Tuesday, April 9, 2024

၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြောင်း NUCC ထုတ်ပြန်

RFA
RFA Burmese
2024.04.09 

 နေရပ်ပြန်ခွင့်ရရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။ AFP

၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းရမဲ့ ဥပဒေဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၄ ရက်ကနေ ၉ ရက်နေ့အထိ ငါးရက်ကြာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပြီး ၁၉၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် ဖော်ပြချက်ပါ ကြားကာလဥပဒေပြုရေး အခန်း ၅ ရဲ့ ဖော်ပြချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းဖို့ NUCC ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီရဲ့ တရားမဝင်ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တိုက်ဖျက်ဖို့နဲ့ ဒီဥပဒေကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို လူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး မဟာဗျူဟာမြောက် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေသန္တရအုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေမှာ မြေပြင်အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နဲ့အညီ စနစ်တကျလုပ်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေကြား ဟန်ချက်ညီ လုပ်ဆောင်နိုင်တဲ့ ယန္တရားတွေအဖြစ် သုံးသပ်ပြင်ဆင် တည်ဆောက်ဖို့လည်း အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ညီလာခံတွေကို ခြောက်လတစ်ကြိမ် ပုံမှန်ကျင်းပသွားဖို့လည်း သဘောတူခဲ့တယ်လို့ ရေးသားထားပါတယ်။

ညီလာခံနောက်ဆုံးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကိုယ်စားလှယ်တွေ မတက်ရောက်ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး CRPH တာဝန်ရှိသူကတော့ မတက်ရောက်ဘူးဆိုတာ အတည်ပြုပေမဲ့ ဘာကြောင့်မတက်ရောက်ဘူးဆိုတာကို ပြောဆိုခြင်းမရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ NUCC ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ RFA အနေနဲ့လည်း NUG နဲ့ CRPH တို့ အစည်းအဝေးနောက်ဆုံးနေ့ကို ဘာကြောင့် မတက်ရောက်ဘူးဆိုတာကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက ကိုယ်စားလှယ်တွေ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ် ယူနစ် ကောင်စီတွေက ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း ၂၀၄ ဦးနဲ့ ညီလာခံမှာ ပါဝင်ဆွေးနွေးဖို့ အထူးဖိတ်ကြားထားသူ ၁၀၄ ဦး၊ လေ့လာသူ ၁၂၈ ဦး တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်နွယ်သောသတင်းများ  
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */