Saturday, February 15, 2025

ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရ စီစဉ်

RFA
RFA Burmese
2025.02.15 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ AFP

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အသိမှတ်ပြုထားတဲ့ ဒုက္ခသည်တွေကို မလေးရှားအစိုးရက တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ မလေးရှားအစိုးရရဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဇာလီဟာမူစတာဖာ ( Zaliha Mustafa) ကပြောပါတယ်။


ဒီအစီအစဉ်ဟာ မကြာသေးခင်က ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေအရေးစီမံဖို့ မူဝါဒတွေကို ပြင်ဆင်ဖော်ပြထားတဲ့ မလေးရှားအစိုးရရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အမိန့်ညွှန်ကြားချက် အမှတ် ၂၃ နဲ့ ကိုက်ညီတယ်လို့ သူကပြောပါတယ်။

မလေးရှားအစိုးရအနေနဲ့ UNHCR နဲ့ အစိုးရထံ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့် ပြုတာအပါအဝင် အမျိုးမျိုးသောလူမှုရေးကူညီမှုတွေပေးဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ ဝန်ကြီးကပြောတဲ့ အကြောင်း မလေးရှားအခြေစိုက် Weirdkaya သတင်းက ဖော်ပြပါတယ်။

လက်ရှိမှာတော့ ကဏ္ဍအသီးသီးက အလုပ်အကိုင်လိုအပ်ချက်တွေကို ဆန်းစစ်လေ့လာနေတယ်လို့ ဆိုပါတယ်။

“ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေဟာ မလေးရှားအစိုးရထံ မှတ်ပုံတင်ပြီးမှသာ အပြီး သတ် ဆုံးဖြတ်ချက်ကိုချမယ်” လို့လည်း ဝန်ကြီး ဇာလီဟာက ပြောပါတယ်။

မလေးရှားနိုင်ငံက ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်နဲ့ ၁၉၆၇ ခုနှစ်ပဋိညာဉ်ကို လက်မှတ်ရေးထိုးထားတာ မရှိပေမဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားခိုလှုံလာသူတွေအပေါ် လူသားချင်း စာနာမှုအကူအညီတွေပေးနေတယ်လို့ ပြောပါတယ်။

မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေကို အစိုးရရဲ့ တရားဝင်ပြဋ္ဌာန်းချက်တွေနဲ့အညီ ယာယီနေထိုင်ခွင့်ပြုထား ကြောင်းနဲ့ နောက်ပိုင်းမှာ ဒုက္ခသည်တွေအနေနဲ့ တတိယနိုင်ငံမှာအခြေချတာ ဒါမှမဟုတ် သူတို့ရဲ့ မူလနိုင်ငံ တွေကို ပြန်လည်ရောက်သွားနိုင်ဖို့မျှော်လင့်တယ်လို့လည်း မလေးရှားအစိုးရ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဇာလီဟာ မူစတာဖာ ကပြောပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */