" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 15, 2023

တရုတ် ဝင်ရှုပ်ပြန်တဲ့ မြန်မာ့အရေး

DVB
December 14, 2023

ဒီဇင်ဘာ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ညီ နောင် ၃ ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်။ တရုတ်အစိုးရရဲ့ ကမကထပြုမှုနဲ့ မျက်နှာချင်းဆိုင်ခဲ့ ကြတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရက ဆိုပါတယ်။
စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းကလည်း ညီနောင် ၃ ဖွဲ့နဲ့ စစ်အုပ်စုတာဝန်ရှိသူတွေ တရုတ်အစိုး ရ အကူအညီနဲ့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးကြတယ်။ တိုးတက်မှု အခြေအနေအပေါ် မူတည်ပြီး ဒီ လကုန်လောက် ထပ်တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ဆိုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ ပါဘူး။

အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သတင်းတချို့ရဲ့ ဖော်ပြချက်မှာတော့ တွေ့ဆုံမှုဟာ ၁၀ မိနစ်လောက် သာ ကြာပြီး ဘာသဘောတူညီချက်မှ မရဘူးလို့လည်း ဆိုပါတယ်။ အတည်ပြုလို့မရသေးတဲ့သတင်း တချို့ကတော့ လောက်ကိုင်မြို့ကနေ စစ်တပ် ပြန်လည် ထွက်ခွာပေးရမယ်၊လောက်ကိုင်ကိုကိုးကန့် တပ်မတော် MNDAA က အုပ်ချုပ်ခွင့်ရမယ်။ ဒီလကုန်အထိ စစ်တပ်နဲ့ MNDAA တို့ အပစ်ရပ်ထား မယ်လို့လည်း ဖော်ပြကြပါတယ်။

အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ညီနောင် ၃ ဖွဲ့က ကြေညာချက်ထုတ်ပြန်ခြင်းမျိုးမရှိသလို တစ်စုံတစ် ရာ ထုတ်ဖော်ပြောကြားခြင်းလည်း မရှိတာကြောင့် ဆွေးနွေးပွဲရလဒ်တွေအပေါ် အတည်ပြုရခက် နေပြီး မျက်မြင်အခြေအနေတွေနဲ့သာ မှန်းဆနေရပါတယ်။

မျက်မြင်တွေ့ရှိချက်တွေက ရှမ်းမြောက်တခွင် အကြမ်းဖက်စစ်တပ် စခန်းကြီးငယ်တွေကို သိမ်းပြီး ရင်း သိမ်းနေတဲ့ ကိုးကန့်တပ်မတော် MNDAA ဟာ ဒီဇင်ဘာ ၁၁ ရက်ဝန်းကျင်ကစလို့ ထိုးစစ်ဆင် ခြင်းနဲ့ အောင်ပွဲခံစခန်းသိမ်း သတင်းတွေ မဖော်ပြတော့ခြင်းပါပဲ။ မဖော်ပြတော့ဘူးဆိုတာက ထိုး စစ် တွေ ရပ်ထားတာကြောင့်လို့ နားလည်ရပြီး အဲဒါဟာ ကူမင်းဆွေးနွေးပွဲအရ အပစ်ရပ်ထားခြင်း လို့လည်း ကောက်ယူနိုင်ပါတယ်။

MNDAA ရဲ့ တိုက်ခိုက်မှုတွေကို လတ်တလောမတွေ့ရပေမဲ့ တအောင်းတပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကိုတော့ ဒီဇင်ဘာ ၁၁ ရက် ဒီဘက်ထိတိုင် ဆက်တိုက် တွေ့နေရပါ တယ်။ ဒါ့အပြင် TNLA နဲ့ AA တို့ရဲ့ တိုက်ခိုက်မှုတွေကို သူတို့ရဲ့ လူမှုကွန်ရက်ပေါ်တင်မက ညီနောင် ၃ ဖွဲ့အမည်နဲ့ပါ ထုတ်ပြန်နေတာလည်း တွေ့ရပါတယ်။

အဲဒီအပေါ် ကောက်ယူရမယ်ဆိုရင် ကူမင်းဆွေးနွေးပွဲမှာ MNDAA တစ်ဖွဲ့တည်းနဲ့သာ သဘောတူညီ မှု တချို့ရခဲ့ပြီး TNLA ၊ AA နဲ့ စစ်အုပ်စုကြား ဘာသဘောတူညီချက်မှမရဘူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် TNLA နဲ့ AA တို့ တိုက်ပွဲထုတ်ပြန်ချက်တွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ် တင်မက ညီနောင် ၃ ဖွဲ့ရဲ့ လူမှုကွန်ရက်ပေါ်မှာပါ တင်နေခြင်းမှာ ယနေ့ထိတိုင် ညီနောင် ၃ ဖွဲ့ဟာ သဘောထားကွဲပြားမှု မရှိကြောင်း သက်သေပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒီဇင်ဘာ ၁၂ ရက်၊ ည ၁၁ နာရီ မိနစ် ၅၀ မှာ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကလည်း ၁၀၂၇ စစ်ဆင်ရေးဟာ ဆက်လက်ချွန်းဖွင့်မြဲဖြစ်ကြောင်း ဆိုပါတယ်။ စစ်အုပ်စုရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက် တစ်ခုပြီး တစ်ခု ခံစားခဲ့ကြရတဲ့ မြန်မာပြည်သူလူထုတရပ်လုံးက မျှော်လင့် တောင့်တနေ တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ညီနောင် ၃ ဖွဲ့အနေနဲ့ ဘယ်တော့မှ လျစ်လျူရှုမှာမဟုတ်တဲ့အပြင် နောက်ပြန်လှည့်သွားမှာ မဟုတ်ကြောင်း လတ်တလော တွေ့မြင်နေရတဲ့ သတင်းတချို့ကြောင့် မြန်မာပြည်သူတရပ်လုံးအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို သိရှိရပြီး အဲဒီကိစ္စရပ်အပေါ် များစွာ စိုးရိမ်ပူပန်မှု မရှိကြစေဖို့ ပြောကြားလိုကြောင်း ညီနောင် ၃ ဖွဲ့အနေနဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့် ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မာပြည်သူ တရပ်လုံးနဲ့ လက်တွဲကာ လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်က ဘာကိုပြောနေတာလဲဆိုတော့ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ် အာဏာရှင်စနစ်ကို မြေလှန်ပစ်နိုင်ရေး ညီနောင် ၃ ဖွဲ့ဟာ နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ ဆို လိုက် ခြင်းဖြစ်သလို စစ်အုပ်စုနဲ့ ဆွေးနွေးမှုအပေါ် သိပ်အများကြီး စိုးရိမ်စရာမရှိဘူးလို့ ပြောလိုက် တာပါပဲ။ ဒါကို တဖက်လှည့် တွေးမယ်ဆိုရင်တော့ စိုးရိမ်စရာ အထိုက်အလျောက်တော့ ရှိမယ်လို့ လည်း ကောက်ယူနိုင်ပါတယ်။ ပြောရရင် အခြေအနေအကြောင်းကြောင်းကြောင့် စစ်အုပ်စုနဲ့ ဆွေး နွေးရတာပါလို့ ညီနောင် ၃ ဖွဲ့က ပြောချင်ပုံလည်း ရပါတယ်။

ပြီးတော့ လက်ရှိအခြေအနေဟာ ညီနောင် ၃ ဖွဲ့ရော တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် အကြမ်းဖက်စစ်တပ် ဖရိုဖရဲဖြစ်နေတာ အထင်အရှားပါပဲ။ ၁၀၂၇ စစ်ဆင် ရေးကာလ ၄၇ ရက်တာမှာ စစ်တပ်စခန်းကြီးငယ် ၂၈၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးရှမ်းမြောက် ဒေသက အရေးပါတဲ့ မြို့တွေနဲ့ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တွေကိုပါ ညီနောင် ၃ ဖွဲ့က ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိအခြေအနေဟာ စစ်အုပ်စုနဲ့ ဆွေးနွေးအဖြေရှာရ မယ့် အချိန်မဟုတ်ဘူးဆိုတာ အားလုံးက အလွယ်တကူ နားလည်နိုင်ပါတယ်။

ဟုတ်ပြီ၊ အခုလိုအခြေအနေမျိုးမှာ ဘာ့ကြောင့် စစ်အုပ်စုနဲ့ ဆွေးနွေးရပါသလဲ။ အထက်မှာ ဆိုခဲ့သ လို အကြောင်းကြောင်းကြောင့် ဆွေးနွေးခဲ့တယ်လို့ ယေဘုယျဆိုရပါမယ်။ ဘယ်လို အကြောင်း ကြောင်းတွေပါလဲ။ အစွမ်းကုန် ဖွင့်တိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တလကျော် ကြာလာပြီဖြစ်လို့ စိတ်လွတ်ကိုယ်လွတ် စစ်တိုက်နိုင်ဖို့ ပြန်လည်ဖြည့်တင်းရမှာတွေ ရှိနိုင်ပါတယ်။

နောက်ထပ်အရေးပါတဲ့အချက်က တရုတ်နယ်စပ်မှာ တရုတ်နဲ့ကင်းပြီး ရပ်တည်ဖို့ မလွယ်တဲ့အ ခြေ အနေအရ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ဆွေးနွေးပွဲတင်မက ခဏတဖြုတ် အပစ်ရပ်ရေးကိုပါ MNDAA က လက်ခံလိုက်ရပုံရပါတယ်။ ပြောရရင် တရုတ်ရဲ့ ကမကထပြုမှုဟာ ဆွေးနွေးပွဲကို တင် မက ဖြစ်တဲ့နည်းနဲ့ အပစ်ရပ်ဖို့ပါ တရုတ်က ဖိအားပေးပုံရပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ ဘေဂျင်းမှာ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံစဉ် ညီနောင် ၃ ဖွဲ့ကို စစ်ပွဲရပ်ရေး ဖိအားပေးဖို့ မျက်ရည်ခံထိုး ခြေသလုံး ဖက်ကာ တရုတ်ခံတွင်းတွေ့မယ့် အခွင့်အရေးတွေ ပေးမယ်လို့လည်း ထိုးကျွေးခဲ့ပုံ ရပါတယ်။

တကယ်တော့ တရုတ်က စစ်အုပ်စုကို အယုံအကြည်မရှိပါဘူး။ အထူးသဖြင့် မင်းအောင်လှိုင်အပေါ် ပိုလို့တောင် အယုံအကြည်မရှိတာ သေချာပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်တပ် လုံးဝချေမှုန်းခံရပြီး နောက် အနာဂတ်မြန်မာနိုင်ငံအခြေအနေကိုလည်း အကောင်းမြင်ပုံမရပါဘူး။ ဒါ့ကြောင့်တရုတ်ဟာ မြန်မာဘက်အသီးသီးတို့ ဆွေးနွေးအဖြေရှာကာ အခြေခံဥပဒေအောက် ပြန်သွားကြဖို့သာ တောက် လျှောက်တိုက်တွန်းနေတာ ဖြစ်ပါတယ်။ အခုလည်း ညီနောင် ၃ ဖွဲ့ကို အပစ်ရပ်ဖို့ ဖိအားပေးနေတာ ဟာ အကြမ်းဖက်စစ်တပ် ချေမှုန်းခံနေရပြီဆိုတာကို သိတာကြောင့် ရသလောက် ဝင်ဟန့်တာလည်း ဖြစ်နိုင်ပါတယ်။ အကြမ်းဖက် စစ်တပ်ရော တော်လှန်ရေး အင်အားစုတွေပါ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ မြန်မာ့အရေး တရုတ်အရူးအိပ်မက်လို့တောင် ပြောနိုင်မယ် ထင်ပါတယ်။

လောလောဆယ်မျက်မြင်တွေအရ တရုတ်ရဲ့ ဖိအားကို ညီနောင် ၃ ဖွဲ့ထဲက MNDAA ကသာ အကန့် အသတ်နဲ့ လက်ခံလိုက်ပုံရပါတယ်။ MNDAA ရဲ့ လက်ခံမှုကလည်း ညီနောင် ၃ ဖွဲ့ရဲ့ လတ်တလော ထုတ်ပြန်ချက်တွေအရ အချိန်အကြာကြီး တည်မြဲမယ့်ပုံ မပေါ်ပါဘူး။

ဘာပဲဖြစ်ဖြစ် လတ်တလောမှာ အကြမ်းဖက်စစ်တပ်အတွက် စစ်ရေးဖိအား နည်းနည်းဖြစ်ဖြစ်လျော့ သွားစေတာတော့ သေချာပါတယ်။

ထွန်းလင်း

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */