" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 4, 2024

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ဧရာဝတီ
အေးချမ်းဆု
2 April 2024
ဆောင်းပါး
ပလက်ဝ သိမ်းပြီးသည့် ဇန်နဝါရီလ ၁၄ ရက်မှစ၍ ရသေ့တောင် သိမ်းပြီးသည့် မတ်လ ၁၇ ရက်နေ့အထိ နှစ်လခန့်အား ရခိုင်ထိုးစစ် ဒုတိယအဆင့်ဟု ဆိုရမည် / AA Info Desk

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ်ပြီးနောက် ရက္ခိုင့်တပ်တော် (AA) သည် တဖက်က ဒေသအုပ်ချုပ်ရေး၊ စည်းရုံးရေး၊ တရားစီရင်ရေး၊ တပ်သားသစ်များ လေ့ကျင့်ဖွဲ့စည်းရေးများ ပြုလုပ်ခဲ့သကဲ့သို့ တဖက်ကလည်း ရခိုင်စစ်မျက်နှာသို့ လက်နက်ခဲယမ်းစုပုံပြီး ရခိုင်စစ်မျက်နှာ ထိုးစစ်အတွက် ပြင်ဆင်ခဲ့၏။

ပြင်ဆင်ရသည့် အချိန်လိုအပ်သဖြင့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မစနိုင်ဘဲ ၁၇ ရက် နောက်ကျပြီး နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်နိုင်ခဲ့၏။ ဤတကြိမ်စစ်ပွဲတွင် AA သည် ၂၀၁၉၊ ၂၀၂၀ ကဲ့သို့ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ဖြင့် စစ်တပ်ကို ရင်ဆိုင်ခြင်း မပြုခဲ့ပေ။ နယ် မြေသိမ်းထိုးစစ် ဆင်နွှဲခဲ့ပြီး AA သည် သူ၏ စစ်ရေးရည်မှန်ချက် ပေါက်မြောက်အောင် တဆင့်ပြီးတဆင့် ထိုးစစ်ဆင်သည်ကို တွေ့ရ၏။

ရက္ခိုင့်တပ်တော်၏ ထိုးစစ် ပထမနှင့် ဒုတိယအဆင့်


AA ၏ ပထမအဆင့် ထိုးစစ်တွင် မယူတောင်တန်းရှိ နယ်ခြားစောင့်စခန်းအချို့ သိမ်းခြင်း၊ ပေါက်တောမြို့အား တိုက်ခိုက်ခြင်းများ ရှိသော်လည်း အဓိကထိုးစစ်အား ပလက်ဝဒေသတွင် တွေ့မြင်ရ၏။ ပလက်ဝဒေသတွင် စစ်ကောင်စီသည် တပ်မ နှစ်ခုခန့် တပ်များချထားပြီး ဗျူဟာကုန်းကြီးများဖြင့် အခိုင်အမာ ခံစစ်ပြင်ထား၏။

ထိုဗျူဟာကုန်း၊ စခန်းကြီးများရှိရာ ပလက်ဝဒေသကို AA သည် နှစ်လခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၏။ ထိုအချိန်၌ ရှမ်းမြောက်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပင် နယ်မြေထိန်းချုပ်နိုင်ပြီး အပစ်ရပ်သွားပြီဖြစ်၏။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ရခိုင်ထိုးစစ် ပထမ အ ဆင့်တွင် ပလက်ဝမြို့နယ်ကို သိမ်းပိုက်နိုင်ပြီး ဗျူဟာကုန်းကြီးများ၊ တပ်မ နှစ်ခုစာခန့်ရှိ စစ်အင်အားနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းဌာနချုပ်တခုကို သိမ်းပိုက်နိုင်ခဲ့၏။

ပလက်ဝ သိမ်းပြီးသည့် ဇန်နဝါရီလ ၁၄ ရက်မှစ၍ ရသေ့တောင် သိမ်းပြီးသည့် မတ်လ ၁၇ ရက်နေ့အထိ နှစ်လခန့်အား ရခိုင်ထိုးစစ် ဒုတိယအဆင့်ဟု ဆိုရမည်။ ဒုတိယအဆင့်တွင် မင်းပြား၊ ကျောက်တော်၊ ကန်စောက်၊ မြောက်ဦးတို့ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ နှင့် လက်အောက်ခံ တပ်ရင်း ဌာနချုပ် ၁၀ ခု၊ အမြောက်တပ်ရင်း တရင်း၊ ရဲတပ်ရင်း တရင်းအား သိမ်းပိုက်ခဲ့၏။ တချိန်တည်းတွင် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။

မင်းပြားမြို့နယ်၊ ကမ်းနီရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း (တတက) ၉ ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ ဆက်လက်ပြီး ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ရှိ စကခ ၁၅ လက်အောက်ခံ တပ်ရင်း နှစ်ရင်းနှင့် နပခ လက်အောက်ခံ တပ်ရင်း နှစ်ရင်း စုစုပေါင်း တပ်ရင်းဌာနချုပ် လေးခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့၏။


မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့များသို့ စစ်ကူလာသည့် တပ်မ ၂၂ မှ တပ်ရင်းအချို့၊ ရမ်းဗြဲကျွန်းသို့ စစ်ကူလာသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် စကခ ၁၅ မှ တပ်ရင်းအချို့တို့ကို ချေမှုန်းနိုင်ခဲ့၏။

မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့များသို့ စစ်ကူလာသည့် တပ်မ ၂၂ မှ တပ်ရင်းအချို့၊ ရမ်းဗြဲကျွန်းသို့ စစ်ကူလာသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် စကခ ၁၅ မှ တပ်ရင်းအချို့တို့ကို ချေမှုန်းနိုင်ခဲ့၏။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သော စစ်သင်္ဘော / AA Info Desk


ရေကြောင်းတိုက်ပွဲအဖြစ် စစ်သင်္ဘော သုံးစီးနှင့် ဇက်သင်္ဘော နှစ်စီး စုစုပေါင်း ငါးစီးအား AA က တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သည်။ ထို့အတူ AA ၏ စာရင်းများအရ အခြားသော သင်္ဘော လေးစီးမှာလည်း ရေချ၍ မရနိုင်သည်အထိ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

AA ၏ စစ်ဆင်ရေး ပထမ အဆင့် နှစ်လကြာ ထိုးစစ်ဆင်ပြီး ရှေ့တန်းစစ်ဆင်ရေး တာဝန်ယူသည့် တပ်မ နှစ်ခုခန့်နှင့် တပ်ရင်းဌာနချုပ်တခု ချေမှုန်းခဲ့ပြီး ပလက်ဝမြို့နယ် တမြို့နယ် လွတ်မြောက်ခဲ့၏။ စစ်ဆင်ရေး ဒုတိယအဆင့်တွင် နှစ်လကြာ ထိုးစစ်ဆင်ပြီး စကခ ၉ ဌာနချုပ်၊ လက်အောက်ခံ တပ်ရင်း ဌာနချုပ် ၁၀ ခု၊ တိုင်းလက်အောက်ခံ တပ်ရင်းဌာနချုပ် နှစ်ခု၊ အမြောက်တပ်ရင်းဌာနချုပ် တခု၊ စကခ ၁၅ လက်အောက်ခံတပ်ရင်း ဌာနချုပ် နှစ်ခု၊ တပ်မ ၂၂၊ နတခ နှင့် စကခ ၅ မှ တပ်ရင်းအချို့အား ချေမှုန်းခဲ့သည်။ နယ်မြေအရဆိုလျှင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ မြို့နယ်အဆင့် ရှစ်မြို့နယ် ထပ်မံသိမ်းပိုက်ရရှိခဲ့၏။ ရခိုင်မြောက်ပိုင်းရှိ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ် မြစ်ဝှမ်းဒေသအများစုကို AA က သိမ်းပိုက်နိုင်ခဲ့၏။

ရခိုင်ထိုးစစ် နှစ်ဆင့်ပြီးနောက်

သို့ဖြစ်ရာ လက်ရှိ ရခိုင်စစ်မျက်နှာကို ကြည့်ပါက ဘူးသီးတောင်မြို့နှင့် စကခ ၁၅ လက်အောက်ခံ တပ်ရင်း ရှစ်ရင်း (ခမရ ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၆၄၊ ၅၆၅ နှင့် ၅၅၂)၊ အမြောက်တပ်ရင်း (အမတ) ၃၆၈၊ နပခ တိုင်းတပ် သုံးရင်း (ခလရ ၂၃၃၊ ၂၃၄၊ ၂၆၃) နှင့် အမှတ် ၁ နယ်ခြားစောင့် ကွပ်ကဲမှုဌာန ချုပ် လက်အောက်ခံ ကွပ်ကဲမှု ခွဲမှူးရုံး သုံးရုံးနှင့် နယ်ခြားစောင့်တပ်ခွဲ (နခခ) ၃၊ နခခ ၈ တို့မှ လက်ကျန် ရဲအင်အားအချို့အား တွေ့ရ၏။

မောင်တောမြို့နှင့် အမှတ် ၁ နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခွဲမှူးရုံး ၁၊ ခွဲမှူးရုံး ၂ နှင့် နခခ ၁၊ နခခ ၂၊ နခခ ၄၊ နခခ ၅၊ နခခ ၆၊ နခခ ၇၊ နခခ ၉၊ နခခ ၁၀ တို့မှ လက်ကျန် ရဲအင်အားများကိုလည်း မယူတောင်တန်း မြောက်ပိုင်းတွင် ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ပြီ ဖြစ်၏။ မောင်တောဒေသတွင် ကြိမ်ချောင်း၊ ကျီးကန်ပြင်၊ လှဖိုးခေါင်၊ အင်းဒင်၊ မောရဝတီ၊ မြို့သူကြီးစသည့် အရေးပါသည့် နယ်ခြားစောင့်ရဲစခန်း ခြောက်ခုရှိ၏။

မယူမြစ်၊ ကုလားတန်မြစ်ဝှမ်း တောင်ဘက်စွန်းရှိ စစ်တွေမြို့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄၊ အမတ ၃၇၃ နှင့် စစ်လက်ရုံးတပ်များ၊ ရဲတပ်ရင်း ၁၂၊ ရဲတပ်ရင်း ၃၆ တို့အား အထီးတည်းဖြစ်အောင် ပိတ်ဆို့ထား၏။ စစ်တွေမြို့ကို ပင်လယ်တွင်းမှ ရေတပ်နှင့် ရံပေးထား၏။ စစ်တွေတပ်နယ် အပြင်စည်း ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀၊ တပ်မ ၂၂ မှ တပ်ရင်းတရင်းနှင့် ဗျူဟာမှူးတို့ ကျသွားပြီးဖြစ်သကဲ့သို့ စစ်တွေအဝင် မင်းချောင်းတံတားကိုလည်း စစ်တပ်က မိုင်းခွဲဖျက်ဆီးထား၏။ စစ်တွေတွင် တပ်မ ၂၂ မှ တပ်အချို့ကိုလည်း အရန်စုဖွဲ့ထား၏။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့တွင် နပခ ဌာနချုပ်၊ အမတ ၃၇၄၊ စကခ ၅ လက်အောက်ခံ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းဌာနချုပ်များနှင့် လက်ရုံးတပ်များရှိသည်။ အမ်းမှအထွက် စစ်တွေ၊ တပ်တောင်၊ တောင်ကုတ်သို့ သွားရာလမ်းများကို မြေတူးစက်ဖြင့် တူး၍ ဖျက်ဆီးထားသည်။

အမ်းမြို့ကို AA က ဝိုင်းပတ်ပိတ်ဆို့ထား၏။ ရခိုင်ရိုးမတွင်သာမက မင်းဘူး၊ စေတုတ္တရာနယ်တွင်လည်း AA နှင့် မဟာမိတ်တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ရန် လှုပ်ရှားနေကြ၏။

ရမ်းဗြဲကျွန်းပေါ်တွင် ရမ်းဗြဲမြို့နယ်ကို AA က ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်အား ဝိုင်းပတ်ပိတ် ဆို့ထား၏။ မအီမှ ကျောက်ဖြူသို့ လာရာလမ်းရှိ တံတားများအား စစ်တပ်ကိုယ်တိုင် မိုင်းခွဲဖျက်ဆီးထား၏။ ကျောက်ဖြူတွင် တိုင်းတပ် ခလရ ၃၄ နှင့် စကခ ၅ လက်အောက်ခံ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ဒိုးတောင်တွင် ရဲတပ်ရင်း ၃၂ တို့ ရှိ၏။ သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်စခန်း ဌာနချုပ်ရှိ၏။ ကျောက် ဖြူသည်လည်း စစ်တွေကဲ့သို့ ပင်လယ်ထွက်ပေါက်သာရှိပြီး ရေတပ်နှင့် ရံပေးထားသည်ကို တွေ့ရသည်။

တောင်ပိုင်းတွင် ရှိနေသော မြို့များမှ မာန်အောင်မြို့နယ်မှာ သီးသန့်ကျွန်းဖြစ်၏။ ရခိုင်ရိုးမတောင်ဘက်ရှိ တောင်ကုတ်၊ သံတွဲ၊ ဂွတို့တွင်လည်း တောင်ကုတ်ကို တိုက်မည်ဆိုသဖြင့် အမ်းဘက်မှ တောင်ကုတ် အဝင်လမ်းအား မြေတူးစက်ဖြင့် ထိုး၍ဖျက်ထားသည်။ တောင်ကုတ်တွင် စကခ ၅ ဌာနချုပ်နှင့် ခမရ ၃၄၆၊ ၅၄၄ တို့ရှိ၏။ သံတွဲတွင် တိုင်းတပ် ခလရ ၅၅၊ စကခ ၅ လက်အောက်ခံ ခမရ ၅၆၆ ရှိ၏။ ဂွတွင် စကခ ၅ လက်အောက်ခံ ခမရ ၅၆၂၊ ၅၆၃ ရှိ၏။ သံတွဲတွင် ရေတပ်စခန်းရှိ၏။

ရခိုင်ထိုးစစ် တတိယအဆင့်

သို့ဖြစ်ရာ ယခုအခါ AA ၏ တတိယအဆင့် ထိုးစစ်၏ ဦးတည်ချက်မှာ မည်သည့်ဒေသနည်းဟု အားလုံးက တွက်ဆနေကြ၏။ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ရသေ့တောင်ရှိ တပ်ရင်း သုံးရင်းကို သိမ်းပိုက်ပြီးနောက် မတ်လ ၂၅ ရက်နေ့အထိ တပတ်ကျော်ခန့် ရခိုင်စစ်ပွဲသတင်းများ မကြားရခဲ့ပါ။ ထိုးစစ်အသစ်အတွက် ပြင်ဆင်မှု ပြုလုပ်နေပုံရ၏။


သို့ဖြစ်ရာ ယခုအခါ AA ၏ တတိယအဆင့် ထိုးစစ်၏ ဦးတည်ချက်မှာ မည်သည့်ဒေသနည်းဟု အားလုံးက တွက်ဆနေကြ၏။ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ ရသေ့တောင်ရှိ တပ်ရင်း သုံးရင်းကို သိမ်းပိုက်ပြီးနောက် မတ်လ ၂၅ ရက်နေ့အထိ တပတ်ကျော်ခန့် ရခိုင်စစ်ပွဲသတင်းများ မကြားရခဲ့ပါ။ ထိုးစစ်အသစ်အတွက် ပြင်ဆင်မှု ပြုလုပ်နေပုံရ၏

တတိယအဆင့် ထိုးစစ်တွင် AA သည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့ ခြောက်မြို့အနက် မည်သည်မြို့သို့ ဦးတည်လာမည်ကို စိတ်ဝင်စားနေကြ၏။ ထိုမြို့ ခြောက်မြို့စလုံးကိုလည်း AA က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်၏။

AA ၏ စစ်အင်အားမှာ လက်ရှိအချိန်တွင် တပြည်လုံးရှိ တိုင်းရင်းသား လက်နက်ကိုင်များထဲတွင် စစ်သည်အင်အား အများဆုံးဖြစ်နေသည်ဟု သုံးသပ်ရ၏။ ရခိုင်ရှိ AA စစ်အင်အားနှင့်ဆိုလျှင် ခြောက်မြို့လုံးပင် တပြိုင်နက် တိုက်၍ရသည်။ ထိုးစစ် ဒုတိယအဆင့်တွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်တို့ကို တချိန်တည်း တပြိုင်တည်း တိုက်ခိုက်သွားခဲ့၏။ ရခိုင်စစ်မျက်နှာတွင် ခံစစ်ယူနေသည့် အထိုင်အင်အားမှာ ရှင်းလင်းစွာမြင်ရ၏။ စစ်ကူအင်အား ဖြည့်တင်းသည်ကိုသာ တွက်ဆရန်လိုသည်။

ယခုအခါ နပခ တိုင်းတပ်မှ ၁၀ ရင်း၊ စကခ ၅ မှ ၁၀ ရင်း၊ စကခ ၁၅ မှ ရှစ်ရင်း၊ စစ်လက်ရုံးတပ်များနှင့် ရဲတပ်ရင်းများသာ ကျန်တော့၏။ ယခု ၂၀၂၄ ခုနှစ်၊ မတ်လကုန်ပိုင်းမှ တတိယထိုးစစ်အဆင့်တွင် တပ်မ ၅၅ (အများဆုံး တပ်ရင်း ရှစ်ရင်း) ကို လက်နက် ပြန်လည်တပ်ဆင်ပြီး ရခိုင်သို့ ဖြည့်တင်းမည်ဟု ကြားသိရ၏။

သို့သော်လည်း ထို တပ်မ ၅၅ သည် လောက်ကိုင်တွင် အရာရှိ ၉၈ ဦး၊ အခြားဆင့် ၇၅၂ ဦး၊ ပစ္စတို ၃၀၊ လက်နက်ငယ်မျိုးစုံ ၈၅၀ ဖြင့် တပ်မတခုလုံး လက်နက်ချခဲ့သော ဦးကျိုးနေသည့်တပ်ဖြစ်၏။

စစ်တပ်အာဏာသိမ်းကတည်းက AA နှင့် ရင်ဆိုင်ပြီး ရခိုင်စစ်ရေး အတွေ့အကြုံရှိသည့် နပခ တိုင်းမှူးအား ဖယ်ရှား၍ တိုင်းမှူးအသစ်လဲထား၏။ တိုင်းမှူးအသစ်မှာ AA နှင့် ရင်ဆိုင်တိုက်ခိုက်သည့် အတွေ့ အကြုံ ကြီးကြီးမားမား ရှိပုံမရပေ။ လောလောဆယ် စစ်ရေးအရ စစ်တပ်သည် အရပ်သားပစ်မှတ်များကို လေယာဉ်ဖြင့်‌ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း ပြုလုပ်နေပြီး နိုင်ငံရေးအရ စစ်တွေနှင့် ဘူးသီးတောင်တွင် ရိုဟင်ဂျ ာမွတ်စလင်များအား ခြိမ်းခြောက်ပြီး လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေ၏။

စစ်ရေးအရ ရခိုင်ရှိ ကျန်သည့် ကိုးမြို့နယ်သို့ စစ်ကူထပ်မံ ပို့ဆောင်နိုင်ရန် မလွယ်ကူပေ။ လက်ရှိ ဖြည့်တင်းရန် လျာထားသည့် တပ်မ ၅၅ အပါအတင် တပ်များသည် AA ထိုးစစ်ဆင်လာပါက တာဝန်ကျသည့်နေရာမှ မဆုတ်တမ်းခံစစ်ဖြင့် ခံစစ်သေဖြင့်သာ ခုခံရန် ရည်ရွယ်ထားပုံရ၏။

AA အတွက် သတိပြုရမည့်ဒေသမှာ ကျောက်ဖြူမြို့နယ်တခုသာ ရှိ၏။ ကျောက်ဖြူရှိ တရုတ်သို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းနှင့် မဒေးကျွန်းသို့ လစဉ်ပုံမှန်ဝင်နေသည့် ရေနံတင် သင်္ဘောများရှိရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရှိသည့်အကဲဆတ်သောဒေသတခု ဖြစ်သည်။

အချို့က AA ထိုးစစ်ဆင်လာပါက စစ်တွေသည် ပေါက်တောကဲ့သို့ မြို့ပျက်ကြီးဖြစ်သွားမည်၊ အရပ် သား အများအပြား အသတ်ခံရမည်ဟု ခြိမ်းခြောက်လျှက်ရှိ၏။ စစ်ကောင်စီကို ရဲရဲဝံ့ဝံ့တိုက်ပြီး ပြာပုံပေါ်မှ ရခိုင်ပြည်သစ်ကို ထူထောင်မည်လော၊ စစ်ဖိနပ်အောက်မှာပဲ နေမည်လောဆိုသည်ကို ပြတ်ပြတ်သားသား ရွေးချယ်ထားပြီးသည့် AA သည် ထိုခြိမ်းခြောက်မှုများကို ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။ ထို့ပြင် စစ်တပ်သည် AA သိမ်းပိုက်ထားသည့် မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝမြို့များအား တိုက်ပွဲမရှိဘဲ အသားလွတ်ဗုံးကြဲ တိုက်ခိုက်ဖျက်ဆီးနေသည်သာ ဖြစ်၏။

ရသေ့တောင်အား သိမ်းပိုက်ပြီး တပတ်ခန့်အကြာ AA ၏ ထုတ်ပြန်ချက်အရ မောင်တောဒေသရှိ ရန်အောင်မြင်၊ တမန်းသား စသည့် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်သိမ်းပိုက်နေပြီး ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ လက်နက်ချသကဲ့သို့ ရာနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်ကို တွေ့ရ၏။

မောင်တောဒေသ မြောက်ဘက်ရှိ အရေးပါသည့် ကြိမ်ချောင်းစခန်းကြီးကို ထိုးစစ်ဆင်နေသည်မှာ တလခန့်ရှိပြီဟု သိရ၏။ မောင်တောဒေသ တောင်ပိုင်းတွင်လည်း အလယ်သံကျော်အထိ တိုက်ခိုက်သိမ်းပိုက်ပြီးရာ မောင်တောဒေသအား နှစ်ဖက်ညှပ် ထိုးစစ်ဆင်လာပြီကို တွေ့မြင်ရ၏။ မောင်တောဒေသတွင်ရှိသည့် ကြိမ်ချောင်း၊ ကျီးကန်ပြင်၊ လှဖိုးခေါင်၊ အင်းဒင်၊ မောရဝတီ၊ မြို့သူကြီးစသည့် အရေးပါသည့် နယ်ခြားစောင့်ရဲစခန်း ခြောက်ခုအနက် တခုပြီးတခု စတင်လက်လွှတ်ရတော့မည် ဖြစ်၏။

အလားတူ ဘူးသီးတောင်မြောက်ဘက် တောင်ဘဇားရှိ ခမရ ၅၅၂ အား ၃၂ ရက်ကြာ တိုက်ခိုက်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် AA က သိမ်းပိုက်ရရှိကြောင်းသိရ၏။ စိုင်းတင်တံတားဘက်ကလည်း ဘူးသီးတောင်တပ်မကို ဝိုင်းပတ်ထားပြီးဖြစ်၏။

မင်းပြားမြို့ မင်းဖူးဆေးရုံအား ဖေဖော်ဝါရီ၂၇ ရက် နံနက်အစောပိုင်းက စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ပျက်စီးခဲ့စဉ် / AA
 

အမ်းမြို့အနီး တမိုင်ခွဲအကွာသို့ ကာကင်းအဖြစ် ထွက်လာသည့် စစ်ကြောင်းနှင့် AA တို့ မတ်လ ၂၅ ရက်နေ့မှ စတင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အကျအဆုံးများပြီး ဆုတ်ခွာရ၏။ အမ်းမြို့ပြင်ရှိ ထောက်ပို့တပ်နှင့် ခမရ ၃၇၂ တပ်များသည် AA ထိုးစစ်ဆင်လာမည်ကို စိုးရွံ့၍ နပခ တိုင်းဌာနချုပ်တွင်းသို့ ဆုတ်ခွာသွားသည်ဟု သိရသည်။ အမ်းမြို့ပြင်ရှိ ထောက်ပို့တပ်ကို AA က ဝင်ရောက် သိမ်းပိုက်သည်ဟုလည်း သတင်းများ ထွက်ပေါ်သကဲ့သို့ မကွေးနှင့် ရခိုင်နယ်စပ် ငဖဲ၊ ပဒါန်းနယ်မြေတွင် စစ်ကောင်စီစစ်ကြောင်းများကို AA တိုက်ခိုက်နေကြောင်း ကြားသိရ၏။

ထို့ပြင် အမ်းမြို့ရှိ နပခ အား လက်နက်ချရန် AA က သတိပေးထားသည်ဟု သိရ၏။ လက်ရှိ စစ်ရေးအခြေအနေအရ အမ်းတွင် တပ်မ ၅၅ ရောက်သည်ကို မတွေ့ရသေးပေ။ သို့သော် ယခုရက်ပိုင်းတွင် အမ်းသို့ လေကြောင်းမှ စတင် အင်အားဖြည့်နေပြီဟု သိရ၏

ထို့ပြင် အမ်းမြို့ရှိ နပခ အား လက်နက်ချရန် AA က သတိပေးထားသည်ဟု သိရ၏။ လက်ရှိ စစ်ရေးအ ခြေအနေအရ အမ်းတွင် တပ်မ ၅၅ ရောက်သည်ကို မတွေ့ရသေးပေ။ သို့သော် ယခုရက်ပိုင်းတွင်အမ်း သို့ လေကြောင်းမှ စတင် အင်အားဖြည့်နေပြီဟု သိရ၏။ သတိပြုစောင့်ကြည့်ရန် လိုအပ်ပါမည်။

AA တတိယအဆင့်ထိုးစစ်တွင် မောင်တော၊ ဘူးသီးတောင်၊ အမ်းတို့ကို ဦးတည်သည့် တိုက်ပွဲများ တွေ့နေရပြီး စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူတို့တွင် တိုက်ပွဲဖော်သည်ကို မတွေ့ရသေးပေ။ သို့သော် တောင်ကုတ်၊ သံတွဲနှင့် ဂွ သုံးမြို့နယ်တွင်လည်း AA ၏ လှုပ်ရှားမှုများ တွေ့နေရပြီး စစ်တပ် အထူးအာ ရုံစိုက်‌နေသည်ကို တွေ့ရ၏။

AA သည် အင်အားအရ ကျန်မြို့များကိုလည်း တပြိုင်တည်း တိုက်နိုင်သည်ဖြစ်ရာ တတိယအဆင့် ထိုးစစ်ကို ယတိပြတ်ပြောရန် ခက်ခဲပါသည်။ မည်သို့ဖြစ်စေ မည်သည်မြို့ကို မည်သည့်အချိန်တွင် တိုက်မည်ဟူသည့် ဆုံးဖြတ်ချက်နှင့် စစ်ရေးလက်ဦးမှုမှာ AA လက်ထဲတွင်ရှိ၏။

AA သည် နပခ တိုင်းစစ်နယ်တွင်သာမက မြောက်ပိုင်းတိုင်းတိုင်း စစ်ဌာနချုပ် (မပခ)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)၊ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) စစ်တိုင်းနယ်မြေများတွင်ပါ တိုက်ခိုက်နေပြီး ယခုအခါ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) နယ်မြေတွင်ပါ တိုက်ပွဲဖော်လာ၏။ မကြာမီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်တိုင်းနယ်မြေအတွင်းပါ တိုက်ပွဲဖော်လာမည့် အလားအလာရှိ၏။

ဤသို့ ရက္ခိုင့်တပ်တော်က စစ်မျက်နှာ ကျယ်ကျယ်ဖွင့်ပြီး စစ်ရေးအရ လှုပ်ရှားနေစဉ်တွင် ရခိုင်စစ် မျက်နှာရှိ စစ်တပ်များသည် ခံစစ်သေယူထားပြီး ရက္ခိုင့်တပ်တော် လာတိုက်မည့်နေ့ကို လက်ဦးမှုမဲ့စွာ ငုတ်တုတ် ထိုင်စောင့်နေကြရ၏။

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီသည် စစ်ရေးအရ လက်ဦးမှုမဲ့နေပြီး စစ်ကောင်စီ အစောဆုံး လက်လွှတ်ရသည့် ပြည်နယ်မြို့တော်နှင့် စစ်တိုင်းဌာနချုပ်ကို ရခိုင်တွင် တွေ့ရနိုင်ပါသည်။

You may also like these stories:


Link  : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */