" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 8, 2024

တောင်ပြိုစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီက ရိုဟင်ဂျာတပ်ဖွဲ့တချို့နဲ့ ပူးပေါင်းခုခံခဲ့ဟု AA ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဖေဖော်ဝါရီ၊ ၂၀၂၄ 

၂၀၂၄၊ ဖေဖော်ဝါရီလ (၄/၅/၆) မှာ စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့ ARA၊ RSO စခန်းတို့ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး သိမ်းဆည်းခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက်များ။ (Photo: AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organisation (RSO) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခုခံခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဘက်က ဖေဖော်ဝါရီ (၇) ရက် (ဗုဒ္ဓဟူးနေ့) က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းအမြောက်အမြားနဲ့အတူ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတချို့ကိုတွေ့ရှိရပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ်သား စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီရဲ့ နယ်ခြားစပ်တပ်ဖွဲ့တွေဟာ နိုဘီဟူဆောင်း ခေါင်းဆောင်တဲ့ ARA အဖွဲ့နဲ့ ကြိုတင် ညှိနှိုင်းထားပြီး လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းနဲ့ ရောင်းချထားခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးဖို့လည်း အကူအညီတောင်းခံခဲ့ကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်ခြားမြစ်ဖြစ်တဲ့ နတ်မြစ်ကမ်းစပ်မှာလည်း အင်္ဂတေ၊ အုတ်တွေနဲ့ အခိုင်အမာ ဆောက်ထားတဲ့ ARA တပ်စခန်းတခုရှိပြီး အဲဒီ စခန်းက တောင်ပြို (လက်ဝဲ) နဲ့ အဖြောင့်တိုင်းရင် မီတာ (၁,၀၀၀) တထောင်ကျော် (ပေ ၃,၂၈၀) သာ ဝေးပါတယ်။ အင်္ဂတေလူသွားလမ်းတွေနဲ့ ချိတ်ဆက်ထားတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ) စခန်းကို ဖေဖော်ဝါရီလ (၆) ရက်နေ့ ညနေပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းယူနိုင်ခဲ့ပြီး အခုဆိုရင် မောင်တောမြို့မြောက်ပိုင်းက ဗျူဟာစခန်းနှစ်ခုဖြစ်တဲ့ နယ်ခြားစောင့်တပ်စခန်း တောင်ပြို လက်ဝဲ၊ လက်ယာ နှစ်ခုစလုံးကို သိမ်းထားပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဗျူဟာစခန်းနှစ်ခုက စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀၀ ကျော် လောက်ဟာ နတ်မြစ်ကိုကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ခြမ်းကို လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို တုံ့ပြန်ချက် မေးမြန်းထားပေမယ့် ချက်ချင်း မတုံ့ပြန်သေးပါဘူး။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */