွဲ့တွေက ဝိုင်း ဝန်းကူညီရှာဖွေခဲ့ကြောင်းလည်း ဒေါက်တာ KP Yohannan ကပြောသွားပါတယ်။

"စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အစိုးရအပါအဝင် လူတိုင်းကလည်း ကျနော်တို့ကို ကူညီကြပါတယ်။ ပြန်ပေးဆွဲ ဖမ်းခံရတဲ့ နေရာဟာ မြန်မာနိုင်ငံက GFA ခရစ်ယာန် အသင်းတော် ကျောင်းတွေထဲမှာ ဒုတိယအကြီး ဆုံးဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ GFA အသင်းဝင် ဝတ်ပြုဆုတောင်းသူပေါင်း ၅၀၀ ရှိပြီး အများစုဟာ ဆင်းရဲပြီး အကူ အညီလိုအပ်နေသူတွေဖြစ်ပါတယ်။"

အခုလို သင်းအုပ်ဆရာ ထွန်းနု ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုဟာ မြန်မာနိုင်ငံမှာရှိတဲ့ GFA ခရစ်ယာန် အသင်း တော်အတွက် ပထမဆုံး ရင်ဆိုင်ရတဲ့ စိတ်မကောင်းစရာဖြစ်ရပ်တခုပဲလို့ ဒေါက်တာ KP Yohannan က ပြောပါတယ်။ အသတ်ခံရတဲ့ သင်းအုပ်ဆရာ ထွန်းနုမှာ ဇနီးနဲ့ ကလေးသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။ သင်းအုပ်ဆရာထွန်းနု တာဝန်ယူထားတဲ့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းသူပေါင်း (၅၀)လောက်ရှိပါတယ်။

 သူ့ကို သတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင်အုပ်စုဆိုတဲ့ နာမည်ကို GFA သတင်းထုတ်ပြန်ချက်မှာ အတိအကျ ဖေါ်ပြထားခြင်းမရှိပါဘူး။ အလားတူ ရခိုင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း သင်းအုပ်ဆရာ ထွန်းနု အပါအဝင် အခြား သတ်ဖြတ်ခံရသူတွေနဲ့ ပတ်သက်လို့ သူတို့မှာ တာဝန်ရှိကြောင်း ထုတ်ဖေါ်ပြော ဆိုခြင်း မရှိသလို မြန်မာအစိုးရဘက်ကလည်း GFA ခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာ အကြီး အ ကဲတဦးအပါအဝင် အခြားသူတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင် အုပ်စု တစုနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */