Thursday, May 30, 2024

စစ်တွေမှာ ရိုဟင်ဂျာတွေ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ထပ်မံစုဆောင်းခံနေရ

RFA
FA Burmese
2024.05.29 

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက အသက် ၁၈ နှစ်နဲ့ ၃၀ ကျော်ကြား အရွယ်ရှိတဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်းတက်ဖို့ စစ်ကောင်စီက အတင်းအဓမ္မခေါ်ယူနေပြီး သင်တန်းတက်မဲ့ လူမပေးရင် နိုင်ငံတကာအဖွဲ့တွေက ထောက်ပံ့တဲ့ ရိက္ခာတွေကို ခွင့်ပြုမှာမဟုတ်တဲ့အကြောင်း ခြိမ်းခြောက်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

မေလ ၂၇ ရက်နေ့ကစလို့ သက္ကယ်ပြင်၊ အုန်းတောကြီး၊ ဘာဆာရာ၊ ဒါးပိုင်၊ သဲချောင်းစတဲ့ စခန်းတွေ အပါအဝင် ဒုက္ခသည်စခန်း ဆယ်ခုကျော်မှာ စခန်းတစ်ခုစီကနေ လူအယောက်သုံးဆယ်ခန့် ထုတ်ပေးရမယ်ဆိုပြီး အတင်းအဓမ္မ ခေါ်ယူနေတာလို့ ဆိုပါတယ်။
"ယောကျာ်းတွေဆိုရင် အပြင်မှာ အိပ်ကြတယ်။ ရွာနဲ့ဝေးတဲ့ နေရာတွေမှာ၊ လယ်ပြင်တွေမှာ အိပ်ကြတယ်”

စစ်သင်တန်းတက်ဖို့ လူစာရင်း ထုတ်မပေးရင် လစဉ်ထောက်ပံ့ပေးတဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ ရိက္ခာတွေကို ခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖိအားပေးပြောဆိုနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သက္ကယ်ပြင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့ စခန်းက လူ ၃၅ ယောက် ပေးရမယ်ဆိုပြီးပြောတယ်။ အဲဒီ ၃၅ ယောက် မပေးနိုင်ဘူးဆိုရင် ရိက္ခာလည်း မပေးတော့ဘူးတဲ့။ စစ်တပ်က ရှေ့တန်းမှာ လက်နက်ကိုင်ပြီး တိုက်ဖို့အတွက်ခေါ်တာလေ”

ဒီလိုလူစုဆောင်းဖို့ စစ်ကောင်စီတပ်ကခန့်ထားတဲ့ ဒုက္ခသည်စခန်းခေါင်းဆောင်တွေနဲ့ စစ်သင်တန်း တက်ပြီးထားတဲ့ ရိုဟင်ဂျာတွေကို တာဝန်ပေးထားပြီး ငြင်းဆန်တဲ့သူတွေဆီက ငွေကြေးတောင်းခံတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ ဘယ်နှစ်ဦးကို ခေါ်ဆောင်သွားပြီလဲဆိုတာ အတိ အကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်က စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ တစ်ထောင်ခန့်ကို စစ်သင်တန်းတက်ဖို့ ခေါ်ယူခဲ့သလို ဧပြီလအတွင်းကလည်း ရိုဟင်ဂျာရွာတွေက လူသုံးရာကျော်ကို အတင်းအဓမ္မ ခေါ်ယူခဲ့ပါတယ်။ အခုအကြိမ်ကတော့ တတိယအကြိမ် အ တင်းအကျပ်ခေါ်နေတာလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကတော့ ညအချိန်မတော် အတင်းအဓမ္မဆွဲခေါ်ခံရမှာ စိုးရိမ်တာကြောင့် စခန်းထဲမှာ မအိပ်ရဲကြဘဲ တိမ်းရှောင်နေကြရတယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“သူတို့က ညအချိန်ဆိုရင် လာတာများတယ်။ ရုတ်တရက် ဝင်လာပြီး အိမ်မှာရှိတယ်ဆိုရင် တစ်ခါတည်း ခေါ်ယူသွားမှာ။ အဲဒီလိုဆိုတော့ အိမ်မှာညမအိပ်တာ ကောင်းတာပေါ့။ ဒါကြောင့် ယောကျာ်းတွေဆိုရင် အပြင်မှာ အိပ်ကြတယ်။ ရွာနဲ့ဝေးတဲ့ နေရာတွေမှာ၊ လယ်ပြင်တွေမှာ အိပ်ကြတယ်”

အရင်စစ်သင်တန်းကိုတော့ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာချုပ် (ဒကစ) ထဲမှာ အချိန်နှစ်ပတ်ကြာ တက်ခဲ့ကြရတာပါ။ သင်တန်းပြီးရင်တော့ စစ်သင်တန်းပြီးဆုံးကြောင်း လက်မှတ်ပေးပြီး သူတို့ နေအိမ်တွေကို ပြန်ပို့ပေးတာရှိသလို တချို့တွေကိုတော့ စစ်မြေပြင်ကို ပို့တာတွေရှိတယ်လို့လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေတွေကို ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ စစ်တွေမြို့ကို ခုခံကာကွယ်ဖို့ ရိုဟင်ဂျာတွေကို အသုံးချစုဆောင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီကတော့ စစ်တွေကို ခံစစ်လုပ်ချင်တယ်။ ဒီအနေအထားကို တားဆီးနိုင်တဲ့ အခြေအ နေ မရှိတော့လို့ရှိရင် ရခိုင်နဲ့ မွတ်စလင်တွေကြားမှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေဖန်းတီးပြီးတော့ သူတို့ရဲ့ အာဏာကို ဆုပ်ကိုင်ဖို့အတွက် ပြန်လည်ထိန်းသိမ်းဖို့ ရည်ရွယ်ချက်တွေရှိတယ်။ ဒါပေမဲ့ လက်တွေ့အနေအထားမှာတော့ ဖြစ်လာနိုင်စရာမရှိဘူးလို့ ခန့်မှန်းတယ်” 
 
မွတ်စလင်အများစုနေထိုင်သည့် စစ်တွေမြို့နယ် ဒါးပိုင်ရွာဈေးတွင် ဖွင့်လှစ်ထားသည့် ရခိုင် တိုင်းရင်းသားပိုင် ရွှေပန်းထိမ်ဆိုင်တစ်ဆိုင်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရိုဟင်ဂျာတွေကလည်း စစ်မှုထမ်းဖို့ ဆန္ဒမရှိကြပေမဲ့ ရွေးချယ်စရာလမ်းမရှိတာကြောင့် စစ်ကောင်စီတပ်ရဲ့ အသုံးချမှုကိုခံနေကြရပြီး ရိုဟင်ဂျာလူကြီးပိုင်းတွေအနေနဲ့ ပဋိပက္ခတွေမဖြစ်အောင် တားဆီးဖို့လိုအပ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

ရိုဟင်ဂျာတွေကို စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မခေါ်ယူစုဆောင်းနေတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း တို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က စစ်သင်တန်းတက်ထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုခဲ့တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်သေးတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း ထောင်ချီတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးထားပြီး ဒါဟာတိုက်ပွဲတွေဖြစ်လာရင် စစ်မြေပြင်မှာ သုံးဖို့ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ဆက်နွယ်သောသတင်းများ  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */