" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 4, 2024

ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို အေအေသိမ်းပိုက်၊

DVB
May 4, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ ၁၅ ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း ၂ ခုကို သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် အေအေက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က ၃ မိုင်လောက်အကွာမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို အေအေက ၁ လလောက် ထိုးစစ်ဆင်တိုက်ခိုက်အပြီး အဲဒီဌာနချုပ်နဲ့ ခမရ ၅၅၁၊ ခမရ ၅၆၅ တပ်ရင်းတို့ကို မေ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

အေအေနဲ့ နီးစပ်သူတယောက်က “မနေ့ကပဲ ဒုံးသိမ်သွားလမ်းမှာရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို အပြီး သတ်သိမ်းလိုက်တာပါ။ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ထွက်ပြေးတဲ့သူတွေပါရှိတယ် အရေအတွက်ကိုတော့ အတိအကျမသိနိုင်သေးဘူး။ မနေ့ကနေ ဒီနေ့မနက်အထိ လေယာဉ်နဲ့ လာပြီးတော့ လာပစ်တာရှိတယ်။ စကခ ၁၅ ရပြီဆိုတော့ တခြားတပ်တွေကိုပါ ဆက်တိုက်သွားဖို့ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မတ်လအတွင်းမှာလည်း ဘူးသီးတောင်အခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၅၂ နဲ့ ခမရ ၅၆၄ တို့ကို အေအေက သိမ်းပိုက်ထားပြီး ဘူးသီးတောင်က ခမရ ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅ တပ်ရင်း အပါအဝင် ခလရ ၂၃၃၊ ၂၃၄၊ ၂၆၃ နဲ့ အမြောက်တပ်ရင်း ၃၇၈တို့ကို ပါ သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့ခံတယောက်က “စကခ ၁၅ ကို သိမ်းလိုက်တော့ ဘူးသီးတောင်မြို့ကို သိမ်းဖို့အတွက် လွယ်သွားပြီလို့ပြောလို့ရတယ်။ ဗျူဟာတွေဖြစ်တဲ့ နခခ ၃၊ နခခ ၈ တို့တော့ကျန်သေးတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်သားတွေနဲ့ မွတ်ဆလင်တွေကပါ ပေါင်းပြီးတိုက်နေကြတော့ အေအေအနေနဲ့ ပိုပြီး သတိထားတိုက်နေရတော့ ဘူးသီးတောင်မြို့တိုက်ပွဲက ကြာနေတာပါ။ မြို့ထဲမှာတော့ ပြည်သူတွေမရှိတော့ဘူး။ အကုန်လုံးထွက်ပြေးနေကြရတယ်။ အိမ်တွေလည်း မီးရှို့ထားလို့ မရှိတော့ဘူး” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပါအဝင် ဘာသာရေး၊ လူမျိူးရေးပဋိပက္ခအသွင်ဆောင်အောင်ပြုလုပ်နေတဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို အေအေက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က မောင်တောခရိုင်၊ သံတွဲခရိုင်နဲ့ အမ်းမြို့နယ်တို့မှာ အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေတပ်တွေနဲ့ ကာကွယ်တိုက်ခိုက်နေပါတယ်။

နိုဝင်ဘာလ ၁၃ ရက်ကနေစတင်ခဲ့တဲ့ ၅ လ ကျော်တိုက်ပွဲတွေအတွင်း ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ တောင်ပြိုလက်ဝဲ၊ လက်ယာမြို့ အပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ အေအေက သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အပြစ်မဲ့အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေပြီး လူမျိူးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် မွတ်ဆလင်တွေကို အတင်းအ ဓမ္မ စစ်မှုထမ်းခိုင်းတာအပြင် ARSA၊ARA တပ်တွေနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုတွေ ပြုလုပ်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */