NP News
မြူနစ် (NP News) - မေ ၁၈
18/05/2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်အားလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်သည် ယမန် နေ့(မေလ ၁၇ ရက်) ညပိုင်းမှစတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနေအိမ်အားလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများနှင့်နီးစပ်သူအချို့က NP News ကိုပြောသည်။
“ကြားရတာတော့ လက်ကျန်တစ်မြို့လုံးနီးပါးလောက် လောင်သွားတယ်လို့ ကြားတယ်။ ရပ်ကွက်(၅)ခုလောက်ပဲ ဘူးသီးတောင်မှာရှိတာကို။ မောင်တောဘက်ခြမ်းကတောင် ဘူးသီးတောင်မှာ မီးလောင်နေတဲ့ မီးလျှံတွေကို မြင်ရတယ် ပြောကြတယ်”ဟု ဘူးသီးတောင်မြို့ခံများနှင့်နီးစပ်သူက ပြော သည်။
အဆိုပါမီးလောင်မှုမဖြစ်ခင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ အဖွဲ့ဝင်အချို့သည် မြို့နေလူထုအား ဘူးသီးတောင်မြို့ပေါ်မှ ထွက်ခွာသွားရန် သတိပေးပြောဆိုမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ဘူးသီးတောင်မှာ တိုက်အိမ်တွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ အဓိက ရခိုင်ဒေသမှာ အခြေခံက သစ်တွေ၊ ဝါးတွေ၊ ဓနိတွေကိုအခြေ ခံကြတယ်။ ခြံစည်းရိုးတွေက အုတ်နံရံတွေအစား ဝါးနံရံတွေလေ။ ဆိုတော့ တစ်အိမ်ကို မီးလောင်ရင် တစ်အိမ်ကို ကူးမှာပေါ့။ သွပ်မိုးအိမ်တွေလည်း ကြားညှပ်ပါသွားနိုင်တာပဲလေ။ တစ်မြို့လုံးနီးပါး ကုန်သွားနိုင်တယ်”ဟု ဘူးသီးတောင်မြို့ခံများနှင့်နီးစပ်သူက ဆက်လက်ပြောသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်များကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းကဲ့သို့ မီးရှို့ခဲ့ပြီးနောက်ပိုင်းတွင် AA အဖွဲ့ဝင်များက မြို့အနှံ့အလံများဝှေ့ယမ်းကာ အောင်ပွဲခံခဲ့ကြကြောင်း ဒေသခံများနှင့်နီးစပ်သော အခြားသူတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။ ထိုသို့မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒေသခံများအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ခိုလှုံစရာအခက်အခဲများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။ အလားတူ ပြီးခဲ့သော ဧပြီလအတွင်း၌လည်း ဘူးသီးတောင်မြို့ပေါ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။
ဘူးသီးတောင်တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ နစကဘက်က တစ်စုံတစ် ရာထုတ် ပြန်ထုတ်ခြင်းမျိုး မရှိသေးသကဲ့ သို့ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ဘက်ကလည်း အသိပေးထုတ်ပြန်ခြင်းမျိုး မရှိသေးသည်ကို တွေ့ရှိရသည်။
Link : Here
No comments:
Post a Comment