" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 28, 2023

ဘူးသီးတောင်တွင်စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ် ၍ ကလေး ၂ ဦးအပါအဝင် မွတ်ဆလင် ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Narinjara
ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မွတ်ဆ လင် ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ ကွန်တိုင်အုပ်စု ဝါးချီးလားရွာမှ အာရုရူလ္လာ(၈) နှစ်၊ အဒူလ္လာ(၁၀) နှစ်နှင့် ဒေါ် ဘေဇာ(၆၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ဆော်မီယုလ္လာ (၃၈)နှစ်၊ ဂျော်ဟာယေး(၂၈)နှစ်၊ မူဇီဆမ်း(၁၉)နှစ်၊ မီဇမ်း(၃၀)နှစ်၊ နူရူဇာ မက်(အသက်မသိရသေး)နှင့် အမည်နှင့်အသက်မသိရ‌သေးသည့်အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၅ နာရီခန့်က ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီ၊ ခမရ ၅၆၄၊ ၅၆၅ တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်မြို့နယ်၊ အရှေ့ပြင်ရှည်(မွတ်ဆလင်)ကျေးရွာသို့ လက်နက်ကြီးများပစ် ခတ်ခဲ့သည်။ ယင်းအထဲမှ လက်နက်ကြီးကျည်တစ်လုံးသည် ဝါးချီးလားရွာ၏ အရှေ့ဘက်ဈေးအနီး စိုက်ခင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

ယင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စိုက်ခင်းအတွင်း ရှိနေသူများ ယခုကဲ့သို့ သေဆုံး၊ ဒဏ် ရာရသွားကြခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့ထဲကပစ်တာ မဟုတ်ပါဘူး။ ၅၆၄၊ ၅၆၅ တို့က လှမ်းပစ်ခဲ့တာ။ သုံး‌လုံးလောက်ကြားလိုက်တယ်။ မွတ်ဆလင် ရွာဘက်မှာတစ်လုံးကျပြီး သုံးယောက်သေတယ်။ အခုမြို့ပေါ်ကဆေးရုံမှာ ရောက်နေကြတယ်။ ဒဏ်ရာရတဲ့ လူတွေလေ" ဟုပြောသည်။

စစ်ကောင်စီတပ်သည် လူနေကျေးရွာများသို့ လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးက "မနေ့ကတိုက်ပွဲမရှိပါဘူး။ အကြောင်းမဲ့ပစ်နေတာပါ"ဟုပြောသည်။

လက်ရှိတွင် ဒဏ်ရာရ လူနာ ၆ ဦးမှာ ဘူးသီးတောင်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ (NN-11)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */