Myanmar Now
December 12, 2023
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များထံ ဆယ်စုနှစ်နှင့်ချီကြာ သစ္စာခံခဲ့ကြသည့် ကိုးကန့်လက်နက်ကိုင်ခေါင်း ဆောင် များကို ဖမ်းဆီးပေးရန် တရုတ်အစိုးရ၏တောင်းဆိုမှုက စစ်ကောင်စီအတွက် အကျပ်ရိုက်စရာဖြစ်လာခဲ့သည်။
တရုတ်အစိုးရသည် ကျားဖြန့်လောင်းကစားသံသယဖြင့် ကိုးကန့်အုပ်ချုပ်ရေးခေါင်း ဆောင်ဟောင်းများ ဖြစ်ကြ သည့် ဦးပယ်ဆောက်ချိန်၊ ဦးဝေဆန်းနှင့် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက် တို့အပါအဝင် လောက်ကိုင်မှ လူ ၁၀ ဦးကို ယမန်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သည်။
စစ်ကောင်စီကို သစ္စာခံသည့် ကိုးကန့်အုပ်စုထဲတွင် ၎င်းတို့သုံးဦးနှင့် ပြီးခဲ့သည်လအတွင်းက သေဆုံးသွားသည့် တရုတ်နိုင်ငံသား ကြံ့ခိုင်ရေးအမတ် ဦးမြီရှောက်ချန်းတို့သည် အရေးအပါဆုံးခေါင်းဆောင်များဖြစ်သည်။
ထိုလေးဦးစလုံးကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းက ကျားဖြန့် ခေါ် အွန်လိုင်းလိမ်လည်မှုများ၏ နောက်ကွယ်တွင် စစ် အုပ်စုက ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးအမတ်များ၊ နယ်ခြားစောင့်တပ် ခေါင်းဆောင်များ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေသည်ကို တရုတ်အစိုးရက အခိုင်အမာယုံကြည်နေကြောင်း ပြသနေသည်။
စစ်ကောင်စီအတွက်လည်း ၎င်းတို့၏သစ္စာခံများကို အကာအကွယ်ပေးမည်လား၊ တရုတ်လက်ထဲ အပ်မည်လား ဆုံးဖြတ်ရမည်ဖြစ်သည်။
ဦးပယ်ဆောက်ချိန်
စစ်ဗိုလ်ချုပ်များ၏ စိတ်အချရဆုံး ကိုးကန့်မိတ်ဆွေ
ဦးပယ်ဆောက်ချိန်သည် စစ်အာဏာရှင်အဆက်ဆက်ကို သစ္စာခံသည့် ကိုးကန့်အုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ကိုးကန့်ဒေသတွင် အရေးအပါဆုံး နံပါတ် ၁ ခေါင်းဆောင်လည်း ဖြစ်သည်။
စစ်အုပ်စုကို ဆန့်ကျင်သည့် နောက်ထပ်ကိုးကန့်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် MNDAA တပ်ကို စစ်တပ်နှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့ပြီးနောက် ၂၀၀၉ တွင် ကိုးကန့်ဒေသ အုပ်ချုပ်ရေးအရာရှိ ဖြစ်လာ သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအမတ်ဖြစ်လာပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ပေါ်လာသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံးဥက္ကဋ္ဌဖြစ်လာခဲ့သည်။
သူ၏သားနှစ်ဦးဖြစ်ကြသည့် ပယ်ရင်ချန် (ခ) ဦးခင်မောင်ဝင်း၊ ပယ်ရင်နွယ် (ခ) ဦးခင်မောင်လွင် တို့သည် ကိုး ကန့်ပြည်သူ့စစ်နှင့် ကိုးကန့်စစ်ကောင်စီတွင် အဆင့်မြင့်ရာထူးများ ရယူထားကြသည်။
သားငယ် ပယ်ရင်ချန်သည် အင်အားထောင်ချီရှိသည့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူ သည် တရုတ်နိုင်ငံသားဖြစ်ကြောင်း တရုတ်ဖမ်းဝရမ်းအရ သိရသည်။
အခြားတစ်ဖက်တွင် ပယ်ရန်ချန်သည် နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားသို့ အထူး ဖိတ်ကြားထားသူအနေဖြင့် တက်ရောက်ခွင့်ရခြင်း၊ စစ်ကောင်စီတပ်သားများရရှိသည့် လစာ၊ ရိက္ခာ၊ စစ်ဆေး ရုံများတွင် ဆေးကုသခွင့် ရခြင်း စသည့် အခွင့်အရေးများ ရခဲ့ကြသည်။
မတ်လအတွင်းက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ရန် ပယ်ရင်ချန စစ်ကောင်စီက ဖိတ်ကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။
စစ်ကောင်စီက နိုဝင်ဘာလ ၁၆ ရက်နေ့က ပယ်ရင်ချန်သည် ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြုလိမ်လည်မှု၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှု စသည့် အမှု များ ကျူးလွန်ကြောင်း စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့သည်။ သို့သော် ဝရမ်းကို နာရီပိုင်းအတွင်း ပြန်လည်ပယ်ဖျက် ပေးခဲ့သည်။
ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းကိုင်ဖခင်
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များနှင့် ကိုးကန့်နယ်ခြားတပ်တို့အကြား ဆက်သွယ်ရာတွင် ဗိုလ်မှူးကြီးဝေဆန်းက အခရာကျသည်။ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ သီတင်းပတ်အနည်းငယ်အလို စက်တင်ဘာလအတွင်းက လားရှိုး တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခွင့်ရသည့် ရှမ်းမြောက်အခြေစိုက် လက်ရွေးစင် ပြည်သူ့ စစ် ခေါင်းဆောင် ၇ ဦးထဲတွင် ပါဝင်သည်။
တရုတ်၏ဖမ်းဝရမ်းထဲတွင် သူ၏သားဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဝေချင်းဆုန်လည်း ပါဝင်သည်။ ဝေချင်းဆုန် သည် တရုတ်နိုင်ငံသားဖြစ်ကြောင်း ဝရမ်းစာအရ သိရသည်။ သူ၏မြန်မာအမည်သည် ဦးမောင်မောင်ဖြစ်သည်။ (တရုတ်က ဖမ်းထားသည့် ကိုးကန့်သူဌေးနှင့် ကြံ့ခိုင်ရေးအမတ် ဦးမောင်မောင် မဟုတ်ပါ။)

သူသည် တစ်ချိန်တည်းတွင် စစ်ကောင်စီတပ်လက်အောက်ခံ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်၏ ဗဟိုအကြံ ပေးနှင့် ကွပ်ကဲရေးအဖွဲ့ဝင်ဖြစ်သည်။ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်ဖြင့် ၂၀၀၉ အတွင်းက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လောက်ကိုင်တွင် အခြေစိုက်သည်။
ဝေချင်းဆုန်သည် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်များအတွက် သတ်မှတ်ထားသည့် စစ်စိမ်းရောင် ယူနီ ဖောင်းဝတ်ဆင်ခွင့်၊ ထိုယူနီဖောင်းပေါ်တွင် ဝါစိမ်းနီ သုံးရောင်ခြယ် မြန်မာအလံပါသည့် လက်မောင်းတံဆိပ်တပ် ဆင်ခွင့်များ ရရှိထားသည့် အရာရှိတစ်ဦးဖြစ်သည်။ စစ်ကောင်စီတပ် တပ်မှူး ဗိုလ်ချုပ်များနှင့်အတူ စစ်ဆင်ရေး များ၊ အရပ်ဘက်အုပ်ချုပ်ရေးများတွင် ဝင်ရောက်ခြယ်လှယ်ခွင့်ရခဲ့သူဖြစ်သည်။
ယမန်နေ့က တရုတ်အစိုးရ၏ ကျားဖြန့်ဖမ်းဝရမ်းတွင်မူ သားအဖနှစ်ယောက်စလုံး ပါဝင်ခဲ့ပြီး ဆွေမျိုးတော်စပ် သည့် ဝေယုံ (ခ) ဒေါ်ချောချောအေး တို့လည်း ပါဝင်လာခဲ့သည်။ ဒေါ်ချောချောအေးသည် လောက်ကိုင်ရှိ အကြီး မားဆုံး စီးပွားရေးလုပ်ငန်းထဲတွင် ပါသည့် ဟိန်းလီကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌဖြစ်သည်။
ဟိန်းလီကုမ္ပဏီအုပ်စုသည် လောက်ကိုင်တွင် ဟိုတယ်လုပ်ငန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးရုံ၊ကိုယ်ပိုင် မီးသတ်ဌာနများဖြင့် လည်ပတ်နေသည့်လုပ်ငန်းစုဖြစ်သည်။
ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်
တရုတ်ဖမ်းထားသည့် ကြံ့ခိုင်ရေးအမတ် ဦးမောင်မောင်၏အစ်ကို
တရုတ်၏ဖမ်းဝရမ်းထဲတွင် ကိုးကန့်ကြံ့ခိုင်ရေးလွှတ်တော်အမတ် ဦးမောင်မောင်၏အစ်ကို ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်လည်း ပါဝင်လာခဲ့သည်။
ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်သည် ဖူလီလိုက်ကုမ္ပဏီအုပ်စု ဥက္ကဋ္ဌဖြစ်ပြီး စစ်ခေါင်းဆောင်က ပေးအပ် ထားသည့် ‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ကို ၂၀၂၁ အတွင်းက ရရှိထားသူဖြစ်သည်။
သူပိုင်ဆိုင်သည့် ဖူလီလိုက်ကုမ္ပဏီအုပ်စုသည် မြန်မာနိုင်ငံအနှံ့ စီးပွားရေးလုပ်ငန်းများစွာ ဖြန့်ကြက်ထားသည်။
တရုတ်၏ဖမ်းဝရမ်းထဲတွင် သူ၏သားဖြစ်သူနှင့် ဖူလီလိုက်ကုမ္ပဏီအုပ်စု၏ မန်နေဂျာ လျိုကျင့်မောင်တို့လည်း ပါဝင်သည်၊။
ရှမ်းပြည်နယ်အတွင်း မြို့နယ်များအခြေစိုက်ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် တရုတ်နိုင်ငံသားများ ငွေ အမြောက်အမြား အလိမ်ခံနေရပြီး နိုင်ငံခြားသားအများအပြားလည်း ကျွန်ပြုခံနေရသည်။
အဆိုပါ လူဆိုးဂိုဏ်းခေါင်းဆောင်ဟု ယူဆရသူများ တည်ရှိသည့် နေရာကို သတင်းပေးပါက ယွမ်ငွေ တစ်သိန်းမှ ငါးသိန်း (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ မှ ၇၀,၀၀၀) အထိ ဆုငွေချီးမြှင့်မည်၊ အကာအကွယ်ပေးသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု တရုတ်က ဆိုထားသည်။
စစ်ကောင်စီကလည်း တရုတ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းလိုကြောင်း ပြသနေသည်။ စစ်ကောင်စီ၏ လတ်တ လောတိုက်ပွဲသတင်းထုတ်ပြန်ချက်များတွင် ထိုအမှုများကို ကိုင်တွယ်နေကြောင်း ထည့်သွင်းဖော်ပြလေ့ရှိသည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကလည်း ကျားဖြန့်အမှုများတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၃၀,ဝဝဝ ကျော်ကို မြန်မာဘက်မှ လွှဲပြောင်းရယူထားကြောင်း ကြေညာထားသည်။
ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်တွင်လည်း အွန်လိုင်းမှ ငွေလိမ်သည့် ဂိုဏ်းများက နိုင်ငံတကာမှ အလုပ် အကိုင်ရှာဖွေသူများကို သွေးဆောင်ခေါ်ယူပြီး ကျွန်ပြုခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှုများ ကျူးလွန်နေဆဲ ဖြစ်သည်။
Link : Here
No comments:
Post a Comment