Tuesday, August 13, 2024

စစ်ကောင်စီ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း IIMM အစီရင်ခံစာထုတ်ပြန်

RFA
RFA Burmese
2024.08.13
 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) United Nations 


နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အထောက်အထား အမြောက်အမြား တွေ့ရှိထားတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား(IIMM) အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ဩဂုတ်လ ၁၃ ရက် ဒီနေ့ထုတ်ပြန်ရာမှာ IIMM က အခုလို ဖော်ပြလိုက်တာပါ။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို စုဆောင်းရရှိထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအထောက်အထားတွေထဲမှာ… စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက် အအုံ၊ ဆေးရုံ စတာတွေကို လေကြောင်းက တိုက်ခိုက်တာ၊ ခေါင်းဖြတ်တာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေနဲ့ လိင်အင်္ဂါဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို လူမြင်ကွင်းမှာပြသတာ အပါ အ ဝင် တိုက်ပွဲတွေအတွင်း ဖမ်းဆီးထားသူတွေကို ကိုယ်လက်အင်္ဂါ ဖြတ်တောက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို မြန်မာစစ်တပ်က ရာဇဝတ်မှုကျူးလွန်ပြီး ပြစ်ဒဏ်က ကင်းလွတ်နေတဲ့အပေါ် တရားစွဲဆိုဖို့ လုပ်ဆောင်သွားမယ်လို့ IIMM အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ပြောပါတယ်။

“ရာဇ၀တ်မှုတွေအတွက် ဘယ်သူမှ ပြစ်ဒဏ်ပေးခံရခြင်း မရှိသေးပါဘူး။ ဒါဟာ ကျူးလွန်သူတွေကို ပိုအတင့်ရဲစေပြီး တိုင်းပြည်အတွင်းမှာ ပြစ်ဒဏ်ကင်းလွတ်တဲ့ ယဉ်ကျေးမှုကို ပိုခိုင်မြဲစေပါတယ်။ ဒီသံသရာကို အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ယန္တရား (IIMM) က ဒီရာဇ၀တ်မှုတွေအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တရားစွဲဖို့ အမှုတည်ဆောက်ရာမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေပါတယ်”

စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တယ်လို့ သံသယရှိတဲ့ ထောင်နဲ့ချီတဲ့လူတွေကို မတရား ဖမ်းဆီးချုပ်နှောင်အကျဉ်းချတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ လျှပ်စစ်နဲ့ရှော့တိုက်တာ၊ လည်ပင်းညှစ်တာ၊ အိပ်မရအောင်လုပ်တာ… စတဲ့ ရုပ်ပိုင်းစိတ်ပိုင်း ညှဥ်းပန်းနှိပ်စက်မှုတွေ စနစ်တကျကျူးလွန်ခဲ့တဲ့ အထောက်အထား အများအပြား IIMM က ရရှိထားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် အုပ်စုဖွဲ့မုဒိမ်းကျင့်၊လိင်အင်္ဂါအစိတ်အပိုင်းတွေကို မီးရှို့၊လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်တဲ့အထောက် အထားတွေလည်း တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်သလို ကျား,မ၊ အသက်အရွယ်အမျိုးမျိုး ပါဝင်တယ်လို့လည်း ပြောပါတယ်။

IIMM ရဲ့ တွေ့ရှိချက်တွေထဲမှာ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တဲ့ ရာဇဝတ်မှု အထောက် အထားတွေလည်း ပါဝင်ပြီး စစ်ကောင်စီသတင်းပေးလို့ သံသယရှိသူတွေ ဒါမှမဟုတ် စစ်ကောင်စီနဲ့ ပူးပေါင်းတယ်လို့ သံသယရှိတဲ့ အရပ်သားတွေကို မတရားသတ်ဖြတ်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက် လေးရာကျော် အပါအဝင် သတင်းရင်းမြစ် ကိုးရာကျော်ဆီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်၊ အထောက်အထားတွေအရ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုလ်တုဓာတ်ပုံ၊ ဆိုရှယ်မီဒီယာပို့စ်တွေ အပါအဝင် မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ ပါဝင်တယ်လို့လည်း IIMM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်နွယ်သောသတင်းများ  

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */