Saturday, October 19, 2024

ရိုဟင်ဂျာတစ်ရာကျော်ပါတဲ့ စက်လှေတစ်စီး အင်ဒိုနီးရှားကမ်းခြေရောက်

RFA
RFA Burmese
2024.10.19

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ AFP

ရိုဟင်ဂျာ တစ်ရာကျော် တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ဆုံးပြည်နယ်မှာ တွေ့ရှိခဲ့ပြီး လိုက်ပါလာသူတွေထဲက အနည်းဆုံး တစ်ဦး လှေပေါ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

စက်လှေဟာ အာချေးခရိုင် တောင်ဘက် ကမ်းရိုးတန်းနဲ့ လေးမိုင်ခန့်အကွာမှာ ကျောက်ချရပ်နားထားတာကို တွေ့ရတာလို့ AFP သတင်းက ဖော်ပြပါတယ်။

ရပ်ရွာခေါင်းဆောင် Muhammad Jabal က အဲဒီစက်လှေကို သောကြာနေ့ (အောက်တိုဘာ ၁၈ရက်) မှာ စတွေ့ခဲ့တာဖြစ်ပြီး လှေပေါ်ပါလာတဲ့ ဒုက္ခသည်တွေကို ရေနဲ့ အစားအသောက်တွေ ပို့ရင်း လှေပေါ်မှာ ကလေးတွေအများအပြား လိုက်ပါလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

တောင်အာချေးခရိုင် ပြောခွင့်ရှိသူက ဒီစက်လှေတွေ့ရှိတာကို အတည်ပြုပေမဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကို လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေကသာ ဆုံးဖြတ်မှာဖြစ်တယ်လို့ AFP ကို ပြောထားပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဒုက္ခသည်တွေကို ဒေသအာဏာပိုင်တွေ ချက်ချင်းကယ်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောထားပါတယ်။

ဒီဒုက္ခသည်လှေကို မတွေ့ခင် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး ရုပ်အလောင်းကို ပင်လယ်ပြင်မှာ တွေ့ရှိခဲ့ပေမဲ့ သေဆုံးသူက အဲဒီလှေပေါ်မှာ လိုက်ပါလာသူတွေနဲ့ ဆက်စပ်မှု ရှိ မရှိကိုတော့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အတည်မပြုသေးပါဘူး။

အာချေးဒေသခံအများစုကတော့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် စာနာနားလည်ပေမဲ့ အခုလိုဒုက္ခသည်တွေ ရောက်လာတဲ့အပေါ် ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိပါတယ်။

မြန်မာစစ်တပ် အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို သွားဖို့ အသက်အန္တရာယ်များတဲ့ ပင်လယ်ပြင်လမ်းကြောင်းကနေ နှစ်စဉ်ထွက်ခွာနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာအယောက် ၅၇ဝ နီးပါးကတော့ ပင်လယ်ပြင်မှာ သေဆုံးပျောက်ရှခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။


ဆက်နွယ်သောသတင်းများ  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */