" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 26, 2024

ရိုဟင်ဂျာတွေ ဘင်္ဂလားလူမှုအသိုင်းအဝိုင်းထဲ တသားတည်းဖြစ်စေရေး အကြံပြုချက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပယ်ချ

VOA
ဆုမွန်
၂၅ မတ်၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်း Photo: AP

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းထဲ တသားတည်းဖြစ်စေရေး ဆောင်ရွက်ပေးပါဆိုတဲ့ အကြံပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က လက်မခံပယ်ချလိုက်ပါတယ်။ ဒီလိုပယ်ချလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေရဲ့သဘောထားနဲ့ ဘင်္ဂလားဒေ့ရှ် လူမှုအသိုက်အဝိုင်းကြား သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေအကြောင်း ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ဆက်ထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ မြန်မာနိုင်ငံဘက်ခြမ်းက ခိုလှုံရောက်ရှိနေကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းတွေထဲမှာ တသားတည်းဖြစ်စေရေး အကြုံပြုချက်တွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီး Masud Bin Momen လက်မခံ ပယ်ချခဲ့ပါတယ်။ မတ်လ ၁၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ရိုဟင်ဂျာအရေး ပူးပေါင်းဖြေရှင်းမယ့် အစီအစဉ်တွေအကြောင်း ဆွေးနွေးကြတဲ့ (launching ceremony of 2024 Joint Response Plan (JRP) for the Rohingyas) အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားတာဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းကနေ အသက်လုပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့နေရပ်ရင်းကို မိမိတို့သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR၊ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM လို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေကြတဲ့အဖွဲ့အားလုံးအနေနဲ့ ကူညီပေးကြဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ကပန်ကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဘက်က အခုလို ဘင်္ဂလားလူမှုအသိုင်းအဝိုင်းထဲ ရိုဟင်ဂျာဒုက္ခသည်တွေ တ သားတည်းဖြစ်ဖို့ အဆင်မပြေနိုင်ဘူးဆိုပြီး အဲ့ဒီလိုပယ်ချလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် လူမှုအသိုက်အဝိုင်းကြား သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အခက်အခဲတွေအကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခ သည်တွေက ဗွီအိုအေကို ပြောပြကြပါတယ်။

ရိုဟင်ဂျာ ပြဿနာဖြေရှင်းရေး ၂၀၂၄ ခုနှစ်အတွက် အစီအစဉ်တွေကို ဘင်္ဂလားဒေရှ့်အစိုးရက တင်ပြထားသလို ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့်လူမှုအသိုင်းအဝိုင်း စုစုပေါင်း ၁.၃၅ သန်းအတွက် ဒေါ်လာ ၈၅၂ သန်းကျော် ရန်ပုံငွေတောင်းဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် ရခိုင်မြောက်ပိုင်းမှာ ARSA အစွန်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့နောက်ပိုင်း နယ်ခြားစောင့်တပ်နဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ သတ်ဖြတ်မှုတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သိန်းချီတဲ့ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် အသက် လုထွက်ပြေး တိမ်းရှောင်ခိုလှုံလာခဲ့ကြတာ အခုဆိုရင် ခြောက်နှစ်ကျော်လာပြီဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာပဲ သဘာဝဘေးအန္တရာယ် စားနပ်ရိက္ခာ ကျန်းမာရေးစောင့်ရှောက်မှု နေရာထိုင်ခင်းအစစအရာရာ အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ပြီး ကျပ်ကျပ်တည်းတည်း နေထိုင်ရှင်သန်ခဲ့ကြရတဲ့ ရိုဟင်ဂျာတွေအတွက် ပြီးခဲ့တဲ့၂၀၂၃ခုနှစ်- နှစ်ဆန်းကတည်းကစလို့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာဖြတ်တောက်မှုတွေနဲ့ ဆက်တိုက်ရင်ဆိုင်လာခဲ့ရတာဖြစ်ပါတယ်။

၂၀၂၃နှစ်ဆန်းပိုင်းကနေစလို့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်က ဒုက္ခသည်တထောင်ကို အစမ်းစီမံကိန်းအနေနဲ့ပြန်ခေါ်ဆောင်မယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ကိုသွားလေ့လာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်မြောက်ပိုင်းကိုသွားကြည့်ရှု့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်မြောက်ပိုင်းကို လူးလာခေါက်တုံ့ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေ အပြန်အလှန်ဆွေးနွေးနေခဲ့ကြပေမဲ့ အခုချိန်အထိ မြန်မာဘက်ခြမ်းက ရိုဟင်ဂျာဒုက္ခသည် တဦးတယောက်ကိုမှ ပြန်လည်ပို့ဆောင်နိုင်ခြင်း ခေါ်ဆောင်နိုင်ခြင်းမရှိဘဲ လိပ်ခဲတည်းလည်း အခြေအနေနဲ့ ရင်ဆိုင်နေရဆဲဖြစ်သလို ရခိုင့်တပ်တော် AA နဲ့ မြန်မာစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန် စစ်ကောင်စီတပ်သားတွေပါ ရာချီ ဘင်္ဂလားဒေ့ရှ်ဘက် ပြေးဝင်ခိုလှုံရတဲ့အထိ နယ်စပ်မတည်ငြိမ်မှုတွေဖြစ်လာနေတာပါ။ 


ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ရဲ့ စားဝတ်နေရေး လုံခြုံရေး ကျန်းမာရေးစောင့်ရှောက်မှု အဘက်ဘက်က ခက်ခဲကြမ်းတမ်း ကျပ်တည်းလွန်းလှတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်ရှေ့မျှော်လင့်ချက်တွေကတော့ မရေရာမှုအပြည့်နဲ့ဖြစ်နေဆဲအခြေနေပါ။

ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေထိုင်လာကြတာ နှစ်ကြာရှည်လာကြပြီးဖြစ်ပြီး အခုချိန်အထိလည်း မြန်မာနိုင်ငံတွင်းက မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ တင်းမာနေရတဲ့ စစ်ရေးပဋိပက္ခတွေကြား ဘင်္ဂလားဒေ့ရှ်အတွက် ရေရှည်ဖြစ်လာနေတဲ့ ရိုဟင်ဂျာအရေးအတွက် ဝိုင်းဝန်းအဖြေရှာနိုင်ရေးကိုလည်း ဘင်္ဂလားဒေရှ့် အစိုးရက နိုင်ငံ တကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ်လို့ဆိုပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */