" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 6, 2023

ရိုဟင်ဂျာအပေါ် ကန့်သတ်မှုများ လျှော့ပေးရန်နှင့် အကူ အညီ ပြန်တိုးပေးရန် ICG တိုက်တွန်း

DVB
December 6, 2023

နေရပ်ပြန်နိုင်ရေး မသေချာသေးတဲ့အချိန်မှာ အထောက်အပံ့တွေ လျှော့ချခံရလို့ ဒုက္ခထပ်ကြုံနေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေအပေါ်မှာ ကန့်သတ်တာတွေကို လျှော့ပေးဖို့နဲ့ အကူအညီတွေ ပြန် တိုးပေးဖို့ လိုတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က တိုက်တွန်း လိုက်ပါ တယ်။
ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာ ICG က ‘သောကပင်လယ်ဝေရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် များ’ ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး ရိုဟင်ဂျာတွေ လတ်တလောကြုံ တွေ့ နေရတာတွေနဲ့ နိုင်ငံတကာကို အကြံပြုချက်တွေ ဖော်ပြထားတာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်နေတာကြောင့် ရိုဟင်ဂျာတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ အလုပ်လုပ်ခွင့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက တားမြစ်ပိတ်ပင်ထား သလို လူသားချင်းစာနာမှုအဖွဲ့တွေအတွက်လည်း ကန့်သတ်ထားလို့ အကူအညီပေးဖို့အတွက် ကုန် ကျစရိတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရိုဟင်ဂျာတွေအပေါ် ပေးအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို တဖြည်းဖြည်းလျှော့ချလာပြီး ၂၀၂၂ ခုနှစ် ကုလသမဂ္ဂနိုင်ငံတွေက ထည့်ဝင်လှူဒါန်းငွေဟာ ၆၃ ရာခိုင်နှုန်းပဲရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ အကြီးအကျယ်လျော့ကျသွားပြီး WFP က ဒုက္ခသည်တယောက်ကို အရင်က တလအတွက် ၁၂ ဒေါ်လာဖိုး စားနပ်ရိက္ခာပေးနိုင်ခဲ့ပေမဲ့ အခုတော့ ၈ ဒေါ်လာဖိုး ပဲ ပေးနိုင်တော့ တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့အစည်း (RSO) တို့ရဲ့ တိုက်ပွဲတွေမှာ ဒုက္ခသည်အများအပြား ကြားညပ် သေဆုံးခဲ့ပြီး ဒုက္ခသည် စခန်းစောင့်လုံခြုံရေး ရဲတပ်ရင်းမှာလည်း ကာကွယ်ပေးဖို့ လုံလောက်တဲ့ ရုပ်ဝတ္ထု အရင်းအမြစ်မရှိ ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါတင်မက အဲဒီရဲတပ်ရင်းဟာ ဒုက္ခသည်တွေကို ကာကွယ်ရမယ့်အစား သူတို့ကိုယ်တိုင် ခြိမ်းခြောက် ငွေညှစ်တာ၊ ပြန်ပေးဆွဲတာ စတဲ့ ပြစ်မှုတွေမှာ ပါဝင်နေတယ်လို့ စွပ်စွဲတာတွေလည်း မကြာခဏ ထွက် ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဒုက္ခသည်တွေဟာ စခန်းကနေ ခိုးထွက်ပြီး ရခိုင်ပြည်နယ်ထဲကို ပြန်တာ၊ မလေးရှားလိုနိုင်ငံမျိုးဆီကို ပင်လယ်ရေလမ်းက သွားတာ၊ လက်နက်ကိုင်အဖွဲ့ ဒါမှမဟုတ် ရာဇဝတ် ဂိုဏ်း ထဲ ဝင်တာမျိုးတွေ လုပ်လာရတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တယောက်က “စားရေးသောက်ရေးကျတော့ လူတယောက် တလ ၈ ဒေါ်လာနှုန်း နဲ့က လုံလောက်တယ်လို့ ပြောလို့မရဘူး။ ပြန်လာဖို့ဆိုတာ အခြေအနေ မပေးသေးဘူး။ ဘာဖြစ်လို့ လဲ ဆိုရင် မြန်မာဘက်က လိုက်လျောတာ ဘာမှမရှိဘူး။ သူတို့ ဖြစ်စေချင်တာက ဒီဘက် ဒုက္ခသည်စခန်း ကနေ မြန်မာဘက် ထိန်းသိမ်းရေးစခန်းသွင်းဖို့၊ NVC ထုတ်ပေးဖို့။ ကြာလာတာနဲ့အမျှ မောင်တော မြောက်ပိုင်း ကန့်သတ်နယ်မြေ ဖန်တီးပြီးတော့ ထားဖို့ပါပဲ” လို့ ပြောပါတယ်။

ICG ရဲ့ အစီရင်ခံစာကတော့ လက်ရှိမှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့တာဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်သွားစေလိမ့် မယ် လို့ ဆိုပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ဒီအခြေ အနေ ကို ပြုပြင်ဖို့၊ ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်တဲ့ပုံစံတွေ ပြောင်းပေးဖို့ တောင်းဆိုပြီး နိုင်ငံတကာ အ လှူ ရှင်တွေအနေနဲ့လည်း ဒုက္ခသည်တွေ ကိုယ့်အားကိုယ်ကိုးလာနိုင်အောင် စီမံချက်တွေလုပ်ပေးဖို့နဲ့ အဲဒီအခြေအနေ ဖြစ်မလာခင်မှာ အရင်လိုပဲ ထောက်ပံ့တာတွေကို အပြည့်အဝပေးကြဖို့ တိုက် တွန်း ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */