Thursday, April 4, 2024

စစ်မှုထမ်းသူတွေကိုထောက်ပံ့ဖို့ ငွေကြေးကောက်ခံနေကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေပြော

RFA
RFA Burmese
2024.04.03 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူများအား ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ခေါင်းဒုက္ကာ ကျေးရွာအုပ်စုအတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေထံကနေ စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့ဆိုပြီး စခန်းကော်မတီဝင်တွေက ငွေ ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ခေါင်းဒုက္ကာကျေးရွာအုပ်စုထဲက အုန်းတော်ကြီး (မြောက်) ဒုက္ခသည်စခန်းမှာ ရှစ်ခန်းတွဲအဆောင် ၃၄၅ ဆောင်နဲ့ အခန်းပေါင်း ၂၇၆၀ ခန်းရှိပြီး တစ်ခန်းကို လစဉ်ကြေး တစ်သောင်းခွဲကျပ် (၁၅,၀၀၀ ကျပ်) စီ ထည့်ဝင်ဖို့ ကောက်ခံနေတာလို့ ဆိုပါတယ်။

မတ်လအတွင်းက အခန်းတစ်ခန်းကို ငါးထောင်ကျပ်ကောက်ခံနေရာကနေ အခုလိုတိုးမြှင့်ကောက်ခံတာဖြစ်ပြီး မပေးဆောင်ရင် သက်ဆိုင်ရာအာဏာပိုင်တွေကို တိုင်ကြားပြီး အရေးယူမှုတွေ လုပ်ဆောင်မယ့်အကြောင်း စခန်းကော်မတီဝင်တွေက ပြောဆိုထားတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

ကူညီထောက်ပံ့မှုတွေမရချိန် လစဉ်ကြေးတိုးကောက်တဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အုန်းတောကြီး ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ပထမတစ်ခေါက်လည်း ငါးထောင်ကျပ် ကောက်ခဲ့ပါတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့အချိန်မှာ အဆောင်မှာရှိတဲ့ အခန်းတစ်ခန်းကနေ တစ်သောင်းငါးထောင်ကျပ် ပေးရမယ်ဆိုရင် ဥပမာ အိမ်ထောင်စု တစ်စုကနေ နှစ်ခန်းပိုင်ထားတာလည်း ရှိတယ်။ သုံးခန်းပိုင်ထားတာလည်း ရှိတယ်။ လေးခန်းပိုင်ထားတာလည်း ရှိပါတယ်။ အိမ်ထောင်စုတစ်စုက လေးခန်းပိုင်ထားတယ်ဆိုရင် ခြောက် သောင်းပေးရမှာ။ အဲဒီလိုဆို လူတွေက တော်တော်ခက်ခဲတွေ ကြုံရမှာ”

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က အမိန့်ပေးထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ကောက်ခံနေတာလို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ငွေကြေး ကောက်ခံတာတွေအပြင် သဘာဆန္ဒမပါဘဲ မဲစနစ်နဲ့ရွေးချယ်ပြီး စစ်မှုထမ်းဖို့အတွက် ခေါ်ယူမှုတွေလည်း ရှိနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်က ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်သင်တန်းတက်ဖို့အတွက် ရွာကြီးရင် လူသုံးဆယ်၊ ရွာငယ်ရင် လူနှစ်ဆယ်ပေးဖို့ ကျေးရွာတာဝန်ခံတွေကတစ်ဆင့် လူစုခိုင်းတာဖြစ်ပြီး ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေ အများစုကိုလည်း စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားတာ ရှိတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေအရေး တက်ကြွလှုပ်ရှားသူတွေကတော့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူ မြို့နယ်တွေက ရိုဟင်ဂျာ တစ်ထောင်ကျော်လောက်ကို စစ်ကောင်စီတပ်က စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ထားတာရှိတယ်လို့ RFA ကို ပြောပါတယ်။

ဆက်နွယ်သောသတင်းများ


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */