Sunday, May 12, 2024

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ ( ဒေါက်တာ မောင်ဇာနည် )

ဧရာဝတီ
Tuesday, 10 November 2009

 
မြန်မာပြည်လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ ( Free Burma Coalition )
Oxford တက္ကသိုလ်တွင် ဧည့်သုတေီ ပညာရှင်
 
အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆိုပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘဝမှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

စဉ်းစားကြည့်လေဗျာ။ ကျုပ်တို့အားလုံးကို သွင်းထားတဲ့ အမျိုးသားရေးဇာတ်ပွဲရဲ့ ဇာတ်ညွှန်းကို ကြည့်ပါ။ ဗမာ တွေ ပေါက္ကံပြည်ကြီးမှာ ကိုယ့်မင်း ကိုယ့်ချင်း တိုင်းရင်းသား အားလုံးနဲ့ ချစ်ချစ်ခင်ခင် ဥမကွဲ သိုက်မပျက်နေခဲ့ ကြတာ ရှေးပဝေသဏီ ကတည်းက၊ ကမ္ဘာတည်စကတည်းက ဆိုမယ်။ ဒီရွှေနိုင်ငံကြီးကို မိစ္ဆာကုလားဖြူတွေ ကျူးကျော် နယ်ချဲ့လို့  တိုင်းဌာနေ အစိတ်စိတ် အမွှာမွှာကွဲ၊ ပြည်သူတွေလည်း နှစ် ရာကျော် ကျွန်သဘောက် ဘ၀ ရောက်ခဲ့ရတယ်လို့ အမျိုးသားရေး ဇာတ်ထုတ်က ဆိုတယ်။

ဗမာတွေ လွတ်လပ်ရေး ရတာပဲ အနှစ် (၆၀) လောက်ရှိပြီဆိုတော့ ကျုပ်တို့တွေ သမိုင်းကို မျက်မှန်စိမ်းဖြုတ်ပြီး ကြည့်ဖို့၊ ပြန်လည်သုံးသပ်ဖို့ လိုပြီ။

ကျဉ်းမြောင်းတဲ့၊ ပြင်းထန်တဲ့ အမျိုးသားရေး သမိုင်းအမြင်ကို ဂျပန်ခေတ်က စကားနဲ့ ဆိုရင်တော့ “မျက်မှန်စိမ်း”၊ သမိုင်းလောကုတ္တရာ စကားနဲ့ ပြောရရင်တော့ “အမျိုးသားရေး မောဟ” လို့ခေါ်ရမယ်။ ကုန်းဘောင်ခေတ်နှောင်း အချုပ်တန်းဆရာဖေရဲ့ စကားငှားသုံးရင်တော့ ဗမာတွေရဲ့ “ခွ(ဂွ)ကောင်တွေခွေးဖြစ်တဲ့သမိုင်း”လို့များ ဆိုရ မလား မသိပါ။

သမိုင်းသတ္တိရှိကြပါ၊ ကျုပ်တို့ပြည်သူအားလုံးကို “ကျေးတော် ကျွန်တော်” လုပ်ခိုင်းပြီး စီးပွားရေး ကုပ်သွေးစုပ်၊ မယားမှိုလိုပေါက်အောင် ယူပြီးတော့ လောကီစည်းစိမ်ယစ်မူးခဲ့တဲ့ “ပါးစပ်က ဘုရား လက်ကကားယား” ပဒေသရာဇ်ဆိုတဲ့ လူတွေကိုကြည့်။ ယိုးဒယားကိုသိမ်း၊ ရခိုင်ကို ဖျက်ဆီး၊ မွန်တွေကို အမျိုးဖြုတ်၊ ရှမ်းတွေကို နှိပ်ကွပ်၊ ကရင်တွေကို ပေါ်တာဆွဲ ရမ်းချင်တိုင်းရမ်း အဓမ္မဇာတ်ခင်းပြီး လက်နက်နိုင်ငံတော်ကြီးတွေ ထောင်ခဲ့ တာပဲ။  အဲဒါကို ရာဇဝင် ဆရာကြီး၊ ဆရာလေးများက လက်ခုပ်သြဘာပေး၊ ကိုယ်နဲ့ အတန်းမတူတဲ့ ဘိလပ်က အင်္ဂလိပ်တွေနဲ့ ဟဲဗီးစိတ်တန်းဝင်မြှောက်ပေးကြတော့ ကုန်းဘောင်ဆက်လဲပြုတ်။ ရွှေနန်းတော်ကြီးလည်း ထင်းဖြစ်။ မယားကြောက် သီပေါလည်း အင်္ဂလိပ်ဘွတ်ဖိနပ်စာထိ။ ဗမာတွေလည်း ကုန်းဘောင်ကျွန်ဘဝကနေ ဝိတိုရိယ ကျွန်ဘ၀ အရှင်လတ်လတ် ဘဝကူးခဲ့ရတာပေါ့။

ကျုပ်တို့အမျိုးသားရေးသမိုင်း အမြင်မှာတော့ အင်္ဂလိပ်နယ်ချဲ့တွေ ဆိုးဝါးအနိုင်ကျင့်တယ်ပေါ့ဗျာ။ ကိုယ့်ဘုရင် သခင်က တခြားလူမျိုးတွေကို သွားသိမ်းပိုက်အနိုင်ယူတာကျတော့ ပါးစပ်က အမြှုပ်တွေ ထတဲ့အထိ ပီတိဖြာ တယ်။ ပြောလို့ ဂုဏ်ယူလို့မဆုံးတော့ဘူး။ ကိုယ့်လူမျိုးအသုံးမကျလို့ အင်္ဂလိပ်မင်းများက သခင်ကြီးအဖြစ်လဲ ရောက်ရော မတရားဘူး ထအော်ပေါ့။ ဒါက ညစ်ပလီစိတ်ပါ။

ကျုပ်တို့ ဗမာတွေလို့ သိမ်းကျုံးပြီး ရည်ညွန်းလိုက်ပြန်တော့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ကြီးလာတဲ့ ညီနောင်ရင်း လူပါးဝလှချည်လားဆိုပြီး ဆဲတာတွေ၊ ကလော်တုတ်တာတွေ လာမယ်ဆိုတာ ခန့်မှန်းမိပါတယ်၊ “ဗမာ”ဆိုတာ အမျိုးသားရေးဝါဒီ ဗမာအားလုံးကို ရည်ညွန်းပါတယ်။ အရပ်သား၊ စစ်သား၊ ဘုရားသား၊ အသည်သား၊ ရုံးသား သားပေါင်းစုံကို ဆိုလိုပါတယ်။ မရှင်းမှာ စိုးလို့ပါ။

လူစင်စစ်က  အမျိုးသားရေး “မျက်မှန်စိမ်း” တပ်ခံခဲ့ရ၊ တပ်ခံနေရဆဲ ကျုပ်တို့ရဲ့ဘဝကို မချိလို့ပါ။ ဒီညစ်ပလီ အမျိုးသားရေးသမိုင်းကို မိရိုးဖလာ အလား၊ ကိုယ်ပိုင် ဆင်ခြင်တုံတရား မသုံးဘဲ လက်ဆင့်ကမ်း လာလိုက်တာ   (၁၉၄၈) က စပါတယ်။ ဒါကြောင့် မျိုးဆက် (၃) ဆက်လောက်တော့ ရှိပါပြီ။ လက်ရှိသမိုင်း သင်ရိုးညွန်တမ်းတွေ ဆိုတာကလဲ အဲဒီ  သမိုင်းမျိုးအပေါ်မှာပဲ အခြေစိုက်ထားတာမျိုး ဖြစ်ပါတယ်။

ကောင်းတာမှန်သမျှ အမျိုးသားယဉ်ကျေးမှုရဲ့ အမွေအနှစ်အဖြစ် ပြောမယ်။ မကောင်းတာ၊ ပျက်တာ၊ ဖောက်ပြန် တာ မှန်သမျှ ဗြိတိသျှ သခင်ကြီးများ လက်ကျန် ကိုလိုနီအမွေအနှစ်တွေပါဆိုပြီး တာဝန်ကို ရှန်တိန်လုပ်ထားတဲ့ သမိုင်းပဲ။  မိရိုးဖလာ  အမျိုးသားရေးဝါဒီတွေရဲ့ သမိုင်းအမြင်တွေထဲမှာ မှန်တာတွေကတစိတ်လေးလောက်တော့ ပါမှာပေါ့လေ။ ဒါပေမယ့် သုံးသပ်ချက်အမှား၊ သမိုင်းကောက်ချက်အမှားနဲ့ ထိန်ချန်မှုတွေကလည်း တပုံတပင်ပါ။

ကိုယ့်မင်း ကိုယ့်ချင်း ဘဝကတည်းက ကျုပ်တို့ဟာ ကျွန်သာသာ ဘဝမှာ နေခဲ့ရတယ်။ မျက်နှာဖြူ သခင်ကြီးများ လက်အောက်ရောက်တော့လည်း ဒုံရင်း ဒုံရင်းပါပဲ။ ဒီ ပြည်သူအများစုရဲ့ သူမသာ ကိုယ်မသာ ဘဝကို ထိန်ချန် ရေးတဲ့ အမျိုးသားဝါဒီ သမိုင်းရာဇဝင် ကဝိကြီးများက ကျုပ်တို့ရဲ့အတိတ်ဆိုး၊ အတိတ်ပုပ်တွေကို မျှော့ကြိုးလို သဘောထားပြီး ကိုယ်လိုရာ ဆွဲတွေး၊ ဆွဲရေးခဲ့ကြ၊ ရေးနေဆဲဖြစ်တယ်။

ဒါကြောင့် ပြည်သူတွေခမျာလဲ အစဉ်အလာအမျိုးသားရေး၊ လူမျိုးရေး သမိုင်းအမြင်ထဲမှာပဲ တဝဲလည်လည်ပေါ့ ဗျာ။ ဖွတ်ကို မိကျောင်းမှတ်၊ မမြင်ဘူး မူးမြစ်ထင်ဆိုသလို ကိုယ့်ကိုယ်ကို သနားလိုက် ဘဝင်မြင့်လိုက်နဲ့ သံသရာ လည်နေတဲ့ သမိုင်းရေဆွေးထဲပဲ ပိတ်ဆို့ ပေါလောမျောနေတာကိုး။

ဘုရားဆုပန် သာသနာပြု ဆင်ဖြူ နွားဖြူများရှင် မင်းတြားကြီးများရဲ့ လက်ထက်က ပြည်သူတွေရဲ့ လူမူစီးပွား ဘဝကို မျက်မှန်စိမ်းချွတ်ပြီး ပြန်ကြည့်ရအောင်။ ပါးစပ်ကတော့ ဘုရား ဘုရားနဲ့၊ ပြည်သူကို ကျောသားရင်သား မခွဲခြားဘဲ မင်းကျင့်တရားဆယ်ပါးနဲ့ အညီ အုပ်ချုပ်ပါတယ် ဆိုတဲ့ ဧကရာဇ်တွေဟာ တကယ့်လက်တွေ့မှာ တိုင်း သူပြည်သားတွေကို ဘယ်လိုများ အုပ်ချုပ်ခဲ့ပါသလဲ။ တိရစ္ဆာန်တွေနဲ့ မခြား ကြီးနိုင်ငယ်ညှဉ်း သမားတွေပဲ။ ထီးဖြူ ကိုဆောင်း၊ ပလ္လင်ပေါ် တင်ပျဉ်ခွေထိုင်၊ ဘောင်းတော်စီးပြီး ဘုရားထူးခံတာက လွဲလို့ အဟိတ်သတ္တဝါများနဲ့ သိပ် မကွာလှပါဘူး။

ကုလားပြည်နဲ့ သိပ်မကွာတဲ့ လူတန်းစား ဇာတ်ခွဲခြားမူ လွှမ်းမိုးတဲ့  လူမှုဘဝကို  ကြီးကြပ်စီမံခဲ့သူတွေပါ။ အဝတ်အစား အရောင်၊ ခေါင်းပေါင်း ပုဝါ ကစပြီး အိမ်တောင် ဆိုဒ်စုံ ပြဌာန်းချက်တွေ များစွာနဲ့ မလွတ်လပ်တဲ့    ကျွန်လူနေမှုစနစ်ကြီးပါ။ ကျုပ်တို့တွေ ကိုယ့်မင်းကိုယ်ချင်းဘဝက ဘဝရှင်မင်းတြားကြီးဆိုသူများဟာ ဘုရားကြီး တွေတည်၊ နန်းတော်ကြီးတွေ တခုခုပြီးတခုဆောက်၊ သူတို့နန်းဆက်တည်မြဲရေးဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ။ ကျုပ်တို့ရဲ့ သမိုင်းအစဉ်အလာ အစစ်ကို မယုံရင် ဗဒုံ (ခေါ်) ဘိုးတော်ဧကရာဇ် ဘုရားတည် “ဘုရားကြီး” ကို သွားကြည့်ကြပါ။ ပြည်သူတွေ စားစရာမရှိ၊ ငတ်မွတ်ခေါင်းပါးတဲ့ ဘဝမှာ ဘိုးတော်ဘုရင်က ပြည်သူသွေးချွေးနဲ့ ရင်းလို့ရလာတဲ့ ဥစ္စာနဲ့ ပြည်သူလုပ်အားကို အဓမ္မသုံးပြီး ဘုရားတည်ခဲ့တာပါ။

ဘိုးတော်ဘုရား တယောက်တည်း ဒီလိုကျင့်ကြံခဲ့တာ မဟုတ်ပါဘူး၊ ပဒေသရာဇ်ခေတ်ကတည်းက ကျုပ်တို့ ဗမာ အားလုံး အခက်ကြုံခဲ့တာတွေ အခုခေတ်မှာလည်း ဂယက်ရိုက်တုန်းပါပဲလား။ ကျုပ်တို့ ဘိုးဘွားဘီဘင်တွေ လက် ထက် ခေတ်အဆက်ဆက်က နိမ့်ကျတဲ့ ဒုတိယတန်းစား လူ့အလွှာအဆင့်မှာ ဆက်ဆံခံခဲ့ရတယ်။ နဖူးကချွေး ခြေမကျမှ ရတဲ့ ဆန်စပါး ကောက်ပဲသီးနှံတွေကို အခွန်ကောက်၊ အမြတ်ထုတ်၊ လက်ဝါးကြီးအုပ် သိမ်းပြီး အုပ်ချုပ်သူနဲ့ မင်းမြှောင်များ မြို့ကြီးသား လ့ူယဉ်ကျေးဆိုသူများက စားတော်ခေါ်ကြ၊ နိုင်ငံထူထောင်ကြတာ ဖြစ်ပါတယ်။

ဗမာအုပ်ချုပ်သူ၊ ရှမ်းအုပ်ချုပ်သူ၊ ရခိုင်အုပ်ချုပ်သူ၊ မွန်အုပ်ချုပ်သူ အစရှိသဖြင့် လူမျိုးတွေ၊ လူတန်းစားတွေ၊ ခေတ်တွေ ပြောင်းသွားပေမယ့် အကျင့်အကြံ အပြုအမူတွေကတော့ သူမသာ ကိုယ်မသာတွေပါ။ သက်ဆိုင်ရာ လူထုကြီးတွေကို ဂုံးပိုးစီးပြီး နိဗ္ဗာန်ကို ဖြတ်လမ်းက ရောက်ချင်သူတွေပါ။

ဒီလို ညစ်ပလီသမိုင်းဆိုးတွေနဲ့ ပတ်သက်လာရင် ကျုပ်တို့ရဲ့ခြံပေါက်အမျိုးသားရေး ဝါဒီများအပေါ် သမိုင်းကဝိကြီး တွေက သတ္တိရှိရှိ ပညာရှင် ကျင့်ဝတ်မသုံးဘဲ အမှန်ကို အမှန်အတိုင်း ဓမ္ဗဓိဌာန်ကျကျ မရေးကြတဲ့အပြင် ၎င်းတို့ ကိုယ်တိုင်က မျက်မှန်စိမ်းကြီးတွေ ဆိုဒ်စုံတပ်ပြီး ကလောင်သွေးခဲ့ကြတာ နှစ်တရာကျော်တောင် ရှိလာပြီပဲ။ ခေတ်မီဗမာ့အမျိုးသားရေးစိတ်ဓာတ်များ စတင်သန္ဓေတည်ခဲ့တယ်လို့ဆိုကြတဲ့ (၂၀) ရာစုဆန်းကစပြီး ကျုပ်တို့ ခြံပေါက် ရာဇဝင်ဆရာကြီးများ ဖန်တီးခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ကြရအောင်။

ဦးမေအောင် နဲ့ အဘိဓာန်ဆရာကြီး ဒေါက်တာ ဘဟန်က အစ သွေးအိုင်ထဲမှ မြန်မာ့ဒေါင်း အင်္ဂလိပ်-မြန်မာ ဆက်ဆံရေး သမိုင်း (၁၇၅၃ - ၁၉၄၈) ရေးသူ ကမ္ဘာကျော် မြန်မာပုံပြောဆရာကြီး ဒေါက်တာထင်အောင် အလယ်၊ မြန်မာအမျိုးသား လှုပ်ရှားမှုသမိုင်း(၁၉၄၀ - ၄၈) ရေးသူ ဗိုလ်မှူးချုပ် မောင်မောင်(ကွယ်လွန်) နဲ့ နောက် ဆုံး ခြေရာပျောက်များကို ရှာကြည့်ခြင်း ပုဂ္ဂလိက သမိုင်းရှာပုံတော် ရေးသူ ဒေါက်တာ သန့်မြင့်ဦး အထိ အားလုံး သော ကဝိကြီးများက ဗမာနိုင်ငံတော်ကြီးကို ဗဟိုပြုတင်ဆက်ထားတဲ့ အုပ်စိုးသူဗမာရေပေါ်ဆီတွေရဲ့သမိုင်းကို မသာ ပေါင်ဒါဖို့တာမျိုး ရေးသားကြတာပါ။

ဒီ ညစ်ပလီ အမျိုးသားရေး သမိုင်းအရဆိုရင် တိုင်းပြု ပြည်ပြု ဗမာမျိုးချစ်ကြီးများ လုပ်ဖို့ဆိုတာကတော့ ပြည်မနဲ့ လူမျိုးစုပြည်နယ်များ ပေါင်းစည်းရေးက အဓိကပေါ့ဗျာ။ ဒီမိုကရေစီနည်းနဲ့ပဲခေါ်ရခေါ်ရ၊ သေနတ်အားကိုးနဲ့ နဖား ကြိုးဆွဲခေါ်ရခေါ်ရဆိုတာမျိုးပါ။ ဒါကတော့ လုပ်ပုံလုပ်နည်းမှာ လူလိမ္မာနဲ့ လူမိုက် ကွဲခြားမှုလောက်ပါပဲ။ ရည်ရွယ် ချက်ကတော့ ဗမာကို အလယ်မှာထားပြီး လူနည်းစုလူမျိုးစုတွေက အစွန်အဖျားကနေရမယ့် ဗမာဗဟိုပြု ပြည် ထောင်စုကြီး ထူထောင်ဖို့ပါ။

တကယ်တော့ ကိုလိုနီခေတ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့သမိုင်းဟာလဲ သြဇာအာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ ဗမာလူမျိုး မြို့နေလူတန်းစား ယောက်ျားရေပေါ်ဆီတွေရဲ့သမိုင်းပါ။

ကျုပ်တို့နိုင်ငံ ကိုလိုနီခေတ်မတိုင်မီက ညစ်ပလီ အတိတ်ဘဝကို ကိုယ့်အမျိုးလို့ဆိုပြီး သာသာထိုးထိုး ရေးခဲ့တဲ့ မျက်မှန်စိမ်း သမိုင်း အဖြစ်ကိုရော၊ လွတ်လပ်ရေးရပြီးခေတ် အမျိုးသားစိတ်မွှန်ပြီး လုပ်ခဲ့ကြတဲ့ သမိုင်းဖြစ်ရပ်များ ကိုပါ သတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုပါတယ်။

၁၉၄၈ လွတ်လပ်ရေး လွန်ကာလမှာ ကိုယ့်မင်းကိုယ်ချင်းဆိုပြီး နိုင်ငံတော်ထူထောင်ရေး အမျိုးသားသမိုင်း က တကယ်တော့  ဖ ဆ ပ လ နိုင်ငံရေးသမားကြီးများနဲ့ နောက်ပိုင်းကာလ တပ်ထဲက ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်လတ်များက ဗမာဇာတိမာန် ဇာတိသွေးကြွပြီး အားနည်းတဲ့ လူမျိုးစုဝင်တွေကို ပြည်တွင်းဖြစ် ကိုလိုနီ လက်သစ်စနစ်နဲ့ အုပ်ချုပ်ဖို့၊ ဗိုလ်ကျဖို့ လုပ်တဲ့ ခေတ်သစ်ညစ်ပလီ သမိုင်းသာဖြစ်ပါတယ်။ အမျိုးသားဝါဒီ ဗမာနိုင်ငံရေးသမား၊  တပ်မတော်အရာရှိကြီးများ၊ ရေပေါ်ဆီ ပညာတတ်ကြီးများအပါအဝင် အထူးသဖြင့်တော့ ငါးတောင်ဝတ် နိုင်ငံမျက်နှာဖုံး ဂုဏ်သရေမရှိ လူကြီးများက ကျန်တဲ့ ဗမာလူထုလူတန်းစားများနဲ့ လူမျိုးစုငယ်များ အပါအဝင် ကုမ္မာရီမိန်းမ လူကြီးအားလုံးထက် ငါတို့ ငါးတောင်ဝတ် ဗမာအမျိုးသားရေးဝါဒီများက တမူးသာတယ် ဆိုတဲ့ အဓမ္မ အမြင်နဲ့ ရေးခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သမိုင်းပဲ ဖြစ်ပါတယ်။

၁၉၉၄ ဆောင်းရာသီအဝင်လောက်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ယခင်တော်လှန်ရေး ကောင်စီဝင် တဦးဖြစ်ခဲ့ပြီး ဗမာ့သေနတ်ကိုင် တပ်ရင်း(၃) ရဲ့ တပ်မှူးကြီး ဗိုလ်မှူးကြီး ချစ်မြိုင်(အငြိမ်းစား)ကို ကျုပ် အင်တာဗျူး လုပ်ခဲ့တာ အလျင်းသင့်လို့ တင်ပြပါရစေ။

ဗိုလ်မှူးကြီး ချစ်မြိုင်ဟာ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီးဟောင်း နဲ့ တော်လှန်ရေးကောင်စီဝင် ဟောင်း)နဲ့ အတူ သံမဏိအဖွဲ့မှာ ပါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာပါခဲ့သူ လူလေးစားခံခဲ့ရတဲ့ တပ်မတော် ခေါင်း ဆောင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

သူကတော့ ရိုးရိုးဖြောင့်ဖြောင့် သတ္တိရှိတဲ့ စစ်သားဟောင်းကြီးမို့လားတော့ မပြောတတ်ဘူး။ ကျုပ်တို့ ဗမာအမျိုး သားရေးဝါဒီ ခေါင်းဆောင်ကြီးတွေ တခြားလူမျိုးစုတွေကို ဘယ်လိုဖြစ်လို့ လုပ်တယ်ဆိုတာ ဘွင်းဘွင်းပဲ ပြော သွားခဲ့တာက ဒီလိုပါ။

၁၉၅၀ အစောပိုင်းကတည်းက ဗထူးတပ်မြို့ကွဲပြီး ရှမ်းပြည်မှာ သွားတည်တာ ရိုးရိုး သားသားမှ မဟုတ်ဘဲ၊ ရှမ်းတွေ ၁၉၅၈ ရောက်ရင် ခွဲထွက်မှာကို ဗျူဟာအရ ဟန့်တားဖို့နဲ့ စစ်ရေး အရ ခြေခွင်းဖို့ ဗထူးမြို့ကို စစ်အခြေခံ စခန်းအနေနဲ့ ဆောက်ပြီး စစ်ရေးပြင်ဆင်တာပါ။ DSA စစ်တက္ကသိုလ်ကြီးရဲ့မွေးဖွားရာလို့ဆိုရင်လည်း မမှားပါဘူး။

ဖ ဆ ပ လ ခေတ်နိုင်ငံရေး ခေါင်းဆောင်များကလည်း ဗိုလ်နေဝင်းတို့ ဗိုလ်မောင်မောင်တို့နဲ့ နှစ်ပေါက်တပေါက် ရိုက်ပြီး ဒီစစ်ရေးပြင်ဆင်မှုတွေကို မသိကျိုးကျွန်ပြုပြီး နေခဲ့ကြတာပါ။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဦးအောင်ဆန်းက ဗမာတွေကို ကိုယ်စားပြုပြီး အသိအမှတ်ပြု လက်မှတ်ထိုး လက်ခံခဲ့တဲ့ ပင်လုံစာချုပ်ကြီးကို အိမ်သာသုံးစက္ကူလောက်တောင် တန်ဖိုးမထားဘူးဆိုတဲ့ သဘောရောက်ပါ တယ်။ ဒါကတော့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာအမျိုးသားရေး စစ်ဝါဒီတွေ ညစ်ပလီ ညစ်ပလစ်လုပ်ခဲ့ ကြတဲ့ သမိုင်းပုပ်ကို ပြန်လည်သုံးသပ်ခြင်းပါ။

ကျုပ်တို့ ဗမာအမျိုးသားရေး စစ်ဝါဒီ နိုင်ငံရေးသမားတွေနဲ့ ဒီဗိုလ်ချုပ်ကြီးတွေကို တိုင်းရင်းသားလူမျိုးစုတွေက တခါသေဖူးလို့ ပျဉ်းဖိုး သိနေပြီး မယုံကြတာ ဘယ်သူ့အပြစ်ပါလဲ။

အခုလဲ အပစ်အခတ် ရပ်စဲရေးသဘောတူညီမူတွေကို ယောကျ်ားရင့်မာကြီးတွေလုပ်ပြီး ခုတမျိုး တော်ကြာတမျိုး မှောက်ချီလှန်ချီ လုပ်နေကြတော့ “ငြိမ်း” အဖွဲ့တွေခဗျာ အရူးမ လင်လုပ်တဲ့ဘဝကို ရောက်မှန်း မသိရောက်နေ တော့တာပေါ့။ မင်းတို့ဗမာတွေ “ညစ်ပလီ”တွေဆိုပြီး ပြောရင်လဲ ခေါင်မိုးက မလုံတော့ ရှက်ရှက်နဲ့ပဲ ခေါင်းငုံ့ခံရ မှာပါ။ ကိုယ့်လူတွေကမှ မရိုးသားကြတာကိုး။

အဲဒီ ၁၉၄၇ ခု ဖွား ဖွဲ့စည်းပုံအခြေခံဥပဒေကို အားမနာတမ်း ဝေဖန်ရရင်တော့ ဖက်ဒရယ် (သို့) ပြည်ထောင်စု ဆိုတာ နာမည်ခံပါ။ တကယ်ကြတော့ ဗမာအမျိုးသားရေးဝါဒီ နောင်တော်ကြီးများက လူမျိုးစုဝင် ညီငယ်တွေကို ဆရာလုပ် ဗိုလ်ကျ လူပါးဝဖို့ကို ဥပဒေနဲ့ညီတဲ့အသွင် ဆောင်အောင်လုပ်ထားတဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။ ရန်ကုန်က ဝတ်လုံတော်ရ ဦးရဲထွန်း ဖခင်ကြီး ဖြစ်ပြီး လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တရား သူကြီးချုပ် ကွန်လွန်သူ ဦးချန်ထွန်း ပွင့်ပွင့်လင်းလင်း သုံးသပ်သွားတဲ့ ဥပဒေအမြင်ပါ။ ကျုပ် လံကြုတ်လုပ်ပြီး ပြောတာ မဟုတ်ပါဘူး။ ထားတော့ တခြား ဗမာမဟုတ်ဘဲ တိုင်းရင်းသားတွေဘက် လှည့်ကြရအောင်။

ဗမာတွေ လူမျိုးကြီး သမိုင်းကို မျက်မှန်စိမ်း ကပ်ကြည့်ပြီး ပြည်ထောင်စုကြီးကို မောင်ပိုင်စီးဖို့ လုပ်ပြီဆိုတော့ လူမျိုးစု အသီးသီကလည်း အားကျမခံ ဘူးပေါ့ဗျာ။ သူတို့တွေလည်း မျက်မှန်ဝါ ၊ စိမ်း၊ နီ၊ ပြာ ဆိုဒ်စုံတပ် ကိုယ့် လူမျိုးစုသမိုင်းကို ဇောင်းပေးရေး ဒါနဲ့ပဲ လူမျိုးရေး ပေါင်းစုံ ရောင်စုံမျက်မှန်တပ်ပွဲကြီး ကျင်းပခဲ့တာ လွတ်လပ်ရေး ရပြီးကတည်းက ခုဆို နှစ် (၆၀) ကျော်လာခဲ့ပြီ။

ခွေးသေ၊ ဝက်သေ သေတဲ့သူ၊ အသတ်ခံရတဲ့သူ၊ မုဒိန်းကျင့်ခံရတဲ့သူ၊ ကွဲတဲ့သူ၊ ပြဲတဲ့သူ၊ ဘဝပျက်တဲ့သူ များလွန်းလို့ အသုဘ စာရင်းကိုင်တွေတောင် မျက်ဖြူစိုက်နေတဲ့ ကျုပ်တို့နိုင်ငံရဲ့ ခေတ်သစ် နိုင်ငံရေးသမိုင်း။
လူမျိုးရေး ဇာတိသွေး၊ ဇာတိမာန်ဆိုတာ တန်ဆေး လွန်ဘေးပေါ့ဗျာ။ ဒီ လူမျိုးရေး စစ်ရေးသွေးကြွတာတွေ များလာတော့ ကျုပ်တို့အားလုံး ဘုရားဆုပန်ဆိုတဲ့ဘဝကနေ အမြီးပေါက်ပြီး တရားပျောက်တဲ့ဘဝ။ လူထုက စားဝတ်နေရေး ရုန်းကန်ရလို့  ကျောင်းပညာနဲ့ ဗဟုသုတ ကောင်းကောင်း မရှိနိုင်တဲ့ ဘဝ။

ပါရဂူဘွဲ့ရ ကဝိကြီးများ ကိုယ်တိုင်က မျက်မှန်အရောင်စုံတပ်ပြီး ရခိုင်ပြည်သည် ရခိုင်များအတွက်ဆိုပြီး သွေး စကားတွေ ပြောပြီး ခေတ်နောက်ပြန်စွဲ ညစ်ပလီသမိုင်းထဲမှဘဲ ယက်ကန်ယက်ကန် ပေါလောပေါလာ အဆင့် ကနေ တက်မလာကြတာကို ဝမ်းနည်းစွာ မြင်ရ ကြားရ ဖတ်ရပါတယ်။ ဥပမာ ပြရရင် ဧရာဝတီမှာ ပါသွားတဲ့ ဒေါက်တာ အေးကျော် ရဲ့ အင်တာဗျူး။ ကေအန်ယူ ခေါ် ကရင်အမျိုးသားအဖွဲ့ကြီးရဲ့ သင်ရိုးတွေမှာလည်း ဗမာတွေကို ကလော်တုတ်အောင် ဇောင်းပေးရေးထားတာ အားလုံးက သိကြပါတယ်။ ဒီလူမျိုးရေး အခြေခံ သွေးစော်နံတဲ့ သမိုင်းအမြင်နဲ့ လူမူနိုင်ငံရေး သဘောထား အကျင့်အကြံတွေဟာ ကျူပ်တို့ မဟာ ဗမာတွေနဲ့  “မဟာလူနည်းစု” ဝင်တွေကြားက ပြဿနာတင် မဟုတ်ပါဘူး။

ဗမာတွေကို မဟာဗမာတွေ ဆိုပြီး ကလော်တုတ်ပြီး ဆန့်ကျင်နေတဲ့ ရှမ်း၊ ကချင်၊ ရခိုင် စတဲ့ မဟာလူနည်းစုဝင် များက ၎င်းတို့ထဲမှာ ကြားညပ်နေတဲ့ လူမျိုးစု အငယ် ဘုစု ခရု မှန်သမျှကို မဟာလူနည်းစု ဝါဒကိုင်စွဲပြီး ညစ် ကျယ်ကျယ်လုပ်ပြ ဗိုလ်ကျ လုပ်တာ မမြင်ချင် မကြားချင်လို့ မရတဲ့ အနေအထား၊ သွေးကိုပဲ အခြေခံခံ၊ ဒေသ အရ အသံထွက် ကွဲပြားတာကိုပဲ ကြည့်ကြည့် ကိုးကွယ်တဲ့ဘုရားမတူတာဘဲ အဓိကထားထား ကျုပ်တို့အားလုံး တမျိုးနဲ့ တမျိုး တဖွဲ့နဲ့ တဖွဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေမိပြီး ညစ်ပလစ်၊ ညစ်ပလီ နိုင်ငံရေး လုပ်နေကျ တာပဲဗျာ။

ရှည်ရှည်ဝေးဝေး မကြည့်ပါနဲ့၊ ရခိုင်က မဟာမေဒင် ကုလားတွေကို နှိပ်ကွပ်ဖို့ ကြံ၊ ဗုဒ္ဓဘာသာ ကရင်တပ်မတော် ကြီးက အစဉ်အလာအရ ခရစ်ယာန်တွေရဲ့ KNU အဖွဲ့ဝင်တွေကို မေတ္တာရှေ့ထားပြီး လိုက်သတ်၊ ဂျိန်းဖောတွေ က လီဆူးတွေကို ဗိုလ်ကျ၊ ဒါတွေပြောမယ်ဆိုရင် ပြောမဆုံးပေါင် တော သုံးထောင် ဆိုတာလိုမျိုး။

လက်ရှိ စစ်ပါတီများ ချယ်လှယ်တဲ့ န အ ဖ အစိုးရ ကြည့်ပြန်တော့ ဒီလောက်ကြီးတဲ့ “သွေး” ပြဿနာထုကြီးကို ပေါ့သေးသေး နိုင်ငံရေး သူငယ်နာရယ်လိုများ သဘောထားသလား မသိပါဘူး။ လူမျိုးရေးကိစ္စကို “နယ်ခြားစောင့် တပ်”ရဲ့ စစ်သားစုဆောင်းရေးပြဿနာ သဘောလောက်ပဲ ဒီမောင်တွေ သဘောထားပုံရတယ်။

NLD က ဒီမိုကရေစီ ထုတ်ဆေး မန်းဆေးနဲ့ လူမျိုးရေးကို ကိုင်မယ်၊ ကုမယ်။ န အ ဖ စစ်ပါတီကြီးများက M.1 M.2 M.3 ခေါ် မောင်းပြန် ဆေးကြိမ်လုံးတွေနဲ့ လူမျိုးရေး အမင်းထုတ်မဲ့ ဟန်။ ဒါကတော့ တိုင်းပြည်ကြမ္မာကို သုံးသပ်ကြည့်တာပါ။ ဖြစ်နေတာက နာတာရှည် ကင်ဆာ၊ ကုမဲ့သူတွေက  စစ် ဆရာ ကြီး တွေ။ လူမျိုးစု၊ လူမျိုးကြီး ပြဿနာဆိုတာ စိတ်ပိုင်းဆိုင်ရာ ဝါဒရေးရာပြဿနာပဲ ဆိုပြီး ကန့်ကြည့်လို့ မရပါဘူး။

ဒီ အပေါ်ယံ သွေး စကားပြောတာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာကြည့်မယ်ဆိုရင် လူ့အလွှာတွေ၊ လူမျိုးအစုတွေ ထဲမှာ အနိုင်ကျင့်မူ၊ စီးပွားရေး ကုပ်သွေးစုတ်မူတွေ အဖုံဖုံတွေ့ရမှာပါ။

“ကမ္ဘာမကြေ”ဆိုတဲ့ အသံကြားလိုက်တာနဲ့ ဗမာတွေ အားလုံး ရုပ်ရှင်ရုံထဲ မတ်တပ်ထရပ် လောက်အောင် ခေါက် ရိုးကျိုးတဲ့ အထိ အမျိုးသားရေး မျက်မှန်ရောင်စုံတပ်ခံထားရတော့ ဗမာအချင်းချင်း၊ ရှမ်းအချင်းချင်း၊ ကရင် နဲ့ ကချင် အချင်းချင်း ဒါမှမဟုတ် ကျုပ်တို့တမြေတည်းနေ တပြည်ထောင်စုသားတွေ မုဒိတာ ပွားကြမယ်လို့ ထင်ပါ သလား။ သတိမျက်မှန်လေးကပ်ပြီး ကြည့်လိုက်ပါ။ ဟင်္သာကိုးသောင်း ဇာတ်တူသားစား ဇာတ်ခင်းနေတာ မမြင် ချင် အဆုံး။

ရခိုင်ကမ်းလွန်နဲ့ ကန်းခြေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူး၊ ရေနက်သင်္ဘောဆိပ်တွေ ဆောက်တာ ဘယ်သူ့အမိန့် နဲ့ ဘယ်သူ့အကျိုးအတွက်လဲ။ မွန်တွေရဲ့ဒေသ မုတ္တမ ပင်လယ် ကွေ့မှာ သဘာဝဓာတ်ငွေ့တူးပြီး ရလာတဲ့ ဘဏ္ဍာတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူ့ အတွက်လဲ၊ ကရင်တွေရဲ့ ကော်သူလေးပြည်မှာ ကျွန်းနဲ့ တခြား သစ် မာတွေ ခုတ်ရောင်းတာ ဘယ်သူတွေ အမြတ်ရသလဲ။ ဒေသခံ ပြည်သူတွေလား။ ကြေးနီ၊ ကြေးဝါ၊ သံနဲ့ ယူရေ နီယမ် ထွက်တာ တူးတာက ရှမ်း၊ ကချင်၊ ကရင်နီဒေသတွေများတယ်။ ဒါတွေထုတ်ရောင်းတော့ အဲဒီနယ်တွေက ပြည်သူတွေ ဘာတွေများ အကျိုးအမြတ်ရပါသလဲ။  ဒီအမြတ်တွေ၊ သယံဇာတတွေ ဘယ်နားရောက်သွားသလဲ။ လို့ မေးကြည့်ပါဦး။

ကျုပ်တို့ နိုင်ငံမှာ လူသန်း ၅၀ ကျော်ရှိတာ ဘယ်လူတန်းစားက ဆန်စပါး၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထုတ်လုပ် ပေးပြီး အဲဒီ လူတန်းစားရော စားဝတ်နေရေး ရုံးကန်ရတဲ့ဘဝကလွတ်ဖို့ အနေအထား ရှိပါသလား။ တံငါသည် တွေ၊ တောင်သူလယ်သမားတွေ ထမင်းရည်ကို ပုလင်းနဲ့ ဝယ်သောက်ရတယ်လို့ ကြားဖူးပါတယ်။ မြန်မာပြည်ကြီး ရဲ့ ပါမစ်အခြေခံတဲ့ စီးပွားရေးစနစ်ပျက်ကြီးကို ကြိုးကိုင်ပြီး ပထွေးသေလို့ အမွေရတဲ့ ကုန်စုံဆိုင်ကြီးလို လက်ဝါး ကြီးအုပ် အမြတ်ထုတ်နေတာ ဘယ်သူတွေလဲ။ ဘယ်လူတန်းစား ပါလဲ၊ တို့ တိုင်းဌာနေလို့ ဆိုတဲ့ ရွှေဝါပြည် ကြီး မှာ တို့တာဝန်ကြီး သုံးပါးဆိုတာ ဘယ်ခေါင်းဆောင်ကြီးရဲ့ ရွှေဉာဏ်တော်စူး ရောက်မှုပါလဲ။

ဒီမေးခွန်းတွေကို မေးဖို့၊ ဖြေနိုင်ဖို့ ပါရဂူဘွဲ့လည်း မလိုဘူး။ ရေပေါ်ဆီ နိုင်ငံရေးသမား၊ တိုင်းပြုပြည်ပြု သမားတွေ ဖြစ်ဖို့လည်း မလိုပါဘူး။ ဘယ်ဆုရမှ ဘွဲ့ ရမှ အဖြေမှန် ထွက်နိုင်တာလဲ မဟုတ်ပါဘူး။ ဓမ္မာစရိယလည်း အောင်စရာ မလိုပါဘူး။

သာမန်ပြည်သူ အခြေခံလူတန်းစားကအစ ရွှေကိုင်းမျက်မှန်နဲ့ ခါတော်မီ ကိုယ်တော်လေးတွေ အဆုံး ဖြေနိုင်တဲ့ နိုင်ငံရေးပဟေဠိ တွေပါ။

ဗမာတွေ အပါအဝင်  တိုင်းရင်းသား လူမျိုးစု အားလုံးပါ အသည်းနာဖို့ ကောင်းတာက လွတ်လပ်ရေးရတာ နှစ် (၆၀) ကျော်ပါပြီ။ မျက်မှောက် တို့တိုင်းဌာနီကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လူမျိုးရေး အနေအထားတွေ ဟာ ကိုလိုနီ နှစ်ထပ်ကွမ်း အနေအထားပါ။

လူမျိုးစုတွေဘက်က ကြည့်ရင် မျက်မှောက်မြန်မာပြည်ကြီးဟာ မဟာဗမာ စစ်ဝါဒီ တွေရဲ့ လူမျိုးရေး ဗိုလ်ကျမူ၊ စီးပွားရေး ကုပ်သွေးစုတ်မူနဲ့ နယ်ချဲ့သိမ်းပိုက်မူ ဘဝမှာ နေရတယ်လို့ ပြောလာရင် မှန်တယ်လို့ပဲ ဝန်ခံရမှာပါ။

မျက်မှောက် တို့တိုင်းဌာနီကြီးက သူတို့ အတွက်တော့“လူမျိုးရေး ကိုလိုနီစနစ်”ပါပဲ။ ဗမာအရပ်သား ပြည်သူတွေ (စီးပွားရေးသမား၊ ပညာရှင်၊ အနုပညာသမား၊ လက်လုပ်လက်စားနဲ့ တောင်သူလယ်သမား၊ စက်ရုံ အလုပ်သမား၊ ပြည်သူ့ဝန်ထမ်းတွေအပါအဝင် ဘုန်းတော်ကြီး၊ သီလရှင်တွေ အားလုံး) ဘက်က ကြည့်ပြန်တော့ သေနတ် အားကိုး နသားပါးရ အုပ်ချုပ်တဲ့ ပြည်တွင်းဖျက် ကိုလိုနီ ယန္တရားထဲမှာ ပြားနေအောင် ဝပ်နေရတဲ့ “စစ်ကိုလိုနီ”စနစ်။

ဒါကြောင့် တို့တိုင်းဌာနေကြီးကို “ကိုလိုနီ နှစ်ထပ်ကွမ်း” လို့ တင်စားလိုက်တာပါ။ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဒီမိုကရေစီ ဆိုပြီး လူကြားကောင်းအောင် အော်ပြီး ၂၀၁၀ ရွှေးချယ်ပွဲကနေ ဒီ ပြည်ဖျက် “ကိုလိုနီနှစ်ထပ်ကွမ်း” ကို စင်တင်မှာ ဖြစ်ပါတယ်။

အချုပ်တန်းဆရာဖေများ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် “ညစ်ပလီ”များပေပဲ ဆိုပြီး ကလောင်နဲ့ တွယ်လိုက်ဦး မယ် ထင်ပါတယ်။

ပညာရှင် တယောက်အနေနဲ့ရော ဗမာတယောက်အနေနဲ့ပါ အော့နှလုံးနာမိတာကတော့ အရပ်သား ပညာရှင် ကဝိကြီးများက ကျုပ်တို့ လူမျိုးချင်းချင်း ကိုလိုနီစနစ်မှာ အုပ်ချုပ်မယ့် စစ်ဝါဒီဝင်တွေကို မျိုးချစ်ကြီးများရယ်လို့ သတ်မှတ်ပြီး ရေးကြ၊ သုံးသပ်ကြ၊ ဟောပြောကြနဲ့ ပညာရှင် သိက္ခာမစောင့် လုပ်နေကြတာပါပဲ။

အဲဒီ ကဝိကြီးတွေ နိုင်ငံရေး ဗေဒင်ဆရာတွေ ရေး၊ ပြော၊ ဟောတာတွေက စစ်ဝါဒီ တွေရဲ့လက်အောက်မှာ နင်းပြားကျွန်နှစ်ထပ်ကွမ်း ပြည်သူလူထု တိုင်းရင်းသားအစုအားလုံးကို စော်ကားမော်ကား လုပ်တာပါပဲ။
လူလူချင်း လူပါးဝပြီး သွေးစုတ်ကြ၊ အနိုင်ကျင့် ကြနဲ့ စခဲ့တဲ့ ပဒေသရာဇ် စနစ်ဆိုးတွေရဲ့ ကြားက ဖြတ်သန်းလာ ခဲ့တဲ့ မြန်မာလက်နက်နိုင်ငံကြီးတွေကို ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်အသွင် လံကြုတ် လုပ်ကြံရေးထားတဲ့ မုသာဝါဒ အမျိုးသားသမိုင်းကို ကျုပ်တို့ ဇီဝိန်ဖြုတ်ဖို့ လိုပြီ။

“နိုင်ငံတော်သည် အမိ၊ နိုင်ငံတော်သည် အဖ” ဆိုတဲ့ နိုင်ငံတော်ဝါဒီ များ၊ မကျက်တကျက် အမျိုးသားဝါဒီ ပညာတတ်လူတန်းစားများ ကဝိကြီးများ က ကျုပ်တို့ လူထုကြီးကို ဆက်ပြီး သမိုင်းမျက်မှန်စိမ်းတပ်ပေးပြီး မြက်ကျွေးတာကို အဓိက ပြဿနာကြီး တရပ်အနေနဲ့ ရှုမြင်ဖို့ လိုပါတယ်။

ကျုပ်တို့ ပြည်သူတွေ၊ လူမျိုးစုတွေဟာ ဒီ“သွေး”ဝါဒီတွေကို ကျော်ပြီး စည်းစည်းလုံးလုံးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ချင်တယ်ဆိုရင် ဗမာလူမျိုးကြီးဝါဒ သမိုင်းအပင်းသွင်းတာကိုပဲဖြစ်ဖြစ်၊ တခြားလူမျိုးစု မျက်မှန်စိမ်း တပ်တာကိုပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား လက်မခံကြဖို့ လိုပါတယ်။


စာရေးသူ၏ “ ကျုပ် ” အခေါ်အဝေါ်ပေါ်  ရှင်းလင်းချက်

ဒီဆောင်းပါးမှာ အညာဆန်ဆန် မိမိကိုယ်မိမိ “ကျုပ်” လို့ ရည်ညွန်း သုံးစွဲထားတာကို လူယဉ်ကျေး အရပ်က မန္တလေးသား အပြောအဆို ရိုင်းပါဘိလို့ မယူဆစေလိုပါ။ ဗမာပြည်သူတွေကို ခေတ်အဆက်ဆက်က နာမ်နှိမ်ပြီး စော်စော်ကားကား “င” နဲ့ တပ်ခေါ်၊ ကျွန်တော်မျိုး ကျေးတော်မျိုး  ဆိုပြီး၊ လက်အုပ်ချီခိုင်း၊ ဒူးထောက် ခိုင်းနဲ့ အုပ်ချုပ်သူများကတော့ ရွှေလင်ပန်းနဲ့ အချင်းဆေးတဲ့ မင်းမျိုးမင်းဆွေတွေဆိုပြီး လူပေါ်လူစော် လုပ်တဲ့ ယဉ်ကျေးမှုကို တမင်ရှုတ်ချတဲ့အနေနဲ့ ကျွန်တော်အစား “ကျုပ်”လို့ သုံးနှုန်းခြင်း ဖြစ်ပါတယ်။ ရိုင်းတယ်လို့ ကောက်ချက် လိုသူများကိုတော့ မြန်မာပြည် လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့သူများမှာ “အရိုင်း”လို့ သမုတ်ခံ၊ တဇောက်ကန်းလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုအောင်ဆန်းနဲ့ လူမိုက်များသာ ဖြစ်ကြတယ် ဆိုတာ သတိမူကြ စေချင်ပါကြောင်း။

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */