" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 25, 2024

ပေါက်တောမြို့ကို ထိန်းချုပ်လိုက်ကြောင်း AA အဖွဲ့ကြေညာ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ ဇန်နဝါရီ၊ ၂၀၂၄ 

စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

နှစ်လကြာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့ကို အပြည့်အဝထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ရခိုင့်တပ်တော်ခေါ် AA အဖွဲ့က ကြေညာပါတယ်။ လူဦးရေ နှစ်သိန်း နီးပါးရှိပြီး ကျေးရွာအုပ်စု ၅၀ ကျော်နဲ့ ဧရိယာစတုရန်းမိုင် လေးရာကျော်ရှိတဲ့ မြို့ဖြစ်သလို စစ်တွေမြို့နဲ့ မလှမ်းမကမ်း ရေမိုင် ၁၆ မိုင်အကွာ ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့ထဲမှာ AA အဖွဲ့က အလံတွေ စိုက်ထူပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့အကြောင်း ဒေသခံ သတင်းတွေမှာ ဖေါ်ပြပါတယ်။ မြန်မာစစ်တပ်ဘက်က လေကြောင်းကရော ရေတပ်ကပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေကြား မြို့တွင်း၊ ဈေးနဲ့ နေရာတော်တော်များများ မီးလောင်ပျက်ဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပေါက်တောမြို့အခြေအနေ သတင်းထုတ်ပြန်တာ တုံ့ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကင်းစခန်းတွေ တော်တော်များများ လက်လွှတ်ဆုံးရှုံးခဲ့သလို တိုက်ပွဲတွေကြား နေရပ်စွန့်ခွာထွက်ပြေးသူတွေလည်း သိန်းနဲ့ချီရှိနေပါတယ်။ တိုက်ပွဲတွေကတော့ ရခိုင် ပြည်နယ် တောင်ပိုင်းအထိ ကျယ်ပျံ့လာနေတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၄ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း သိမ်းပိုက်လိုက်တဲ့အကြောင်း AA ရခိုင်တပ်တော်က ပြောဆိုထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */