" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

ရခိုင်ပြည်တွင် ၁၀ ရက်အတွင်းစစ်ကောင်စီစခန်း ၅၀ နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ပြော

THE 74 MEDIA
Nov 22, 2023

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၅၀ ခန့်ကို ရက္ခိုင့် တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ သတင်းထုတ်ပြန် ကြေညာ လိုက် သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း ရက္ခိုင့်တပ်တော် (AA)က စစ်ကောင်စီတပ်စခန်း လေးခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသော စခန်း ပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဘူးသီးတောင်အခြေစိုက် “ခထီးလှ” စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့နံနက် ၈ နာရီခန့်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နံနက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်သို့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူ ၁၀၀ ခန့်ကို ကယ် ထုတ်နိုင်ခဲ့သော်လည်း အဆိုပါမြို့နယ်တွင် ယနေ့နံနက်မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က ရေကြောင်းနှင့် လေကြောင်းမှ လက်နက်ကြီးများပစ်ကူနေကြောင်းသိရသည်။

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကိုလည်း စစ်ဆင်ရေးစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ခုနှစ်နာရီခွဲခန့်တွင် “ချိန်ခါလီ”နယ်ခြားစောင့် တပ်စခန်းထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ပလက်ဝမြို့နယ်ရှိ “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” ကိုလည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ယနေ့ အချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆိုပါဗျူဟာရှိ စစ်ကောင်စီတပ်ဖွဲ့များအတွက် လေကြောင်းမှချ ပေး သော လက်နက်ခဲယမ်းများနှင့် ထောက်ပို့ပစ္စည်းအချို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) ကသိမ်းဆည်းရမိထား သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအနီးတွင်လည်း ယမန်နေ့က ထီးချိုင့်မြို့အခြေစိုက် စစ် ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၆၇) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လက်နက် ချအလင်းဝင်လာခြင်းမရှိပါက ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဟု ရေးသားဖော် ပြထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ ယမန် နေ့အထိ စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၁၆၀ ခန့်ကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

သတင်း – Dureng
ပုံ – AA info desk

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */