" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 21, 2024

ဘူးသီးတောင်မြို့ပေါ် နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရကြောင်း AA ပြော

RFA
RFA Burmese
2024.04.19

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို ၂၀၂၄ ခုနှစ် ဧပြလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Myanmar Military

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့ပေါ်ရှိ မီးမလောင်ဘဲ ကျန်နေတဲ့ အုတ်ခံတိုက်အိမ်တွေကိုလည်း ဘူဒိုဇာတွေနဲ့ ဖြိုဖျက်လိုက်ပြီလို့လည်း သူက ဆိုပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မြို့က ရခိုင်လူမျိုးတွေရဲ့အိမ်တွေ၊ တခြားဘာသာဝင်တွေရဲ့အိမ်တွေကို ဖောက်ထွင်းခိုးယူတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာဟာ မွတ်စလင်တွေနဲ့ တခြားဘာသာဝင်တွေကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတာဖြစ်တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်နေ့က မီးလောင်ခဲ့ပြီး ဒီကိစ္စကို စစ်ကောင်စီနဲ့ မြို့နေ မွတ်စလင်တချို့က လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ကို အစ္စလာမ်မစ်အဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်ဆိုတဲ့ အိန္ဒိယအခြေစိုက် India Express သတင်းဌာနရဲ့ ဖော်ပြချက်တို့အပေါ် စစ်ကောင်စီဘက်က ဧပြီလ ၁၈ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။

လူမျိုးရေးပဋိပက္ခဖြစ်အောင် ရက္ခိုင့်တပ်တော် (AA) က ဖန်တီးနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ဧပြီလ ၁၈ ရက်နေ့မှာ စွပ်စွဲထားပါတယ်။

ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖောက်ထွင်းတဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့အတင်းအဓမ္မခေါ်ယူပြီး စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလူ ငယ်တွေကိုပါ ခေါ်သွားပြီး အမြင်လွဲစရာတွေ၊ နားလည်မှုလွဲစရာတွေဖြစ်အောင် လုပ်နေတယ်လို့
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က RFA ကို ပြောပါတယ်။

အခုရက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုဆိုးလာပြီး လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးအောင်သောင်းရွှေရဲ့ နေအိမ်၊ MSF နယ်စည်းမခြားဆရာဝန်များအသင်းရဲ့ ရုံးနဲ့ဆေးခန်း အပါအဝင် နေအိမ် ရာနဲ့ချီပြီး မီးရှို့ဖျက်ဆီးခံရသလို ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

လတ်တလော ဘူးသီးတောင်မြို့မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ မရတာကြောင့် RFA အနေနဲ့ ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲရှိနေတာကြောင့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသိန်းလေးသောင်းကျော်ရှိနေပြီး သူတို့ စားဝတ်နေရေးအတွက် AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးနေပေမဲ့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာနဲ့ မျိုးစေ့တွေ လိုအပ်နေတယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

ဆက်နွယ်သောသတင်းများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */