" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 23, 2024

မောင်တောက ရိုဟင်ဂျာငါးဦးကို AA ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေ ပြော၊ AA ငြင်းဆို

RFA
RFA Burmese
2024.04.23

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ဝအား တွေ့ရစဉ်။ RFA


Updated 12:55 PM Apr 24, 2024

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာကျေးရွာက ရိုဟင်ဂျာငါးဦးကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှာ သူတို့အလောင်းတွေကို ပြန်တွေ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။


ဖမ်းဆီးခံရကတည်းက အဆက်အသွယ်မရဘဲ ဧပြီလ ၂၂ ရက်နေ့က အလောင်းတွေ့ရတာလို့ လုံခြုံရေးအရ အ မည်မဖော်လိုတဲ့ သေဆုံးသွားတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ဧပြီလ ၁၇ ရက်နေ့ကတည်းက ဖမ်းခေါ်သွားပြီး မိသားစုနဲ့အဆက်အသွယ်မရဘူး၊ သူတို့က လွှတ်ပေးမယ်၊ လွှတ်ပေးမယ်ပြောပြီး ဧပြီလ ၂၂ ရက်နေ့က ရွာသားတချို့က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းအေးမောင်နေအိမ်နဲ့ အနီးအနားက ပုစွန်ကန်နဲ့ကပ်လျက်ရှိတဲ့ ရွက်ညိုတောင်ချောင်းရဲ့ကမ်းခြေအနီးမှာ တွေ့တယ်ပြောတယ်"

သူတို့ ဘယ်နေ့က အသတ်ခံလိုက်ရတယ်ဆိုတာကို မသိရကြောင်းနဲ့ သေဆုံးကြောင်းကိုလည်း မိသားစုကို အ ကြောင်းမကြားသလို အလောင်းကိုလည်း ပြန်ယူခွင့်မပေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေကတော့ ကျေးရွာအတွင်းရေးမှူးဟောင်း အသက် (၅၄) အရွယ် ဦးအပ်ဒုလ်အာမိန်၊ အသက် (၄၀) အရွယ် မလဝီ မိုဟာမတ်ဆယဒ့်၊ အသက် (၆၁)နှစ် အရွယ် ဦးအိစ္စလာမ်၊ အသက် (၅၈)နှစ် အရွယ် ဦးအာဘုလ်ကာလာမ်နဲ့ အသက် (၂၇)နှစ် အရွယ် နုရ်မာလာလ်ဟာ့ကိမ်တို့ဖြစ်တယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

အဘူဂျာကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) တို့ ထိတွေတိုက်ပွဲဖြစ်ခဲ့ပြီး ARSA တပ်တွေဆုတ်ခွာသွားပြီးနောက် သူတို့ငါးဦးကို မေးစရာရှိလို့ဆိုပြီး AA က ဖမ်းဆီးသွားတာလို့လည်း ဆိုပါတယ်။

AA အနေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာမရှိသလို့ သုံ့ပန်းတွေကိုတောင့် ဥပဒေမဲ့ သတ်ဖြတ်တာမျိုး မလုပ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

"ဒီကိစ္စကတော့ ကျွန်တော်တို့အဖွဲ့အစည်းနဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ သူတို့ပြောသလို ဖမ်းဆီးတာလဲမရှိပါဘူး။ အဲဒီနေရာမှာ ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, ARA, RSO နဲ့ တခြား မွတ်စလင် မူးယစ်ဂိုဏ်းတွေလှုပ်ရှားပြီးတော့ ရှုပ်ထွေးတဲ့နေရာဖြစ်ပါတယ်။ သူတို့ရာဇဝတ် ဂိုဏ်းတွေကြားမှာ တစ်ဖက်နဲ့ တစ်ဖက်မကျေနပ်လို့ လုပ်ကြံသတ်ဖြတ်တာတွေပဲ ဖြစ်ပါလိမ့်မယ်။ ခင်များတို့သိတဲ့အတိုင်းပဲ သူတို့ဘင်္ဂါလီ မွတ်ဆစလင်ဒုက္ခသည်စခန်းတွေမှာလဲ လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းကို မကျေနပ်တဲ့ အကြမ်းဖက်အဖွဲ့တွေက ကျွန်တော်တို့အဖွဲ့အစည်းကို ဒေသခံတွေ အထင်အမြင်လွဲမှားမှုတွေဖြစ်လာအောင် ဖန်တီးလုပ်ကြံတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ ULA/AA အနေနဲ့ကတော့ စစ်မြေပြင်က ဖမ်းဆီးရမိတဲ့ ရန်သူသုံ့ပန်းတွေကိုတောင်မှ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတာဖြစ်ပါတယ်။ ဒီလိုမျိုး ဥပဒေမဲ့ မတရားသတ်ဖြတ်တာမျိုး ဘယ်တော့မှမလုပ်ပါဘူး။"

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး ရွက်ညိုတောင်ရွာနားက နယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၇ ရက်နေ့က တိုက်ခိုက်ခဲ့သလို သရက်တောကျေးရွာအုပ်စုမှာ AA တပ်တွေ ထိန်းချုပ်တပ်စွဲထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

AA ရဲ့ စစ်ဆင်ရေးကြောင့် သရက်အုပ်ကျေးရွာအုပ်စုက ရွာသားအားလုံးနီးပါး ကျောက်လှေကား၊ သူဦးလာနဲ့ မင်္ဂလာကြီးရွာဘက်ကို ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

(မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) ဦးခိုင်သုခရဲ့ ဖြေကြားချက်အား ဖြည့်စွက်ရေးသားထားပါသည်။)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */