" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 19, 2024

စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ မွတ်ဆလင် ၈၀ ဦးထက်မနည်း သေဆုံး

DMG
19 Apr 2024

ဆေးသမားဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာ၊ ဘာဆာကျေးရွာမှ မွတ်ဆလင်များမှာ ဧပြီလဆန်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး လက်ရှိတွင် သေဆုံးသူ ၈၀ ဦးထက်မနည်းရှိကြောင်း သိရ သည်။

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက မြင်တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များအပါအဝင် မွတ်ဆလင် ဦးရေ ၈၀ နီးပါးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဆေးသမားဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာ၊ ဘာဆာကျေးရွာမှ မွတ်ဆလင်များမှာ ဧပြီလဆန်းပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြပြီး လက်ရှိတွင် သေဆုံးသူ ၈၀ ဦးထက်မနည်းရှိကြောင်း လူမှုရေးလှုပ်ရှားနေသူ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

“ကျနော်တို့ စာရင်းကောက်လို့ရသလောက် လူကြီးရော၊ ကလေးတွေပါ ၈၀ လောက်ရှိတယ်။ သေဆုံးသူတွေက ဒီထက်များနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီးတော့ သေကြတာပါ။ အခုလည်း ရောဂါဖြစ်နေသူတွေ ရှိတယ်”ဟု သူက ပြောသည်။

မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့် ကျေးရွာများရှိ ဆေးပေးခန်းတို့တွင် ဆေးဝါးပြတ်လပ်နေပြီး ဆေးဝါးမလုံလောက်သဖြင့် အသက်ဆုံးရှုံးနေရခြင်းဟု ဘာဆာကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“ဆေးခန်းမှာ ဆေးတွေ မရှိဘူး။ လူတစ်ယောက်ကို ဆေးတစ်လုံးထိုးရမယ့်နေရာမှာ လူ ၆ ယောက်ကို ဆေးတစ်လုံးကျ ထိုးနေရတယ်။ ပိုက်ဆံလည်း မတတ်နိုင်ကြဘူး” ဟု သူက ပြောသည်။

စစ်တွေမြို့နယ်ကမွတ်ဆလင်များကို စစ်ကောင်စီက သွားလာခွင့်နှင့် ဆေးဝါးသယ်ယူကုသခွင့် ပိတ်ပင်ထားသဖြင့် မွတ်ဆလင်ဒုက္ခသည်စခန်းများနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့်နှစ် နွေရာသီ ပျှမ်းမျှအပူချိန်မှာ ၃၄ ဒီဂရီစတင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလ အပူချိန်မှာ ၃၈ ဒီဂရီစတီဂရိတ်သို့ ရောက်ရှိနေပြီး ဆက်လက်၍ အပူချိန်မြင့်တက်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။ အပူချိန်မြင့်တက်မှုနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာပြဿနာများ ရှိလာနိုင်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလက တိုက်တွန်းထားသည်။

အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်၍ ရခိုင်က အိုးအိမ်စွန့်ခွာနေကြသူများမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရပြီး လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ပေးရန် အရေးတကြီးလိုအပ်နေကြောင်း ကုလသမ္ဂက ထုတ်ပြန်ထားသည်။


ဆက်စပ်ဖတ်ရှုရန်
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */