" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 2, 2024

ရခိုင်တိုက်ပွဲအတွင်း သေဆုံးရိုဟင်ဂျာ ရှစ်ဆယ်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၃၀ နီးပါးရှိလာ

RFA
RFA Burmese
2024.04.01 

ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၊ သာဒါကျေးရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့်နေအိမ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: AA Info Desk)
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက် အပြုံ လိုက် ထိခိုက်သေဆုံးတာတွေရှိနေပြီး အခုနောက်ပိုင်း လေယာဉ်သံကြားတိုင်း ကြောက်လန့်နေကြရတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် သေဆုံးတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးနဲ့ ဒဏ်ရာရသူ ၁၃၀ နီးပါး ရှိနေပါတယ်။

မင်းပြားမြို့နယ်မှာ သေဆုံးသူ ၂၇ ဦးနဲ့ ဒဏ်ရာရသူ ၄၃ ဦး၊ ဘူးသီးတောင်မြို့မှာ သေဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရသူ ၄၅ ဦး၊ ကျောက်တော်မြို့နယ်မှာ သေဆုံးသူ ၁၇ ဦးနဲ့ ဒဏ်ရာသူ ၁၇ ဦး၊ မြောက်ဦးမြို့နယ်မှာ သေဆုံးသူ လေးဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦး၊ စစ်တွေမြို့မှာ သေဆုံးသူ ခုနစ်ဦးနဲ့ ဒဏ်ရာရသူ ငါးဦး၊ စုစုပေါင်း သေဆုံးတဲ့ ရိုဟင်ဂျာ ၇၉ ဦးနဲ့ ဒဏ်ရာရသူ ၁၂၇ ဦးအထိ ရှိနေတာပါ။

အဲဒီအထဲမှာ အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်နှစ်ခု ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က မင်းပြားမြို့နယ် သာဒါရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၂ ဦး သေဆုံးပြီး၊ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရိုဟင်ဂျာ ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေမှာ ဘာအပြစ်မှမရှိဘဲ အခုလို အစုလိုက်အပြုံလိုက် သေဆုံးရတာတွေအတွက် ရင်ထုမနာ ခံစားရတယ်လို့ မင်းပြားမြို့နယ် သာဒါရွာက ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“အစုလိုက် အပြုံလိုက် အသတ်ခံလိုက်ရတဲ့အခါကျတော့ တကယ့်ကို ရင်နာစရာကောင်းပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် ကျွန်တော်တို့က တိုင်းပြည်ကို လိုချင်တာလည်းမဟုတ်ဘူး။ သူတို့ကို ကျွန်တော်တို့က ပစ်နေတာလည်းမဟုတ်ဘူး။ တိုက်ခိုက်နေတာလည်းမဟုတ်ဘူး။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့ မွတ်စလင်တွေက ဓားစာခံတွေဖြစ်နေပြီလို့ ကျွန်တော်က အဲဒီလိုယူဆပါတယ်”

ကျန်တဲ့ စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်တော်စတဲ့မြို့နယ်တွေက ရိုဟင်ဂျာတွေ သေဆုံး၊ ဒဏ်ရာရမှုတွေဟာလည်း ရွာထဲမှာနေရင်း စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ လေယာဉ်နဲ့ဗုံးလာကြဲတာတွေကြောင့်ဖြစ်တယ်လို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။
 
ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၊ သာဒါကျေးရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးသွားသူများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့က တွေ့ရစဉ်။ (Photo: AA Info Desk)
 
လက်ရှိမှာတော့ ရိုဟင်ဂျာတွေဟာ ထွက်ပြေးခိုလှုံဖို့နေရာလည်းမရှိသလို ငွေကြေးလည်းမရှိကြတာကြောင့် မိမိရွာထဲမှာပဲ လုံခြုံအောင် ဖြစ်သလိုနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ သူတို့အတွက် သေမင်းတမန်ပဲလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လေယာဉ်နဲ့ ဗုံးကြဲခံခဲ့ရပြီး လူခြောက်ဦးသေဆုံးခဲ့ရတဲ့ ကျောက်တော်မြို့နယ် လက်ဆောင်ကောက်ရွာက ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲမှာကို ကျွန်တော်တို့ အရမ်းကြောက်တယ်။ လေယာဉ်လာတဲ့အသံ ကြားရင် ငိုကြတာပဲ။ ဟိုကိုပြေးရမလား၊ ဒီကိုပြေးရမလား၊ ဒီနေရာမှာပဲဆက်နေရမလား စိတ်ပူနေကြတယ်။ အဲဒီလိုပဲ လေယာဉ်လာတဲ့အသံကြားရင် စိတ်ပူနေကြတယ်”

စစ်ကောင်စီတပ်ရဲ့ စစ်ရေးတုံ့ပြန်မှုတွေမှာ ရက္ခိုင့်တပ်တော် (AA) တစ်ခုတည်းမဟုတ်ဘဲ အရပ်သားတွေကိုပါ ပစ်မှတ်တစ်ခုလို သဘောထားနေတာ တွေ့ရတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တာက ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်တပ်ကြားမှာဖြစ်တဲ့တိုက်ပွဲ။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က တုံ့ပြန်တဲ့အခါမှာ AA တစ်ခုတည်းကို တုံ့ပြန်တာမျိုးမဟုတ်ဘဲနဲ့ အ ရပ် သား ပြည်သူတွေကို တုံ့ပြန်တာ နေရာတိုင်းမှာ တွေ့ရတယ်။ စစ်တပ်က အမြဲတမ်းဒီလိုပဲ ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်။ ရွာတွေကို မီးရှို့တယ်။ ဒီတိုက်ပွဲမှာအရပ်သားပြည်သူတွေ အတော်လေးဆုံးရှုံးတယ်။ ရိုဟင်ဂျာတွေထဲမှာလည်း အတော်လေးကို ဆုံးရှုံးတယ်”

"စစ်ကောင်စီတပ်က တုံ့ပြန်တဲ့အခါမှာ AA တစ်ခုတည်းကို တုံ့ပြန်တာမျိုးမဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေကို တုံ့ပြန်တာ နေရာတိုင်းမှာ တွေ့ရတယ်"

တစ်ဖက်မှာလည်း ရခိုင်စစ်မြေပြင်အတွင်း အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ ဘူးသီးတောင်၊ စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တွေက ရိုဟင်ဂျာ တစ်ထောင်ကျော်ကို စစ်မှုထမ်းဖို့အတင်း အကျပ် လူစုဆောင်းပြီး စစ်သင်တန်းပေးနေတာတွေ၊ AA အဖွဲ့ကို အလိုမရှိကြောင်း ရိုဟင်ဂျာတွေကို ဆန္ဒပြခိုင်းတာတွေ ရှိတယ်လို့လည်းဆိုပါတယ်။

ဒီပြောဆိုချက်တွေအပြင် ရိုဟင်ဂျာတွေ သေဆုံး၊ ဒဏ်ရာရတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ အချိန်လေးလကျော်ကြာ တိုက်ပွဲအ တွင်း ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်တွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်စတဲ့ မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက် နက်ငယ်နဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့ အရပ်သား ၁၈၇ ဦးနဲ့ ဒဏ် ရာရသူ ၅၃၁ ဦးအထိ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */