Thursday, March 13, 2025

ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ်ကို BROUK တောင်းဆို

RFA
RFA Burmese
2025.03.13 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Kutupalong ဒုက္ခသည်စခန်းသို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ရောက်ရှိခဲ့စဉ်။ MUNIR UZ ZAMAN / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ လူသားချင်းစာနမှုအကူညီတွေရရှိရေး အပါအဝင် အချက်သုံးချက်ကို ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က မတ်လ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ရရှိဖို့၊ ဒုက္ခသည်တွေအတွက် အလှူရှင်တွေက ရန်ပုံငွေတိုးပေးရေး နှိုးဆော်ပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် အာရက္ခတပ်တော် (AA) ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး ဖိအားပေးဖို့ တောင်းဆို လိုက်တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အရေးပေါ်အခြေအနေ ကျရောက်နေချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို AA က ထိန်းချုပ်ထားပြီး ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက ကုန်သွယ်မှုနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးတွေကို ကန့်သတ်ပိတ်ဆို့ထားချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ကုန်သွယ်ရေး ခွင့်ပြုသင့်တယ်လို့ BROUK က ဖော်ပြပါတယ်။

AA က ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် ကျူးလွန်မှုတွေကို အဆုံးသတ်ရေး နိုင်ငံတကာက AA ကို ဖိအားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ခရီးစဉ်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက အခက်အခဲတွေကို မီးမောင်းထိုးပြပြီး အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှု တိုးမြှင့်ပေးရေးဆောင်ရွက်သင့်တယ်လို့လည်း BROUK က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ယူနွတ် (Muhammad Yunus) နဲ့အတူ ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို မတ်လ ၁၄ ရက်နေ့မှာ သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

ဆက်နွယ်သောသတင်းများ 
 
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */