Monday, December 2, 2024

"ပူးတွဲထုတ်ပြန်ကြေညာချက်"

"ပူးတွဲထုတ်ပြန်ကြေညာချက်"

***************************
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်


 
၁။ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ရှေ့နေချုပ် Karim AA Khan က ICC သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့က လျှောက်ထားလိုက်ကြောင်း သိရှိရပါသည်။

၂။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆို ကြောင်းနှင့် အဆိုပါဖြစ်ထွန်းမှုသည် မြန်မာ့တပ်မတော်သမိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရသည်မှာ မြန်မာ့တပ်မတော် အပါအဝင် မြန်မာနိုင်ငံ၏ လုံခြုံရေးစနစ် ၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရန် အရေးပေါ်လိုအပ်လျက်ရှိကြောင်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည် ဖြစ်သည်။ 

၃။ အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ပတ်သက်ဆက်စပ်သူအားလုံးမှာ ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမသွေ ရင် ဆိုင်ကြုံတွေ့ကြရမည်ဖြစ်သည်။ ထို့ကြောင့် စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံး အနေဖြင့် တပ်မတော်အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်၏လက်ထဲမှ ပြန်လည်ကယ်တင်ရန်၊ ပြည်သူလူထုကလိုလားသော၊ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသော၊ ပြည်သူလူထုကိုအကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူများနှင့်အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင် ရွက်ကြရန် ဖိတ်ခေါ်အပ်ပါသည်။ 

၄။ ထို့ပြင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် ဝရမ်းထုတ်ခံရမည့် အကြမ်းဖက်စစ်ခေါင်းဆောင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားဝင် ခြင်းမရှိဘဲ၊ သမိုင်းအမှောင်လမ်းထဲသို့ တိုး၍ မိုက်တွင်းနက်ခြင်းသာဖြစ်ပြီး၊ စစ်တပ်အတွက် သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝ ဖြစ်လာမည် မဟုတ်ပါ။ 

၅။ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းသည်လည်း အကြမ်းဖက်စစ်ခေါင်း ဆောင်က ဦးဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေသော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွား ခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာပြီဖြစ်ပါသည်။

၆။ ထို့ပြင် မိမိတို့အနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ် ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလားတူ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ပါသည်။ 

၇။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် နစ်နာခဲ့၊ နစ်နာ နေရသည့် တိုင်း ရင်းသားပြည်သူများနှင့် အနာဂတ်ပြည်ထောင်စုတွင် စစ်တပ်၏ အဖန်တလဲလဲ အာဏာ သိမ်းယူမှုများ မဖြစ်ပေါ်ရေးကိုရည်ရွယ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော်ဆောင် ရေးမှာ မိမိတို့၏ မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်ပါကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
ကရင်အမျိုးသားအစည်းအရုံး(KNU)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
ချင်းအမျိုးသားတပ်ဦး(CNF)
https://www.facebook.com/NUGmyanmar/posts/891024963200728

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */