" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 25, 2023

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ပေါက်တောမြို့ ထပ်မံ မီးလောင်

Myanmar Now
ရောင်နီ
November 25, 2023

သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ယနေ့ (နိုဝင် ဘာ ၂၅)၊ မွန်းလွဲ ၁၂ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ မြို့တွင်းရပ်ကွက်များ မီးလောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

နံနက် ၈ နာရီမှ ၁၀ နာရီကြား စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တွေမြို့ဘက်မှ တပ်ရင်းများ၊ စစ်ရေယာဉ်များက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်နေသည့် ပေါက် တောမြို့ဘက်သို့ ပစ်ကူနေခြင်းကြောင့် ဖြစ်သည်ဟု မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရှိနေသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မြင်ရတာက စျေးဝန်းနဲ့ ရွှေပြည်တန်ဆိပ်ကမ်းမှာ မီးလောင်နေတာကို မြင်ရပါတယ်။ အခုထိ လောင်နေတုန်းပါ။ ဘာမှ ကျန်မှာမဟုတ်ဘူး။ မီးက အများလောင်နေတာ။ ပြန့်သွားပါပြီ။ မြို့ ထဲမှာက မီးသတ်လည်း မရှိဘူး။ ငြှိမ်းသတ်မယ့်လူလည်း ရှိမှာမဟုတ်ဘူး” ဟု ၎င်းက ယနေ့ မွန်းလွဲ ၃ နာရီခန့်က ဆိုသည်။

‘’နေဗီ (ရေတပ်) က ပစ်တာလား။ ဘယ်က ပစ်တာလည်း မသိဘူး။ စစ်တွေကလည်း လှမ်းလို့ပစ်နေ တာကို။ လက်နက်ကြီးကျတာနဲ့ လောင်တာပဲ။ လက်နက်ကြီးကျတာကို မြင်ရတယ်’’ ဟု သူက ပြော သည်။

စစ်ရေယာဉ်များသည် စစ်တွေမြစ်၊ ရဖီးချပ်တောင်အနီးနှင့် ပေါက်တောမြို့အနီးဝန်းကျင်တွင်ရှိနေကာ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်တွင်လည်း စစ်တွေမြို့တပ်ရင်းများမှ ပေါက်တောမြို့သို့ လက်နက်ကြီး ပစ်ခတ်နေကြသည်ဟု မြို့ခံများက ဆိုသည်။

လက်ရှိတွင် ပေါက်တောမြို့အတွင်း ရဲစခန်းပတ်ဝန်းကျင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ ထားသလို AA တပ်ဖွဲ့ဝင်များလည်း မြို့အတွင်း ရှိနေသောကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်ဖြစ်နေ သေး ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြစ်နှင့် ကုလားတန်မြစ်အတွင်း ရပ်နားထားသည့် စစ် ရေယာဉ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်တွေမြို့မြောက်ဘက် ကပ်လျက်ဖြစ်သော ပုဏ္ဏားကျွန်းမြို့ မြို့မစျေးအတွင်းသို့ ကျရောက်ပေါက်ကွဲကာ တစ်စျေးလုံး မီးလောင်ပြာကျသွားခဲ့သည်ဟု မြို့ခံများထံ မှ သိရသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက မီးလောင်နေသည့် စျေးအနီးတွင် ငိုယို၍ Facebook တွင် Live လွှင့်ပြောနေသည်ကိုလည်း ယမန်နေ့က တွေ့ရသည်။

“မေမေ–မေမေ (ပစ္စည်းတွေ) ဘာမှ သုံးလို့မရတော့ဘူး။ အားလုံးပါသွားပြီ။ ဘာမှ မကျန်တော့ဘူး။ ပုဏ္ဏားကျွန်းစျေး ပြိုသွားပြီ” ဟု ထိုအမျိုးသမီးက Facebook Live တွင် ပြောနေသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် မီးလောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သော်လည်း ၎င်းတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ညပိုင်းက ငြင်းဆန်သည်။

စျေးမီးလောင်ခြင်းသည် အချိန်ကိုက်ရှို့မီးဟု သံသယရှိကြောင်း သူက ထည့်သွင်းပြောဆိုသည်။

“AA အနေနဲ့ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲဖြစ်ပါ တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ လက်နက်ကြီး၊ လေကြောင်းပစ်ကူများ  အသုံးပြုခြင်းများကို အ ခြား ဒေသစစ်မြေပြင်များတွင်လည်း စစ်ကောင်စီက အပြင်းအထန်အသုံးပြုနေသောကြောင့် ဒေသခံ များ ထိခိုက်သေဆုံးမှု၊ နေအိမ်ပျက်စီးမှုများဖြစ်ပေါ်နေသည်။

စစ်ကောင်စီသည် လတ်တလောတွင် ရှမ်းမြောက်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရခိုင်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြုနေကာ စစ်ရေးအရ အသာစီးရရန် ကြိုးပမ်းနေသည်။

ပေါက်တောမြို့နှင့် AA စစ်ရေးအခြေအနေ

စစ်တွေနှင့် ရေမိုင် ၁၆ မိုင်သာ ဝေးကွာသည့် ပေါက်တောမြို့ရှိ မြို့မရဲစခန်းကို AA က နိုဝင်ဘာ ၁၅ ရက် နေ့ ညနေတွင် ဝင်ရောက်စီးနင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ကြသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လယ်တွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေဖြင့် ပေါက်တောမြို့ကို တိုက်ခိုက် ရာ ဒေသခံများ ထွက်ပြေးရသလို သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ အမျိုးသမီးများ မြို့တွင်းပိတ် မိလျက်ရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက် နက် ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး အပါအဝင် ဒေသခံ ငါးဦးခန့် သေဆုံးသွားကြောင်း မြို့ခံ များထံမှ သိရသည်။

ထို့ပြင် အရပ်သား ၂၀၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထားခဲ့သည်။

ထို့နောက် ၆ ရက်ခန့်အကြာ၊ နိုဝင်ဘာ ၂၁ တွင် AA က ပေါက်တောမြို့အတွင်း ဝင်ရောက်ခဲ့ပြီးစစ်တပ် နှင့် တိုက်ပွဲဖြစ်ပြီးနောက် ဓားစာခံနှင့် လူသားဒိုင်းကာအဖြစ် အသုံးပြုရန် ပြန်ပေးဆွဲခံထားရသူ ၁၂၀ ခန့်ကို ခေါ်ထုတ်နိုင်ခဲ့သည်။ အလားတူ နိုဝင်ဘာ ၂၂ ကလည်း စစ်ကောင်စီက ဖမ်းဆီးထားသည့် ဓား စာခံများနှင့် မြို့တွင်းရှိ နေအိမ်တစ်ချို့တွင် ပုန်းအောင်နေသည့် အရပ်သားစုစုပေါင်း ၁၀၄ ဦးကို ထပ်မံ ခေါ်ထုတ်ခဲ့သည်။

ပစ်ခတ်မှုများအတွင်း ပထမနေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်နှင့် ဒုတိယနေ့တွင် ၁၈ ဦး သေဆုံး ပြီး ၁၈ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်း တစ်ချို့ကို သိမ်းဆည်းရမိကြောင်း၊ နောက်ထပ်ကျန်ရှိနေသူများကို ကယ်ထုတ်နိုင်ရေး ကြိုးပမ်း လျက်ရှိနေကြောင်း AA က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ အစပြုသည့် ရခိုင်ပြည်နယ်အတွင်းတိုက် ပွဲ သည် နိုဝင်ဘာ ၁၃ တွင် စတင်ခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်း တို့ကို AA က သိမ်းပိုက်ထားသည်။

အလားတူ မောင်တောမြို့နယ် ဒုံးညိုစခန်းနှင့် ဘူးသီးတောင်မြို့နယ် ခထီးလှ နယ်ခြားစောင့်စခန်းတို့ ကို သိမ်းပိုက်ရရှိထားပြီး စစ်တပ်က စခန်းလက်လွှတ်ခဲ့သည့် စခန်းပေါင်း ၄၀ ကျော်ကိုလည်း ထိန်းချုပ် ထားကြောင်း AA က ထုတ်ပြန်ထားသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၄) ကလည်း မြေပုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသွားကြောင်း AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ရှိစစ်ကောင်စီ၏အခိုင်အမာစခန်းချထားသော“တရွန်အိုင်” ဗျူဟာနှင့် ”နှုံးဘူး” ဗျူဟာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေသည်။

ထိုဗျူဟာတို့ကို ရက္ခိုင့်တပ်တော်က နိုဝင်ဘာ ၁၄ မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုဗျူဟာများသည် မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းဖောက်လုပ်နေသော ကုလားတန် ဘက်စုံစီမံ ကိန်းအတွက် လုံခြုံရေးယူပေးထားသည့် စခန်းများဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော် မင်းထွန်းက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */