RFA
RFA Burmese
2024.05.18
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် မနက် ၄ နာရီတွင် တွေ့ရစဉ်။Citizen Journalist
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ လေကြောင်းနဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံးပြီး နှစ်ရာခန့် ဒဏ်ရာရခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က ပြောပါတယ်။ မေလ ၁၇ ရက်နေ့ နေလယ်တစ်နာရီခန့်မှာ စစ်ကောင်စီတပ်က (AA) တပ်ဖွဲ့ဝင်တွေရှိနိုင်မဲ့ မြို့ပေါ်နေရာအချို့ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရိုဟင်ဂျာ ၁၂ ဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။
ညနေ ၄ နာရီခန့်မှာလည်း ကျေးရွာအချို့က ရိုဟင်ဂျာတွေခိုလှုံနေတဲ့ မြို့ပေါ်က အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းကို ရက္ခိုင့်တပ်တော် (AA) က ဒရုန်းဗုံးတွေနဲ့ ကြဲချခဲ့တာကြောင့် ရိုဟင်ဂျာ ၁၈ ဦး သေဆုံးခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနှစ်ခုအတွင်း နောက်ထပ် ရိုဟင်ဂျာနှစ်ရာခန့်လည်း ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘူးသီးတောင်မြို့ခံ ရိုဟင်ဂျာတစ်ဦးက RFA ကို မေလ ၁၈ ရက်နေ့ မနက်ပြောပါတယ်။
"AA ဘက်က ပထမဆုံးစပြီး တိုက်ပွဲခေါ်နေတယ်ပေါ့၊ အထက ကျောင်းမှာလည်း ဒရုန်းသုံးပြီး ဗုံးကို နှစ်လုံး သုံး လုံး ကြဲခဲ့တာ။ အဲဒီကျောင်းမှာ ခိုလှုံနေကြတာ လူတွေကတစ်ပုံကြီး အများကြီးပဲ၊ ထိခိုက်ဒဏ်ရာရတာကအများ ကြီးရှိတယ်၊ နှစ်ရာလောက်ရှိတယ်။ မြေပြင်အခြေအနေမှာဆို ထိခိုက်ဒဏ်ရာရတာက အများကြီး ပိုနိုင်တယ်။ အခုက မြို့ပေါ်မှာလည်း ဘယ်သူမှမရှိတော့ဘူး"
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အဲဒီကျောင်းမှာ ကံပြင်၊ ဇော်ဘော်၊ ကကျက်ဘက်၊ မြောင်းနား၊ အလယ်ချောင်း၊ ကွန် တိုင် ဘကုံးနား၊ ဘကုံးနားတောင်ရွာ၊ လက်ဝဲဒက်နဲ့ ရွက်ညိုတောင်ရွာ စတဲ့ ရွာပေါင်းနှစ်ဆယ်နီးပါးက ရိုဟင်ဂျာတွေ ခိုလှုံနေကြတာလို့ ဆိုပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ နောက်ထပ် ဘူးသီးတောင်မြို့ခံ ရိုဟင်ဂျာတစ်ဦးက ဘူးသီးတောင်မြို့ပေါ် ရပ် ကွက်ရှစ်ခုမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့နေအိမ်တွေကိုလည်း ရက္ခိုင့်တပ်တော် (AA) က မီးရှို့ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"ဘူးသီးတောင်မြို့ရဲ့ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)၊ အမှတ် (၆)၊ အမှတ် (၇) ရပ်ကွက်တို့ကို ၁၇ ရက်နေ့ည ၁၀ နာရီလောက်မှာ AA ကဝင်ပြီး ရိုဟင်ဂျာအိမ်တွေကို မီးရှို့တာ။ ရပ်ကွက် ခုနစ်ခု၊ ကျက်ဘတ်ကျေးရွာတစ်ခု၊ ရှစ်ခုကို မီးရှို့လိုက်တယ်။ မီးရှို့လိုက်တော့ အကုန်လုံးက ဘူးသီးတောင်ရဲ့အကျဉ်း ထောင်ဘက်မှာ နေနေတယ်တဲ့။ တချို့လူတွေကျတော့ ဘူးသီးတောင်ဗျူဟာအရှေ့မှာ နေနေကြတယ်။ ဗျုဟာရှေ့မှာ ဝင်နေတယ်တဲ့ "
မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။
RFA က မေလ ၁၈ ရက်နေ့ မနက် ဆက်သွယ်ခွင့်ရခဲ့တဲ့ ဘူးသီးတောင်ဒေသခံတစ်ဦးက မြို့ပေါ်မှာရှိတဲ့ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ရက္ခိုင့်တပ်တော် (AA) က ဘူးသီးတောင်အကျဉ်းထောင်အနီး လယ်ကွင်းတွေမှာ စုထားတယ်လို့ ပြောပါတယ်။
နောက်ထပ်ရိုဟင်ဂျာတစ်ဦးကလည်း မနေ့ညပိုင်း မေယုတောင်ကိုကျော်ဖြတ်ဖို့ ကြိုးစားချိန် AA က သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ကိုယ်လွတ်ရုန်းပြေးခဲ့ရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ RFA ကို ပြောပါတယ်။
“ဗျူဟာကုန်းဘက်ကနေ ဖြတ်ကျော်လို့ ဌာနချုပ် (မောင်တောကျီးကန်းပြင်) ဘက်ကိုလာတယ်။ လာတဲ့အချိန်မှာ ကြားက AA က တားဆီးတယ်။ အဲဒီလူတွေကို ပစ်တယ်။ ပစ်တဲ့အခါ လူတွေက အကုန်လုံးထွက်ပြေးကြတယ်။ အားလုံးဘယ်ကို ရောက်သွားလဲမသိဘူး။ အဲဒီအထဲ ငါ့အမျိုးတွေလည်း အများကြီးပါတယ်။ ညအချိန်မှာဖြစ်တာ အဲဒါတွေကို ငါစုံစမ်းနေတုန်း အားလုံးစုံစမ်းပြီးမှ ပြောလို့ရမယ်”
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေကို နှင်ထုတ်ပြီး နေ အိမ်တွေကိုမီးရှို့တာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
"၁၆ ရက်နေ့ကတည်းက ကြိုပြောထားတယ်။ မနေ့က နှုတ်မိန့်နဲ့ ထွက်ကိုထွက်ရမယ်။ ၁၇ ရက်နေ့က သေချာ ထပ်ပြောတယ်။ ၁၈ ရက်နေ့မနက် ၁၀ နာရီထွက်သွားဖို့ဆိုပြီးတော့။အဲလိုမျိုး စာရွက်စာတမ်းအထောက်အထား တော့ မရှိဘူး။ မြို့ပေါ်မှာ စစ်တပ်လုံးဝမရှိဘဲနဲ့ ဒီလိုပုံစံမျိုးလုပ်သွားတာက အတော်လေးကို တစ်ဖက်သတ်ဆန်သွားပြီ။ အကာအကွယ်မဲ့နေတဲ့လူတွေကို ဒီလိုနေရာကမောင်းထုတ်ပြီးတော့ အိမ်တွေအားလုံးကို မီးရှို့ပစ်တာက သူတို့လုပ်သွားတဲ့လုပ်ရပ်တွေ အာလုံးက စစ်ရာဇဝတ်မှုပါပဲ"
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် မြေပြင်မှာဖြစ်နေတဲ့ အခြေအနေအသေးစိတ်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။
ဘူးသီးတောင်အခြေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကို RFA က ဒီနေ့မနက်ကစ ဆက်သွယ်ခဲ့ပေမဲ့ ညနေပိုင်းအထိ တုံ့ပြန်ဖြေဆိုခြင်း မရှိပါဘူး။
ဒါပေမဲ့ AA ကတော့ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် စခန်းအားလုံးကို မေလ ၁၈ ရက်နေ့ နေ့လယ်မှာ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ပူးပေါင်းနေတဲ့ ရိုဟင်ဂျာတွေကိုပါ လိုက်လံရှင်းလင်းနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
- ဘူးသီးတောင်မြို့သိမ်းဖို့ AA ကြိုးပမ်းနေကြောင်း ဒေသခံတွေ ပြော
- ရမ်းဗြဲမှာ စစ်လက်ကျန်ဗုံးပေါက်ကွဲလို့ ကလေးတွေအပါအဝင် ငါးဦး ဒဏ်ရာရ
- ရသေ့တောင်မှာ မြေမြှုပ်မိုင်းနင်းမိပြီး လူငယ်တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်
- စစ်ကောင်စီလက်နက်ကြီး ရွာထဲကျလို့ သံတွဲဒေသခံ ကိုးဦးသေဆုံး
- ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရ
No comments:
Post a Comment