" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 25, 2023

လားရှိုးရှိ မိုင်းကျက်စစ်စခန်းကို TNLA သိမ်းပိုက်

  ဧရာဝတီ
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်အတွင်းရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ် စခန်းကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက ယနေ့ ထုတ် ပြန်သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “မိုင်းကျက်ရွာထိပ်မှာရှိတဲ့ တပ်စခန်းဖြစ် ပါတယ်။ မြို့ကိုထိန်းထားတဲ့ တပ်စခန်းတော့ မဟုတ်ပါဘူး။ မိုင်းကျက်ကတော့ ရွာကြီးပေါ့။ မိုင်းကျက် စခန်းကို ကျနော်တို့ မနေ့ည ၁၂ နာရီမှာ သိမ်းပိုက်ရရှိတယ်။ Operation စတဲ့ အောက်တိုဘာ ၂၇ က တည်းက စပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကာလ ၄ ပတ်ထဲအရောက် မနေ့ညကတော့ အလုံး စုံ သိမ်းပိုက်နိုင်လိုက်တာ ဖြစ်တယ်။ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

မိုင်းကျက်စခန်းသည် ဗျူဟာထိုင်ထားသည့် စစ်တပ်အတွက် အရေးကြီးသော စခန်းတခုဖြစ်သော ကြောင့် စခန်းမကျရေး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများသုံးပြီး ခုခံတိုက်ခိုက်ခဲ့သ လို တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ ကြောင်း၊ တိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးများ ရှိခဲ့သလို စစ်ကောင်စီ ထောက်ပို့လေယာဉ်ဖြင့် ပေးပို့သော လက်နက်ခဲယမ်း‌သေတ္တာများကို TNLAဘက်ကကြား ဖြတ်ရယူနိုင်ခဲ့မှုများလည်းရှိကြောင်း သိရသည်။

ထို့ပြင် TNLAနှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း ကျောက်မဲ စခန်းသာအနီး၊ နမ့်ခမ်း စခန်းသစ်ကုန်း စသည့် နေရာများ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ်ပစ်ကူပေးနေကြောင်း သိရသည်။

TNLA သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းနေရာပြမြေပုံ / TNLA

ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “အဓိကတော့ မြေပြင်ကနေ ထိုးစစ်ဆင်ပြီး တက်လာတာမျိုး မတွေ့ ရ ဘူး။ လေကြောင်းနဲ့ လက်နက်ကြီးတွေပဲ အများဆုံး အသုံးပြုတာကို သတိထားမိတယ်။ အခုက တော့ လားရှိုးကနေသိန္နီကို မြေပြင်ကနေ ထိုးစစ်ပြင်ဖို့ အဖွဲ့တဖွဲ့တက်လာတာကို တွေ့ရတယ်။ နောက် တ ခု မနေ့က သီပေါဘက်ကနေ ကျောက်မဲကိုထိုးဖို့ ကြိုးစားနေတဲ့အဖွဲ့ကတဖွဲ့၊ တဖက်ကတော့ ပြင်ဦး လွင်နဲ့နောင်ချိုကြား ထိုးစစ်တက်လာဖို့ အဖွဲ့တဖွဲ့ အဲဒီ ၃ ကြောင်းကိုတော့ တွေ့ရတယ်” ဟု ပြောသည်။

အလားတူ သိန္နီ-ကွမ်းလုံလမ်းပေါ်ရှိ နမ့်စလပ်တောင်ကုန်းစခန်းကို မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA) က နိုဝင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၃ နာရီကျော်တွင် သိမ်းပိုက်နိုင် ခဲ့ ကြောင်း သိရသည်။

MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်က “မနေ့က နမ့်ဆလပ်တဝိုက်မှာရှိတဲ့ စခန်းကုန်းတခုကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ သိမ်းပိုက်ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီက ဓာတုဗုံး ၄ လုံးလာကြဲသွား တယ်။ ကျဆုံးတာတော့ မရှိပါဘူး။ အဆိပ်ငွေ့ရှူမိလို့ အော့အန်ခေါင်းမူးတဲ့သူတချို့တော့ ရှိပါတယ်။ နမ့်ဆလပ်ကို ထိန်းချုပ်ထားတဲ့ အနေအထားတော့ မရှိသေးဘူးဗျ။ ကျနော်တို့ Operation တွေ ဖော် ဆောင်တဲ့အခြေအနေမှာပဲ ရှိပါသေးတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ ဓာတုဗုံးများ၊ အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ငြင်း ဆိုထားပြီး သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ နို ဝင်ဘာ ၂၄ ရက်ထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးအသုံးပြု ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၁၄ ဦး အပါအဝင် ၆၀ ကျော် သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်စခန်း နှင့် ရဲစခန်း ၄၆ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း TNLA သတင်းပြန်ကြားရေးဌာနကထုတ်ပြန် ထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */