" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 28, 2024

ကျောက်ဖြူ မွတ်စလင်ဒုက္ခသည် တစ်ရာကျော် စစ်သင်တန်းတက်ဖို့ ဖိအားပေးခံနေရ

RFA
RFA Burmese

2024.02.27

ကျောက်ဖြူမြို့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်း အဝင်လမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည် တစ်ရာကျော် စစ်သင်တန်းတက်ရောက်ဖို့ ထပ်မံဖိအားပေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

အင်အား ရှစ်ဆယ်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၂၇ ရက် မနေ့က ဒုက္ခသည်စခန်းကို ဝင်ရောက်လာပြီးနောက် အခုလို ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။ စခန်းအတွင်းမှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ ဒုက္ခသည် ၁၀၇ ဦးရဲ့ ကိုယ်ရေးအချက်အလက် အ သေးစိတ်ကို မှတ်တမ်းရေးပြီး စခန်းအတွင်းက ရိက္ခာဂိုထောင်ထဲမှာ ခေါ်ယူစုစည်းထားတယ်လို့လည်း ဆိုပါတယ်။
“နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရသေးသူတွေကိုပါ အခုလိုစုဆောင်းနေတာဟာ နည်းလမ်းမကျဘူး”

ငြင်းဆန်တဲ့သူတွေကို ရိုက်နှက်သတ်ပစ်မှာဖြစ်သလို ထွက်ပြေးသူရှိတဲ့ရင် ကျန်နေခဲ့တဲ့ မိသားစုဝင်တွေကို စခန်းအတွင်းကနေ နှင်ထုတ်မယ်ဆိုပြီး စစ်ကောင်စီ တပ်သားတွေက ခြိမ်းခြောက်ထားကြတယ်လို့ အခြေအနေကို အသေးစိတ် သိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ IDP Camp ထဲမှာ ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်ဆိုတာ ရှိတယ်လေ။ အဲဒီအထဲမှာ ပိတ်ထားတယ်လို့ ပြောတယ်။ ထွက်ပြေးသွားတာရှိရင် ဥပမာ - ကျန်နေခဲ့တဲ့အထဲမှာ မောင်တွေရှိမယ်။ သားတွေရှိမယ်။ ဇနီးတွေရှိမယ်လေ။ အဲဒီဟာတွေကို ကျန်နေခဲ့တဲ့သူတွေကို Camp ထဲမှာ မထားဘူးပေါ့၊ နှင်မယ်။ သွားချင်ရာ သွား၊ အဲဒီလိုမျိုး နိုင်ထက်စီးနင်း ပြောတာရှိတယ်။ နောက်ပြီး စစ်မှုမထမ်းရင် သူတို့စစ်သေနတ်နဲ့ နင်းမှာပေါ့။ သတ်ပစ်မှာပေါ့၊ အဲဒီလိုမျိုး ခြိမ်းခြောက်တာတွေ ရှိတယ်”

ဒုက္ခသည်တွေကို တယ်လီဖုန်း အသုံးပြုခွင့်ပိတ်ထားပြီး သတင်းမီဒီယာတွေကို အင်တာဗျူးဖြေကြားရင် ပြစ်ဒဏ်ပေးမယ်လို့လည်း စစ်ကောင်စီတပ်သားတွေက မနေ့ကပြောဆိုခဲ့သလို စခန်းအဝင်အ ထွက်ကိုလည်း အင်အား သုံးဆယ်ကျော်နဲ့ ပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။

စာရင်း ကောက်ယူထားတဲ့သူတွေကို နှုတ်နဲ့ အရင် သင်တန်းပေးပြီးမှ နောက်ရက်တွေမှာ လက်တွေ့သင်တန်းတွေ ပေးမယ်လို့ စစ်ကောင်စီတပ်က ပြောဆိုခဲ့ကြောင်းလည်း ဒီအေခြအနေတွေကို အသေးစိတ်သိရှိထားတဲ့ နောက်ထပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ဆေးတာက ၁၀၇ ဦးလို့ ပြောတယ်။ လာပြီး စစ်ဆေးတာက (၃၄) တပ်ရင်းက ရဲတွေလို့ သိရ တယ်။ သူတို့ကို အပြင်ကို ထွက်ခွင့်လုံးဝမရဘူး။ IDP ပတ်ပတ်လည်ကို စစ်ကောင်စီတပ်တွေက ဝိုင်းထားတယ်လို့ သိရတယ်။ နောက်ပြီးတော့ အဲဒီ ၁၀၇ ဦးကို ဒီနေ့ ပါးစပ်နဲ့ စစ်ရေးတွေ သင်မယ်။ နောက်နေ့မှ သူတို့ကို သေနတ်တွေပေးပြီး စစ်သင်တန်းတွေ ပေးမယ်လို့ သိရတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကိုသိနိုင်ဖို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်စခန်း ခေါင်းဆောင်တွေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားကြတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းဟာ ကျောက်ဖြူမြို့နဲ့ လေးမိုင်ခန့်အကွာမှာရှိပြီး အိမ်ထောင်စု ၃၇၅ စု၊ လူဦးရေ တစ်ထောင်ကျော် နေထိုင်ပါတယ်။ အများစုဟာ ကမန်တိုင်းရင်းသားတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့် ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်တွေက ပြောင်းရွှေ့လာကြရသူတွေ ဖြစ်ပါတယ်။ ဒီစခန်းမှာ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေရှိသလို နိုင်ငံသား မှတ်ပုံတင်မရှိတဲ့သူတွေလည်း ရှိပါတယ်။

စစ်ကောင်စီက အသက်သွင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ နိုင်ငံသားတွေသာ စစ်မှုထမ်းဖို့ ပြဋ္ဌာန်းထားပေမယ့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရသေးသူတွေကိုပါ အခုလို စုဆောင်းနေတာဟာ နည်းလမ်းမကျဘူးလို့ ရိုဟင်ဂျာအရေး တတ်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က ပြောပါတယ်။

“စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေအာဏာတည်အောင် လုပ်တာက နိုင်ငံသားတွေအတွက်ပဲ အကျုံး ဝင်တာလေ။ ရိုဟင်ဂျာတွေကိုတော့ သူတို့က နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာမဟုတ်ဘူး။ ဆိုတော့ လောလောဆယ် အခြေအနေအရ ရိုဟင်ဂျာနဲ့ ဘာမှမပတ်သက်တဲ့ အနေအထားမှာ ရှိနေလျက်နဲ့ စစ်ကောင်စီက လိုအပ်ချက်အရ လူသားဒိုင်းအဖြစ် အသုံးပြုချင်လို့ဖြစ်စေ ဒါမှမဟုတ် လူ မျိုးစု နှစ်ခုကြားမှာ ပြဿနာဖြစ်လာရင် သူတို့အနေနဲ့ အနေချောင်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာပေါ့နော်”

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA)ရဲ့ ထိုးစစ်တွေကြောင့် နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေကိုပါ စစ်သင်တန်းပေးပြီး AA အဖွဲ့ကို ပြန်တိုက်ခိုင်းဖို့ ကြိုးစားနေတာလို့ သူကဆိုပါတယ်။
ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA) 
 
ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်နေတယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ရိုဟင်ဂျာ ၂၆ ဖွဲ့ကတော့ ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေ ပိုတိုးလာတဲ့လုပ်ရပ်တွေက နေ ကာကွယ်ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူရမယ်လို့ ဒီနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။

ဆက်နွယ်သောသတင်းများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */