Sunday, November 9, 2025

နတ်မြစ်၏ နှစ်ဖက်မျက်နှာစာ

DMG
09 Nov 2025 

လပြည်ဦး - ရေးသည် 

နေ့စဉ်နဲ့အမျှ ရွှေရောင်နေရောင်ခြည်က လင်းလက်တောက်ပနေတတ်ပေမဲ့ အဲ့ဒီရဲ့ နောက်ကွယ်မှာတော့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တင်းမာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေက နယ်စပ်နေပြည်သူတွေရဲ့ ဘဝကို ဖိစီးထားပါတယ်။

လှပရှည်လျားတဲ့ နတ်မြစ်ဟာ အာရက္ခဒေသ၊ မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ (ကယုချောင်း) မြို့တို့ကို ပိုင်းခြားထားပါတယ်။ နေ့စဉ်နဲ့အမျှ ရွှေရောင်နေရောင်ခြည်က လင်းလက်တောက်ပနေတတ်ပေမဲ့ အဲ့ဒီရဲ့ နောက်ကွယ်မှာတော့ လုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တင်းမာမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေက နယ်စပ်နေပြည်သူတွေရဲ့ ဘဝကို ဖိစီးထားပါတယ်။ ဒီဆောင်းပါးမှာ လှပတဲ့နတ်မြစ်ရဲ့ ပုံရိပ်အောက်က ခါးသီးတဲ့ အဖြစ်မှန်တွေကို လေးနက်စွာ ဖော်ပြသွားမှာဖြစ်ပါတယ်။


ရေပိုင်နက်အငြင်းပွားမှုနှင့် တင်းမာလာသော ဆက်ဆံရေး

နတ်မြစ်ဟာ ရက္ခိုင်နယ်မြေရဲ့ အနောက်ဘက်အစွန်ဆုံးနယ်စပ်ဖြစ်ပြီး နှစ်နိုင်ငံနယ်နိမိတ်ကို သတ်မှတ်ထားတဲ့ သဘာဝ နယ်နိမိတ်တစ်ခုလည်း ဖြစ်ပါတယ်။ မြစ်ရဲ့အလှအပဟာ မျက်စိပသာဒဖြစ်ပေမဲ့ ဒီမြစ်ဟာ ရေပိုင်နက် အငြင်းပွားမှုတွေရဲ့ အဓိက ဇစ်မြစ်တစ်ခုလည်း ဖြစ်နေပါတယ်။

မကြာသေးမီကာလတွေမှာ ရက္ခိုင်ရေပိုင်နက်အတွင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး ငါးခိုးဝင်ဖမ်းဆီးမှုတွေကြောင့် အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) တို့အကြား တင်းမာမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က လှေတွေဟာ နတ်မြစ်ရဲ့ ရက္ခိုင့်ရေပိုင်နက်ကို နေ့စဉ်နဲ့အမျှဖြတ်ကျော်ပြီး ငါးဖမ်းနေကြတယ်လို့ သိရပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ရေထွက်ပစ္စည်းတွေကို အခမဲ့ရယူလိုတဲ့ စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေဖြစ်ပြီး အချုပ်အခြာအာဏာကိုလည်း ထိပါးရာရောက်ပါတယ်။ ဒါကြောင့် အာရက္ခတပ်တော်က ဒီလိုလုပ်ရပ်တွေကို တုံ့ပြန်ဟန့်တားရာကနေ နှစ်ဖက်အဖွဲ့အစည်းတွေအကြား ဆက်ဆံရေး တင်းမာလာရတာပါ။

ဒီလိုအခြေအနေမျိုးဟာ ရေရှည်မှာ အိမ်နီးပါးချင်း ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အပြင် ဒေသတွင်း လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေပါတယ်။ ဒီပြဿနာဟာ ရေလုပ်သားတွေရဲ့ စီးပွားရေးကနေ စတင်ခဲ့ပေမဲ့ အခုတော့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေအဖြစ် ကူးပြောင်းလာနေပါပြီ။

နှစ်ဖက်ဒေသခံပြည်သူတွေကတော့ ဒီလိုအခြေအနေတွေကြောင့် စိုးရိမ်ပူပန်နေကြရပြီး အာဏာပိုင်တွေနဲ့ နှစ်နိုင်ငံ အစိုးရတွေအနေနဲ့ ဒီပြဿနာကို ထိရောက်စွာဖြေရှင်းပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ နတ်မြစ်ဟာ ရန်လိုမှုတွေနဲ့ အငြင်းပွားမှုတွေရဲ့ သင်္ကေတတစ်ခုအဖြစ်သာ ကျန်ရှိနေတော့မှာပါ။

နတ်မြစ်ကို အသုံးပြု၍ လှုပ်ရှားနေသည့် အကြမ်းဖက်အုပ်စုများ

နတ်မြစ်ရဲ့ နောက်ထပ်လှည့်စားတတ်တဲ့ မျက်နှာစာတစ်ခုကတော့ အကြမ်းဖက်လှုပ်ရှားမှုတွေအတွက် လမ်းကြောင်းတစ်ခုအဖြစ် အသုံးတော်ခံနေရခြင်းပဲ ဖြစ်ပါတယ်။ ARSA (Arakan Rohingya Salvation Army) ၊ RSO (Rohingya Solidarity Organisation) နဲ့ ARA (Arakan Rohingya Army)တို့လို မွတ်ဆလင်အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဟာ နတ်မြစ်ကို လွယ်ကူစွာဖြတ်ကျော်ပြီး မောင်တောမြို့နယ်အတွင်း ဝင်ရောက်ကာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လေ့ရှိပါတယ်။

ဒီအဖွဲ့တွေဟာ ရက္ခိုင်နယ်မြေထဲမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ လူသတ်မှုတွေနဲ့ လုယက်မှုတွေကို ပြုလုပ်ပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လျင်မြန်စွာ ပြန်လည်ထွက်ပြေးလေ့ ရှိပါတယ်။ ဒီလို လွယ်လွယ်ကူကူ ဝင်ရောက်ထွက်ခွာနိုင်တဲ့အတွက် နယ်စပ်ဒေသခံတွေရဲ့ လုံခြုံရေးဟာ အမြဲတမ်း အန္တရာယ်ရှိနေပါတယ်။ အထူးသဖြင့် ရခိုင်ပြည်သူတွေဟာ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် စိုးရိမ်ထိတ်လန့်ပြီး နေထိုင်ရပါတယ်။

ကော့ဘဇားဒုက္ခသည်စခန်းကို အခြေပြုပြီး လူသစ်စုဆောင်း၊ စစ်သင်တန်းပေးနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကြောင့် နယ်စပ်တစ်လျှောက်က ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်လွန်ကဲစွာဖြင့် အိပ်ရေးပျက်ခံ ကင်းစောင့်နေကြရပါတယ်။

ဒီလိုမျိုး ခြိမ်းခြောက်မှုတွေဟာ ဒေသခံပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အပြင် လူမှုအသိုင်းအဝိုင်းအတွင်း မယုံကြည်မှုတွေကိုလည်း တိုးပွားစေပါတယ်။ နတ်မြစ်ရဲ့ တစ်ဖက်ကမ်းကနေ အန္တရာယ်တွေဟာ အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုက နယ်စပ်နေပြည်သူတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

အာရက္ခတပ်တော် (AA)ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တချို့သော အကျင့်ပျက် BGB တပ်ဖွဲ့ဝင်တွေဟာ ဘာသာရေးအရ ARSA, RSO, ARA ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းတွေကို စစ်သင်တန်းပေးတာ၊ နည်းပညာ အကူအညီပေးတာနဲ့ အကြမ်းအဖွဲ့တွေရဲ့ လှုပ်ရှားနိုင်ရေးအတွက် အခြားသောအကူအညီတွေကိုပါ ဆောင်ရွက်ပေးနေကြတယ်လို့ သိရပါတယ်။ ဒီလိုကိစ္စရပ်တွေဟာ ရခိုင်ပြည် ငြိမ်းချမ်းသာယာရေးကို ထိပါးစေရုံသာမကပဲ၊ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို များစွာထိခိုက်စေပြီး နတ်မြစ်ရဲ့အလှကို ပျက်သုန်းစေပါတယ်။

ရပ်တန့်နေသည့် နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးအခက်အခဲ

နတ်မြစ်ဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပြဿနာတွေအပြင် စီးပွားရေးဆိုင်ရာ အခက်အခဲတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မောင်တောနဲ့ တက္ကနာမြို့အကြားမှာ နယ်စပ်ကုန်သွယ်ရေးဟာ အရေးပါတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီကုန်သွယ်ရေး လမ်းကြောင်းကို ရပ်နားထားတာ ၈ လခန့် ရှိနေပါပြီ။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရက္ခိုင်နယ်စပ်တစ်လျှောက် ရေလမ်း၊ ကုန်းလမ်းတွေမှာ နယ်ခြားစောင့်တပ် အလုံးအရင်းချထားပြီး နယ်စပ်ဖြတ်ကျော်မှု၊ ကုန်ပစ္စည်း သယ်ယူရောင်းချမှုတွေကို တင်းကျပ်စွာ ပိတ်ပင်ထားလျက်ရှိပါတယ်။ ဒီလိုရပ်နားထားခြင်းကြောင့် မောင်တောဒေသခံ ကုန်သည်တွေဟာ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒေသထွက်ကုန်တွေကို တင်ပို့နိုင်ခြင်းမရှိသလို ဘင်္ဂလားဒေ့ရှ်ဘက်ကနေလည်း လိုအပ်တဲ့ကုန်ပစ္စည်းတွေကို တင်သွင်းနိုင်ခြင်း မရှိတာကြောင့် ဒေသတွင်း စီးပွားရေးဟာ အသက်ရှူရပ်လုနီးပါး ဖြစ်နေပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက် ကုန်သည်တွေရဲ့ ဝင်ငွေတွေ သိသိသာသာကျဆင်းသွားပြီး အလုပ်လက်မဲ့ ဦးရေလည်း တိုးပွားလာပါတယ်။ နယ်စပ်ကုန်သွယ်ရေးဟာ ဒေသခံလူမှုအသိုင်းအဝိုင်းအတွက် အသက်သွေးကြောဖြစ်တာကြောင့် ဒီအခြေအနေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှသာ စီးပွားရေး အခက်အခဲတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

တူညီယုံကြည်မှု တည်ဆောက်ရေးအစနှင့် မျှော်လင့်ချက်

ဒီလိုတင်းမာမှုတွေနဲ့ စီးပွားရေးအခက်အခဲတွေကြားထဲကနေ မျှော်လင့်ချက် အလင်းရောင်တစ်ခု ပေါ်ထွက်လာပါတယ်။ အာရက္ခတပ်တော် (AA) ရဲ့ တပ်မှူးချုပ်ဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မောင်တောမြို့ရှိ မွတ်ဆလင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို စတင်ကြိုးပမ်းနေပါတယ်။

ဒီလိုတွေ့ဆုံမှုရဲ့အစအဖြစ် စစ်ကောင်စီက ပိတ်ထားခဲ့တဲ့ မြို့မ ဂျာမေဗလီကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်ချက်တွေဟာ ဘာသာရေး၊ လူမျိုးရေးမခွဲခြားဘဲ ဒေသခံအားလုံးအကြား ယုံကြည်မှုနဲ့ သဟဇာတဖြစ်မှုကို တည်ဆောက်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်က တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

နတ်မြစ်ရဲ့ တစ်ဖက်တစ်ချက်စီက မတူညီတဲ့ လူမျိုးရေးနဲ့ ဘာသာရေးတွေဟာ ဒီလိုမျိုး အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတွေကနေတစ်ဆင့် ပေါင်းစည်းနိုင်မှာ ဖြစ်ပါတယ်။ နတ်မြစ်ဟာ ဒီလိုမျိုး တူညီယုံကြည်မှုရဲ့ တံတားဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

နတ်မြစ်ရဲ့ မျက်နှာနှစ်ဖက်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်တဲ့အခါ နတ်မြစ်ဟာ လှပတဲ့ သဘာဝအလှတရားတွေနဲ့အတူ ဆိုးရွားတဲ့ တင်းမာမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ စီးပွားရေးအခက်အခဲ တွေကိုလည်း တစ်ပြိုင်တည်း ပွေ့ပိုက်ထားတာတွေ့ရပါတယ်။

ဒါပေမဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကသာ နတ်မြစ်ကို အေးချမ်းသာယာပြီး လုံခြုံစိတ်ချရတဲ့ ပေါင်းကူးတံထားလေး အနေဖြင့် ခိုင်ခိုင်မာမာဖန်တီးပေးနိုင်မှာပါ။ နတ်မြစ်ရဲ့ ရေစီးသံဟာ အနာဂတ်မှာ ငြိမ်းချမ်းရေးရဲ့ တေးသံဖြစ်လာဖို့ မျှော်လင့်ရင်း...။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */