Tuesday, June 25, 2024

မောင်တောက ရိုဟင်ဂျာတစ်သောင်းကျော် အကူအညီလိုအပ်

RFA
RFA Burmese
2024.06.25

မောင်တောမြို့တွင် အုန်းသီးရည်ကို တွန်းလှည်းနှင့်လှည့်ရောင်းနေသည့် ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ RFA

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ဘေးဒုက္ခသည် ရိုဟင်ဂျာတစ်သောင်းကျော်အတွက် အစားအစာနဲ့ ဆေးဝါးကုသဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

လက်ရှိမောင်တောမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေသလို လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို ဆေးဝါးကုသဖို့ ခက်ခဲနေပြီး စားနပ်ရိက္ခာတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ဒီမှာက လက်နက်ကြီးအသံ တော်တော်ကြားနေတယ်။ လူနေအိမ်တွေကို လက်နက်ကြီးကျလို့ လူသေတာလည်း များတယ်။ ဒဏ်ရာရတာလည်းများတယ်။အခုအချိန်က ဆေးရုံလည်းမရှိတော့ ဆရာဝန်လည်းမရှိဘူး။ အဲဒါကြောင့် အလွန်စိုးရိမ်နေရတာပါ။ ရွာမှာကုတဲ့ တစ်ယောက် နှစ်ယောက်ရှိတယ်။ အဆင်မပြေဘူး။ ဘင်္ဂလားဒေ့ရှ် သွားမယ်ဆိုလည်း အဆင်မပြေဘူး။ စစ်ဘေးရှောင်မှာဆိုလည်း စားနပ်ရိက္ခာက သူတို့မှာ အဖွဲ့အစည်းက ထောက်ပံ့တာမရှိဘူး။ အစိုးရက ထောက်ပံ့တာ မရှိဘူး။ သူတို့မှာ ပါလာတာပဲ သုံးနေတာပါ"

တိုက်ပွဲတွေကြောင့် (၄) မိုင်ရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ လသာရပ်ကွက်နဲ့ ဇူလာရပ်ကွက်က ရိုဟင်ဂျာ တစ်သောင်းကျော် မောင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။

မောင်တောမြို့က စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မောင်တောမြို့မှာ ရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ရိက္ခာသိုလောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ WFP က ဒီနေ့ထုတ်ပြန်ပါတယ်။ ၂ဝ၂၄ ခုနှစ် မေလကစပြီး မောင်တောဘက်ကို WFP အဖွဲ့ ဝင်ထွက်သွားလာခွင့်မရတော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်တာကြောင့် ဒေသခံတွေ အမြန်ဆုံးပြောင်းရွှေ့ဖို့ ရက္ခိုင့်တပ်တော် (AA)က ဇွန်လ ၁၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေ ထွက်ခွာခွင့်မရဘဲ ရခိုင်၊ ဟိန္ဒူနဲ့ ရိုဟင်ဂျာ လူနှစ်သောင်းဝန်းကျင် မြို့တွင်းမှာ ပိတ်မိနေပြီး အများစုက ရိုဟင်ဂျာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */