Friday, July 5, 2024

ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းအကြမ်းဖက်မှုတွေ ဖြစ်မယ့်အရေး ကုလအထူးကိုယ်စားလှယ် သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၄ ဇူလိုင်၊ ၂၀၂၄

ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)

တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာ တချိန်ကလို လူမျိုးတုန်း အကြမ်းဖက်မှုတွေ နောက်တကြိမ် ကြုံရမယ့် အခြေအနေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က သတိပေးလိုက်ပါတယ်။ အာရက္ခ တပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာစစ်ကောင် စီက နယ်မြေတွေ လက်လွတ်ဆုံးရှုံးလာနေတာနဲ့အမျှ ထိတ်လန့်စရာ အခြေအနေတွေ ကြုံနေရ ကြောင်း ဒီကနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောလိုက်တာပါ။

ဖိနှိပ်ခံရ၊ ခုတုံးလုပ်ခံရ၊ ခေါင်းပုံဖြတ်ခံရပြီး စစ်ပွဲမှာ ကြားညပ်နေတဲ့ ရိုဟင်ဂျာတွေအတွက် အခြေအ နေဟာ ၂၀၁၆၊ ၂၀၁၇ တုန်းက လူမျိုးတုန်း အကြမ်းဖက်မှုတွေ ကြုံခဲ့ရတဲ့ အဖြစ်မျိုးနဲ့ တူနေတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြရတာပါ။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ AA တပ်ဖွဲ့တို့ တိုက်ပွဲတွေဟာ အခုအခါ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေလည်း ထွက်ပေါ်လာနေတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုနေတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ AA အဖွဲ့ကိုတိုက်ဖို့ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စုဆောင်းနေတဲ့ အန္တရာယ်နဲ့ ကြုံနေရသလို၊ ကိုယ့်သဘောဆန္ဒမပါဘဲ စစ်တိုက်ရမယ့် ရိုဟင်ဂျာတွေအပေါ် AA အဖွဲ့က အငြိုးထားမှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */