Friday, October 25, 2024

စစ်ဘေးသင့်ရိုဟင်ဂျာများကို ကူညီရန် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း

Myanmar Now
ရောင်နီ
October 25, 2024

စစ်ရေးပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး သွားရသည့် ရိုဟင်ဂျာဒုက္ခသည်များ လူသားချင်းစာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်သည်။

ရိုဟင်ဂျာ သိန်းပေါင်းများစွာသည် နေအိမ်များကို စွန့်ခွာခဲ့ရပြီး သောင်းနှင့်ချီသော ရိုဟင်ဂျာများ ကမူ နယ်စပ် ဖြတ်ကျော်လာကြသည် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံရန်အတွက် နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြ သည်ဟု AI က ဆိုသည်။

“ဘင်္ဂလားဒေ့ရှ်ကို ကံကောင်းလို့ ထွက်ပြေးနိုင်တဲ့သူတွေကျတော့ စားစရာ၊ အိပ်စရာနဲ့ အဝတ်အစား တောင် အလုံအလောက်မရှိဘူး” Amnesty International- AI၏ အထွေထွေအတွင်းရေးမှူး Agnès Callamard က ပြောသည်။

လက်ရှိတွင် ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော ရိုဟင်ဂျာများသည် ထိုနေရာရှိ ဆွေမျိုးများ၏ ပေးကမ်းထောက်ပံ့မှုဖြင့် အသက်ဆက်နေရသည်။

အထူးသဖြင့် အသစ်ရောက်ရှိလာသူများသည် ထောက်ပံ့မှုများရရှိရန် UN ဒုက္ခသည်အေဂျင်စီတွင် စာရင်းမသွင်းရမည်ကိုပင် စိုးရိမ်နေကြရသည်။

သို့ရာတွင် ပဋိပက္ခမှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မြန်မာနိုင်ငံသို့ ပြန်ပို့လျက်ရှိပြီး လက်ရှိရောက်သူများမှာလည်း အထောက်အပံ့ လုံလုံလောက်လောက် မရကြောင်း AI အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သတ်ဖြတ်ခံရမယ့်အန္တရာယ် အကြီးအကျယ်ရှိနေတဲ့ နိုင်ငံတစ်ခုကို လူတွေကိုပြန်ပို့တာက နိုင်ငံတကာဥပဒေကို ချိုးဖောက်ရုံတင်မကဘူး၊ ညဘက်ခရီးသွားခြင်း သို့မဟုတ် ခရီးရှည်သွားခြင်း တို့ကဲ့သို့ ထောက်လှမ်းစစ်ဆေးမှုများကိုရှောင်ရှားပြီး ခရီးသွားနေတဲ့အချိန်မှာ လူတွေကို အကြီးအကျယ် စွန့်စားခိုင်းရာလည်းကျပါတယ်” ဟု Agnès Callamard က ပြောသည်။

ဆေးဝါးစောင့်ရှောက်မှု လိုအပ်နေချိန်တွင်ပင် အစားအစာမရှိဘဲ နေထိုင်နေကြရပြီး ပြည်နှင်ဒဏ် ပေးခံရမည်ကိုကြောက်လျက် အရဲစွန့်နေထိုင်နေကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
တစ်ကျော့ပြန် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင်နေထိုင်နေကြရသည်။ (ဓာတ်ပုံ- ⁨Mohammed Zonaid⁩)
 


ရိုဟင်ဂျာလက်နက်ကိုင် ၂ ဖွဲ့

၎င်းတို့ရင်ဆိုင်ရသော ဒုက္ခသည် ထိုမျှ မကသေးပေ။

ဒုက္ခသည်များသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သော ရိုဟင်ဂျာ ပေါင်းစည်းရေးအဖွဲ့ (RSO)နှင့် အာရက္ခ ရိုဟင်ဂျာကယ်ဆယ်ရေးတပ်ဖွဲ့ (ARSA)တို့ ရှိနေခြင်းကြောင့် စခန်းများတွင် လုံခြုံရေးအခြေအနေ တဖြည်းဖြည်းဆိုးရွားလာသည်ဟုလည်း ပြောပြခဲ့ကြကြောင်း AI ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ARSA နှင့် RSO တို့သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကိုခေါ်ယူကာ စစ်ကောင်စီတပ် ထံ လွှဲပြောင်းပေးပြီးစစ်မှုထမ်းခိုင်းနေသည်ဟု နိုင်ငံအဖွဲ့အစည်းများ၊ ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူများက ပြောဆိုထားသည်။ 
 

ထိုအခြေအနေတွင် ရိုဟင်ဂျာဒုက္ခသည်အများစုသည် တတိယနိုင်ငံတစ်ခုတွင် အခြေချရန် မျှော်လင့် ထားကြသည်ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ကျွန်မတို့မှာ ဘာစာရွက်စာတမ်းမှ မရှိတဲ့အတွက် တစ်နေရာကနေ တစ်နေရာကိုပြောင်းရမှာ အမြဲ ကြောက်နေရတယ်။ ကျွန်မတို့က ဒီမှာလူသစ်တွေပါ၊ ပြီးတော့ လူတွေ အဓမ္မအခေါ်ခံရတာကိုလည်း ကြားဖူးတယ်” ဟု ၎င်းက ဆိုသည်။


AI ကလည်း စစ်ကောင်စီသည် ရိုဟင်ဂျာ ပေါင်းစည်းရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေမှုများကြောင့် ရိုဟင်ဂျာနှင့် AA ကို ကိုယ်စားပြုသည်ဆိုသော ရခိုင်တိုင်းရင်းသားများအကြား နောက်ထပ်တင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ပြောထားသည်။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း နေထိုင်သူ တို့ကို အတင်းအကျပ် ဖမ်းဆီးပြီး မြန်မာစစ်တပ်ထဲ အတင်းအကျပ် ဝင်ရောက်စေခဲ့သည်ဟု ဆိုသည်။

ဤလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှုမြောက်သည်ဟု Fortify Rights အဖွဲ့က ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် (AA)

ရိုဟင်ဂျာပဋိပက္ခနှင့်ပတ်သက်လျှင် ၂၀၁၇ နှင့်မတူသော အဖြစ်အပျက်မှာ အာရက္ခတပ်တော် ပါဝင်လာမှုဖြစ်သည်။

ရိုဟင်ဂျာများစွာက စစ်ကောင်စီနှင့် AA တို့အကြား ပိတ်မိနေကြသည်ဟု ဆိုသည်။

“တိုက်ပွဲတစ်ခုဖြစ်တိုင်း ကျွန်တော်တို့… သေကြရတယ်” ဟု ရိုဟင်ဂျာတစ်ဦးက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို ပြောသည်။ 

တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်တစ်နေရာတွင် ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)
 

ဩဂုတ်လဆန်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုတွင် တံဆိပ်များပါသော ယူနီဖောင်းဝတ် AA တပ်ဖွဲ့ဝင် များက မောင်တောရှိ ကျေးရွာတစ်ရွာသို့ ဝင်ရောက်လာကာ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင် မိသားစုများအားလုံးကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရိုဟင်ဂျာမိသားစုများကို ထားရစ်ခဲ့ကြသည်ဟု အသက် ၄၂ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။။

“သူတို့က ရွာထဲမှာ ဆူပူအုံကြွမှုတွေ စလုပ်ကြတယ် ။ တိုက်ခိုက်မှုတွေ အစပျိုးဖို့ အခြေစိုက်နေရာ အဖြစ် သုံးတယ်။ အဲဒါကြောင့် မွတ်ဆလင်မိသားစုတွေဖြစ်တဲ့ ကျွန်တော်တို့က ဩဂုတ် ၇ ရက်မှာ ထွက်ပြေးရတယ်။ ရွာထဲမှာ ကျွန်တော်တို့လူမျိုးချည်းပဲ ကျန်ခဲ့တယ်။ သူတို့က ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ပုံပဲ” ဟု ၎င်းက AA ကို ရည်ညွှန်း၍ ပြောသည်။

အာရက္ခတပ်တော်ဘက်ကမူ အဆိုပါစွပ်စွဲချက်များမှာ သက်သေမခိုင်လုံဘဲ ယုံကြည်၍မရကြောင်း‌ အောက်တိုဘာ ၁၃ ရက်က ဖြေကြားထားသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ဘက်က ဆိုသည်။

စစ်ဆင်ရေးများမလုပ်မီ အရပ်သားပြည်သူများကို မောင်တောမှထွက်ခွာရန် ကြိုတင်သတိပေးခဲ့ ကြောင်း၊ ပြည်သူများကို ကူညီပြောင်းရွှေ့ပေးခဲ့ပြီး ၎င်း၏တပ်သားများအား အရပ်သားနှင့်ရန်သူ ခွဲခြားနားလည်ရမည်ဟု ညွှန်ကြားထားကာ စည်းကမ်းချိုးဖောက်လျှင် အရေးယူကြောင်း AA က တုံ့ပြန်သည်ဟု ဖော်ပြထားသည်။

AA က မောင်တောမြို့ထဲမှပြည်သူများ အမြန်ဆုံးထွက်ခွာကြရန် ဇွန်လ ၁၆ တွင် အသိပေးထားသည်။ အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ပေကပ်ကပ်လုပ်နေသူများတွင် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ စစ်ကောင်စီ က လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် မွတ်ဆလင်များ ပါဝင်သည်ဟု သြဂုတ် ၁၈ တွင် AA က ထပ်ထုတ်ပြန်ခဲ့သည်။


 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */