Sunday, November 19, 2017

ရိုဟင်ဂျာပြဿနာ နိုင်ငံတကာဝင်မပါဖို့ တရုတ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ နိုဝင်ဘာ၊ ၂၀၁၇
မနီလာမြို့တွင်ကျင်းပသည့် ARF အစည်းအဝေးတွင် တွေ့ရသည့် တရုတ်ဝန်ကြီးချုပ် Wang Yi။ သြဂုတ် ၈၊ ၂၀၁၇။

ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာက ပါဝင်ဆောင်ရွက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေနဲ့ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က စနေနေ့မှာ တိုက် တွန်းလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာမှာပါဝင်ပြီး အခြေအနေကို ရှုပ်ထွေးအောင် မလုပ်သင့်သလို ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေရမယ်လို့ Dhaka က တရုတ်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဝန်ကြီး Wang ဟာ ASEM အာဆီယံ-ဥရောပ ထိပ်သီးအစည်းဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံကိုမသွားခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာခရီး လာရောက်တာဖြစ်ပါတယ်။ တရုတ်အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန်တိုင်ပင်ဆွေးနွေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမှုကို ပံ့ပိုးပေးမှာဖြစ်ကြောင်း ပြောပါတယ်။

သြဂုတ်လကုန်ပိုင်း ARSA အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ နောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ဒုက္ခသည်က ၆၀၀,၀၀၀ ကျော် ရှိနေတာပါ။ ဒီပြဿနာရဲ့ အနေအထားဟာ သိပ်ကို ရှုပ်ထွေးတာမို့ ပြည့်စုံတဲ့အဖြေရဖို့ လိုအပ်သလို ရခိုင် ပြည်နယ်ဟာလည်း စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ဖို့လိုနေတာမို့ တရုတ်ကကူညီဖို့ အသင့်ရှိနေကြောင်းလဲ ဝန်ကြီး Wang ကပြောပါတယ်။

စနေနေ့အစောပိုင်းမှာ ဝန်ကြီး Wang ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့ တွေ့ဆုံပြီး ဒီပြဿနာ ဖြေရှင်ရေးမှာ တရုတ်က ကူညီမှာဖြစ်ကြောင်း ပြောခဲ့သလို ဝန်ကြီးချုပ် Hasina ကလည်း မြန်မာဘက်က ဒုက္ခ သည်တွေကို ပြန်လည်ခေါ်ယူဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေလုပ်ဖို့ သူ့မြေကို ဘင်္ဂလားဒေ့ရှ်က ဘယ်တော့မှ သုံးခွင့်ပေးမှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ကိုယ်ရေးအရာရှိ Ihsanul Karim ပြောကြားချက်ကို ရိုက်တားစ်သတင်းမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali ကတော့ ဒီဒုက္ခသည်ပြဿနာဟာ နိုင်ငံ အတွက် သိပ်ကြီးမားတဲ့ဝန် ဖြစ်နေတာမို့ မြန်မာနဲ့ နှစ်နိုင်ငံချင်းရော နိုင်ငံတကာနဲ့ပါ ဖြေရှင်းဖို့ ကြိုးစားနေ ကြောင်း တရုတ်ဝန်ကြီး Wang ကိုပြောခဲ့တာပါ။

အမေရိကန်အောက်လွှတ်တော်အမတ်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ဒုက္ခသည်ပြဿနာကို လေ့လာဖို့ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေသလို ဒီသီတင်းပတ်အတွင်းမှာပဲ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Margot Wallstrom၊ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒအကြီးအကဲ Federica Mogherini၊ ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး Sigmar Gabriel နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kona တို့လဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */