Wednesday, March 5, 2025

ရိုဟင်ဂျာ အတွက် ရိက္ခာထောက်ပံ့ကြေး လျှော့ဖို့ရှိကြောင်း တာဝန်ရှိသူ ပြော

Rohingya children eat from jars with the USAID logo on them, at a refugee camp in Cox's Bazar, Bangladesh, Feb. 11, 2025.
 
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရန်ပုံငွေ မရှိလို့ လာမယ့်လထဲမှာ အစားအစာခွဲတမ်း အတွက် တလ ၁၂.၅၀ ဒေါ်လာကနေ ၆ ဒေါ်လာကို လျှော့ချမှာဖြစ်ကြောင်း တာဝန်ရှိသူတဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနမှာ မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့) က ဖော်ပြပါတယ်။ "မနေ့က နှုတ်နဲ့ အကြောင်းကြားပါတယ်။ ဧပြီလ ၁ ရက်နေ့က စပြီး အသက်ဝင်မည့် တလ ၆.၅၀ ဒေါ်လာ လျှော့ချမှုကို အတည်ပြုတဲ့ စာကို ဒီနေ့မှာ လက်ခံရရှိခဲ့တယ်" လို့ ဒုက္ခသည်စခန်းတွေကို ကြီးကြပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ထိပ်တန်းအရာရှိ မိုဟာမက် မီဇန်နူး ရာမန် (Mohammed Mizanur Rahman) က ရိုက်တာကို ဖုန်းကတဆင့် ဖြေကြားပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ ရာမန်ဆီကိုပေးပို့တဲ့စာထဲမှာ အစားအစာ ခွဲတမ်း အတွက် တလမှာ ၁၂.၅၀ ဒေါ်လာအထိ ပေးနိုင်ဖို့ ရန်ပုံငွေရှာဖွေခဲ့ပေမယ့် အလှူရှင်ရှာမတွေ့ခဲ့ဘူး” လို့ ဖော်ပြထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

WFP က "ဒုက္ခသည်တွေဟာ လူသား စာနာမှုအကူအညီအပေါ် လုံးလုံးလျားလျား မှီခိုနေရတာကြောင့် အခုလို လျှော့ချလိုက်လို့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ မိသားစုတွေကြားမှာရုန်းကန်ရမှာ ဖြစ်ပြီး စခန်းတွေထဲမှာ တင်းမာမှုတွေတိုးလာစေနိုင်တယ်" လို့ WFP က ပြောပါတယ်။ အကုန်အကျ နည်းအောင် ဖြတ်တောက်တဲ့ နည်းလမ်းနဲ့မလုံလောက်လို့အလှူရှင်တွေဆီက ရန်ပုံငွေတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

WFP ရဲ့ အခုလိုလျှော့ချမှုက အမေရိကန် သမ္မတထရမ့်အစိုးရရဲ့ ကမ္ဘာတဝန်းက နိုင်ငံရပ်ခြားအကူ အညီတွေယာယီဆိုင်းငံ့တာနဲ့ သက်ဆိုင်လားဆိုတာကိုတော့ စာထဲမှာ တိတိကျကျ မဖော်ပြထားဘူးလို့ ဘင်္ဂလားဒေ့ရှ် အရာရှိ ရာမန်က ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ကဒုက္ခသည်ကူညီရေးမှာထိပ် တန်းအလှူရှင်ဖြစ်တဲ့အတွက် ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ရာမန်ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက အမေရိကန်သံရုံးကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

"သူတို့လက်ရှိ ရရှိနေတာက လုံလောက်မှုမရှိပါဘူး။ ဒါကို ထပ်ပြီး လျှော့ချတာကြောင့် ဖြစ်လာမယ့် အကျိုးဆက်က တွေးတောင် မကြည့်ရဲစရာပါ" လို့ သူက ရိုက်တာသတင်းဌာနကို ရာမန်က ဖုန်းနဲ့ ဖြေကြားပါတယ်။

ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွေ ရှိနေတဲ့ အဲဒီနေရာမှာ အငတ်ဘေး ကြုံရမှာကို အကူ အညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။ ဒါကာက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကို ဒီသတင်းအတွက် မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ချက်ချင်းတုံ့ပြန်တာမျိုး မရှိပါဘူး။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီအကြီးအကဲ ဖိလစ်ပို ဂရန်ဒီက သောကြာနေ့တုန်းက ဒုက္ခသည် စခန်းတွေရှိရာ ကော့စ်ဘဇားကို သွားရောက်ပြီးနောက် လူမှုကွန်ရက် X မှာ တင်ခဲ့တဲ့ ပို့စ်မှာ "အလှူရှင်တွေရဲ့ ပံ့ပိုးမှု သိသိသာသာ လျော့ကျသွားရင် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အကူအညီပေးရေးအေဂျင်စီတွေနဲ့ ဒုက္ခသည်တွေ အပေါ် ကြီးကြီးမားမား ထိခိုက်စေမှာ ဖြစ်ပြီး ထောင်ပေါင်းများစွာသော လူတွေအငတ်ဘေး ဆိုက်နိုင်သလို ရောဂါနဲ့ မလုံခြုံမှုအန္တရာယ်တွေ ကြုံရနိုင်တယ်လို့ " သတိပေးထားပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအတွက် အစားအစာခွဲတမ်းကို တလမှာ ၈ ဒေါ်လာလျှော့ချခဲ့တုန်းကလည်း အငတ်ဘေးနဲ့ အာဟာရချို့တဲ့မှု သိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက အများစု ဖြစ်တဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းက ကော့စ်ဘဇားခရိုင်က လူထူထပ်တဲ့ ဒုက္ခ သည်စခန်းတွေမှာ ခိုလှုံနေကြရပြီး သူတို့ဟာအလုပ်အကိုင် နဲ့ ပညာရေးအခွင့်အလမ်းတွေ ကန့်သတ် ခံထားရပါတယ်။

ရိုက်တာ သတင်းတပုဒ်အရ မနှစ် ၂၀၂၄ ခုနှစ်တုန်းကလည်း ရိုဟင်ဂျာ ၇၀,၀၀၀ လောက်ဟာ ရခိုင် ပြည်နယ်မှာ အငတ်ဘေးကြီးထွားလာမှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */