Thursday, November 28, 2024

ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ဥပဒေအရာရှိ တောင်းဆို

NHK World
November 26 2024

ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေကို နှိပ်စက်ညှဉ်းပန်းမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ရဲ့ ဥပဒေအရာရှိချုပ်က တောင်းဆိုလိုက်ပါတယ်။

ဥပဒေအရာရှိ Karim Khan က ဗုဒ္ဓဟူးနေ့မှာ အဲဒီကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ရိုဟင်ဂျာ ခန့်မှန်းခြေ ၇ သိန်းကျော်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအနောက်ပိုင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

ICC ရဲ့ ဥပဒေအရာရှိရုံးက အဲဒီလို လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုကို စုံစမ်းစစ်ဆေးနေပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ လေးလလောက် ကာလအတွင်း “ရိုဟင်ဂျာတွေကို ပြည်နှင်တာနဲ့ နှိပ်စက်ညှင်းပန်းတာလိုမျိုး လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်တပ်ခေါင်း ဆောင်မှာ တာဝန်ရှိတယ်” လို့ မစ္စတာ Khan က စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မစ္စတာ Khan တင်ပြတဲ့ သက်သေအထောက်အထားတွေကို ICC ရဲ့ တရားစီရင်ရေးဌာနက စစ်ဆေးပြီးတဲ့နောက် ဖမ်းဝရမ်း ထုတ်မထုတ်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ICC ရဲ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်မပြုကြောင်း အဲဒီကြေညာချက်က ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */