" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 14, 2023

သတိထားရမည့် ရခိုင်နှင့် မွတ်ဆလင်တို့၏ ပဋိပက္ခ

Western News- WN
ဂေါင် - ရေးသားသည်။
25 ဒီဇင်ဘာ 2021


ဆောင်ပါးအနှစ်ချုပ်
ဤဆောင်းပါးတွင် လူမျိုးစုနှစ်ခုကြား ပဋိပက္ခအသွင်ဆောင်လာသည့် ဖြစ်စဉ်များ၊ ပြည်သူတို့၏ သံသ ယ၊ ယခုရပ်ပိုင်း ထူးခြားလာမှု၊ ULA က သတိပေးချက်၊ IDP စခန်းနေသူတို့ သဘောထား၊ယခင် က ပဋိပက္ခဖြစ်ရပ် သုံးသပ်ချက်၊ မွတ်ဆလင် AA စစ်ကောင်စီတို့၏ လက်ရှိဆက်ဆံရေး အခြေ အ နေစ သည်တို့ကို ဖော်ပြရေးသား ထားသည်။


နိဒါန်း

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့မှာ နားလည်မှုဖြင့် အပစ်ခတ်ရပ်ထားသဖြင့်သေနတ်သံများမကြားရ ဘဲ ရှိနေသည်မှာ အချိန် ၁ နှစ်ကျော်ကြာ နေပြီးဖြစ်သည်။ ယင်းကြောင့် လက်ရှိ ရခိုင်သည်စစ်အေး ကာလ ဆိုနိုင်သလို ရခိုင်ပြည်နယ် အုပ်ချုပ်ရေးတို့ကို စစ်ကောင်စီနှင့် AA တို့ကအားပြိုင်နေရာယူနေ သည်ကို တွေ့နေရသည်။

ယင်းသို့ ရခိုင်ဒေသတွင် တိုက်ပွဲများ မရှိသော်လည်း လတ်တလောကာလတွင် တည်ငြိမ် အေးချမ်းမှု ကို ပျက်ပြားစေလိုသည့် အကျိုးစီးပွားဖျက်စီးလိုမှု ကိစ္စရပ်များအပြင်ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြ သည့် မွတ်ဆလင် အသိုင်းအဝိုင်းနှင့် ရခိုင်တို့ကြားတွင်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင် ဆောင် လာသည့် ထိရှလွယ်သော ကိစ္စရပ်များလည်း ယခုလအတွင်းအများ ဖြစ်ပေါ်နေသည်။

လတ်တလော အခြေအနေ

 
ဒီဇင်ဘာ ၂၂ ရက်ညနေက မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး လည်လှီး သတ်ဖြတ်ခံခဲ့ရသည်။ အသတ်ခံရသူမှာ မောင်တောမြို့နယ်၊ မြင်းလွတ်မြို့ထွေ/အုပ်မှ ရပ်/ ကျေးစာရေး အသက် ၂၆ နှစ်အရွယ် ကိုဆန်းဌေးနိုင်(၂၆)နှစ်ဖြစ်ပြီး ဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကို မောင်တောမြို့ အမှတ်(၁) ဝင်/ထွက်စခန်း ဘုတ်ဆိပ်အနီးတွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ထိုအမှုအား ရာဇာသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး သေဆုံးသူ အ ‌လောင်း တွေ့ရှိခဲ့သော အနီးဝန်းကျင် ဖေစီကျေးရွာမှ သံသယရှိသည့် မွတ်လင်လေးဦးကို မောင်တော ရဲတပ်ဖွဲ့မှ စစ်ဆေးနေကြောင်း သတင်းများ ဖတ်နေရသည်။

ယင်းကြောင့် စစ်ရေးတည်ငြိမ်နေသည့် ရခိုင်တွင် ရခိုင်နှင့် မွတ်ဆလင်အကြားတွင် ဆက်လက်ပြီး အ လားတူ လူမျိုးရေးဆန်သည့် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာမည်ကို နှစ်ဘက်အသိုက်ဝန်းကြား၌ စိုးရိမ် မှု တို့ ရှိနေကြသည်။

ဆက်စပ်၍ ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းက ဘူးသီးတောင်မြို့နယ် ကန္ဒားမူဆလင်ရွာတွင်စပါးကောက် လိုင်းစည်း (၇၀၀) ခန့်မီးရှို့ခံရမှုဖြစ်ပွားခဲ့သေးသည်။ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာ အ နီး ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်(၂ ) ဦးမှ မုဒိမ်းပြုကျင့်ရန်ကြံစည် သည့်ဖြစ်စဉ်တို့မှာ လူမှု အသိုက်အဝန် နှစ်ခုကြား၌ လူမျိုးရေးဆန်မည့် ပဋိပက္ခတို့ဖြစ်ပွားရန် ကြံစည်မှုတို့ ရှိလာနေသလားဟု လည်း သံသယထားစောင့်ကြည့်စရာ ဖြစ်လာနေသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက “ ပြီးခဲ့တဲ့ ကာလက ရခိုင်မှာဖြစ်ပေါ်နေတဲ့ဘူးသီး တောင်မှာ စပါးပုံတွေကို မီးရှို့ခံရတဲ့ ကိစ္စတွေ၊ အခုမောင်တောမှာ ထွေအုပ်ဝန်ထမ်းတဦး လည်လှီးအ သတ်ခံရတဲ့ ကိစ္စတွေဟာ တည်ငြိမ်မှုမရှိတဲ့ အခြေအနေကို ပြတယ်ပေါ့လေ။ တိုက်ပွဲ မရှိတော့ဘူး ဆို ပေမယ့်လည်း အခုဖြစ်နေတဲ့ အခြေအနေဟာ စနစ်တကျနဲ့ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်စေဖို့ အတွက် လုပ်ဆောင်နေတာလားလို့တောင် စဉ်းစားရတယ် ” ဟု ဆိုသည်။

ယခင် နိုဝင်လာလ ၇ရက်နှင့် ၁၃ ရက် နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းစျေးမွတ်ဆလင် ကျေးရွာရှိ အာရဗီကျောင်း(နှစ်ထပ်) ဆောင်နှင့် မီးကျောင်းစျေးကျေးရွာအုပ်စု၊ ဖော်တေအာလီ မွတ် ဆလင်ကျေးရွာရှိ အလက(ခွဲ)စာသင်ကျောင်းအတွင်းရှိ အဆောင်ငယ်တစ်ခုကို မီးရှို့ခံရမှုဖြစ်ပွားခဲ့ သေးသည်။

ယင်းသို့ ရခိုင်ပြည်နယ်အတွင်း ရခိုင်နှင့် မွတ်ဆလင်တို့ လူမှုအသိုက်အဝန်နှစ်ခုကြားတွင် လူမျိုးဆန် ဆန် ပဋိပက္ခများမှာ ယခင်ကလည်း ဖြစ်ပွားခဲ့သလို ယင်းဖြစ်ရပ်များမှာလည်း တချို့အဖွဲ့အစည်းများ၏ သွေးထိုးလုပ်ကြံဖန်တီးမှုကြောင့် ဖြစ်သည်ဟု ပြည်သူတို့က မှတ်ချပေးကြသည်။

“ ဟိုတုန်းက သီတာထွေး ကိစ္စခါလည်း လက်မဲကြီး အဖွဲ့အစည်းတွေ ရှိခဲ့တယ်။ လူမျိုးရေး ပဋိပက္ခ ဆန် ဆန် ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အခုကတော့ ဒါတွေကို ပြည်သူတွေကလည်း ဘယ်သူတွေက လုပ် နိုင်ခြေရှိသလဲ။ တစုံတရာ ပယောဂကြောင့်လည်း ဖြစ်နိုင်တယ်။ စနစ်တကျလည်း ပြုပြင်လုပ်ကြံ တာ လည်း ဖြစ်နိုင်တယ်။ ရခိုင်ပြည်တည်ငြိမ်မှုနဲ့ ပတ်သက်ပြီး မသမာသူ လူတစုက တမင်ကို ဖန်တီးနေ တာ လို့ ပြောရမယ်” ဟု ဒေါ်ညိုအေးက မှတ်ချပေးသည်။

သံသယဖြစ်စရာ ထူးခြားဖြစ်စဉ်များဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း လူမျိုးရေးပဋိပက္ခ ကို ဦးတည်စေနိုင်သော ထူးခြားဖြစ်စဉ်များကို ဆက်တိုက်တွေ့ရှိလာသဖြင့် ဆင်ခြင်သတိထားကြရန် ULA က ဒီဇင်ဘာလ ၁၇ ရက်နေ့က ပြည်သူတို့ထံ သတိပေးစာ ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်များထဲတွင် မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွီ လှည့် စက် ၂ လုံး မီးရှို့ခံရမှု၊ မြောက်ဦးမြို့နယ်၊ လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီး စုပုံထားသော စပါးစည်း များ မီးရှို့ခံရမှု၊ ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအနီး ရခိုင်အမျိုးသမီး တဦးအား မွတ်ဆ လင်၂ ဦးမှ မုဒိမ်းပြု ကျင့်ရန်ကြံစည်မှု၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရ မှု၊ ကျောက်ဖြူမြို့နယ်၊ စည်မော် ကျေးရွာတွင် ရိတ်သိမ်းပြီး စပါးများ မီးရှို့ခံရမှု စသည့်ဖြစ်စဉ်များပါ ဝင်နေသည်။

ထိုသို့ဖြစ်စဉ်များထဲတွင် မွတ်ဆလင်ကျေးရွာနှင့် နီးကပ်စွာရှိနေသော ကျေးရွာများတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များပါဝင်နေသည့်အပြင် ရခိုင်ကျေးရွာများအတွင်း ရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ် ပျက် ခဲ့ကြောင်း ULA က ဆိုထားသည်။

“ လတ်တလော တည်ငြိမ်နေသည့် ရခိုင်ပြည်အား လူမျိုးရေး ပဋိပက္ခများဖန်တီးပြီး ဒေသတွင်းပဋိပ က္ခ ဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်နေခြင်း၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သောလုပ်ရပ်၊ စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးမှုများ ” ဟု ULA က ရှုမြင်ထားသည်။

ထိရှလွယ်သော ပြဿနာ

ရခိုင်ပြည်နယ်တွင် လူဦးရေသုံးသန်းကျော်ရှိသည့်အနက်တသန်းကျော်မှာမွတ်ဆလင်များဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ပြည်နယ်အစိုးရ ထုတ်ပြန်သော စာရင်းများကဖော်ပြထားသည်။ ၎င်း မွတ်ဆလင် တသန်းကျော်တို့မှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွင် အများစုနေထိုင် ကြပြီး တခြား မြို့နယ်တို့တွင်လည်း အနည်းငယ် ပြန့်ကြဲနေထိုင်ကြသည်။

ယခင်ကလည်း ရခိုင်နှင့် မွတ်ဆလင်တို့ အသိုင်းအဝိုင်းကြားတွင် ဗုဒ္ဓဘာသာအစ္စလာမ်ဘာသာစသည် ဖြင့် ထိချလွယ်ပြဿနာများကို ဖြစ်စေရန် သွေးထိုးလှုံဆော်မှုတို့မှာ နိုင်ငံရေးသဘောတရားတို့နှင့် ဆက်နွယ်မှုတို့ ရှိခဲ့သည်။

၂၀၁၂ က သီတာထွေးဖြစ်စဉ်ကြောင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူစသည့် မြို့နယ်များရှိ ပဋိပက္ခကြောင့် ရခိုင်နွင့် မွတ်ဆလင် အသိုင်းအဝိုင်းနှစ်ခုကြားတွင် လူပေါင်းများစွာ သေ ဆုံး၊ ဒဏ်ရာရမှု၊ အိုးအိမ်စီပွားဥစ္စများ ပျက်စီးဆုံးရုံးမှုကြောင့် ယခုအချိန်ထိ မွတ်ဆလင်များမှာ ဒုက္ခ သည်စခန်းများတွင် သီးသန့် နေထိုင်ကြရဆဲဖြစ်သည်။

အလားတူ ၂၀၁၇ ခုနှစ်များ ဖြစ်ပွားခဲ့သော ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော အရေးအခင်း၌ စစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် မွတ်ဆလင်ကျေးရွာများ မီးရှိုးခံရမှု၊ ရက်စက် စွာ သတ်ဖြတ်ခံရမှုနှင့် အတူ ၇ သိန်းကျော်သော မွတ်ဆလင်များမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ထွက်ပြေး ခဲ့ရသည်။

ယင်းဖြစ်စဉ်အတွင်း မွတ်ဆလင်များမှာ ယခင်ကထက် အဆပေါင်းများစွာ ဆိုးဝါးလှသည့် ဒုက္ခကို ကြုံ တွေ့ခဲ့ရသည်။ဘဝပေါင်းများအသက်ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ်ပဋိပက္ခ၏ဆိုးကျိုးကြောင့် လက်ရှိတွင် ရခိုင်လူထုနှင့် သဟဇာတဖြစ်ရေးကို လိုလားနေကြသည်။

ဘူးသီးတောင် မြို့နယ် ကွန်တိုင်ကျေးရွာသား မွတ်ဆလင်တဦးက “ ကျနော်တို့က ၂၀၁၂ ခုနှစ်ကတခါ ၂၀၁၇ကဖြစ်ခဲ့တဲ့ အရေးအခင်းတွေမှာ ခံလာရတော့ စိုးရိမ်စိတ်တွေ အများကြီးရှိတယ်။ ဒါပေမယ့်အ ခုက ရခိုင်တွေနဲ့ အေးငြိမ်းစွာပဲ နေရတယ်။ ဒါကြောင့် ကျနော်တို့က ဒီလိုပဲ နေချင်တာ။ ပြန်ပြီး ပဋိပ က္ခတွေ မလိုချင်ဘူး။ နောက်ပြီး အခုက တချို့နေရာတွေမှာ ဘာသာရေး ကျောင်းတွေ မီးရှို့ခံရတဲ့ဖြစ် စဉ်တွေရှိနေတယ်။ ဒါကြောင့် အားလုံးဝိုင်းပြီးတော့ ပြဿနာမဖြစ်အောင် ထိန်းထိန်း သိမ်းသိမ်းနဲ့လုပ် ပေးဖို့ လိုလားပါတယ် ” ဟု ဆိုသည်။

ယင်းအပြင် ယခင်က ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းများအကြား လူမျိုးရေး၊ ဘာ သာရေးဆန်သည့် အမုန်းတရား များမှာ တစုံတယောက်သို့မဟုတ် အဖွဲ့အစည်း တခု သို့မဟုတ် သူတို့ ၏ ကိုယ်ကျိုးစီးပွားကို ကြည့်ကာ နိုင်ငံရေး အကျိုးအမြတ်အတွက် ပြဿနာပုံဖော်ခဲ့ကြသည်ဟုလည်း ပြောဆိုနေကြသည်။

မွတ်ဆလင်များနှင့် AA အပြန်အလှန် သဘောထား

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဌ၊ ရက္ခိုင့်တပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “ အုပ်ချုပ်ရေးတွေမှာ သူတို့(မွတ်ဆလင်) တွေကို ပါဝင်လာဖို့ပေါ့။ သူတို့ကို ကျနော်တို့ရဲ့ အုပ်ချုပ် ရေးကဏ္ဍတွေ၊ ရဲလုပ်ငန်းတွေမှာ ပါဝင်လာဖို့အတွက် မှန်းထားတယ်။ ပြီးရင် အုပ်ချုပ်ရေးဆိုင်ရာ ရုံး လုပ်ငန်းတွေ၊ စီမံအုပ်ချုပ်ဖို့ အတွက် နည်းလမ်းတွေ ဥပဒေဆိုင်ရာ သင်တန်းတွေ ပေးဖို့ စီစဉ်နေကြ တယ်” ဟု သြဂုတ်လ ၁၅ ရက်နေ့က အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် သီးသန့် အင်တာဗျူး တွင် ပြောခဲ့သည်။

ယင်းကြောင့် မွတ်ဆလင်လူငယ်တချို့မှာ ခေတ်အဆက်ဆက်အစိုးရများကမွတ်ဆလင်များအားခွဲခြား ဆက်ဆံကာ ပြည်ထဲရေး၊ ကာကွယ်ရေးစသည့် ဝန်ထမ်းနေရာတို့တွင် နေရာပေးခြင်း၊ လက်တွဲခေါ် ခြင်း မရှိဆိုသည့် အချက်ဖြင့် AA ၏ အုပ်ချုပ်ရေး ကဏ္ဍများတွင် သူတို့ကို တွဲခေါ် နေရာပေးမှုကို ဝမ်း သာနေကြသည်။

ထို့အတူ ကျေးရွာအတွင်း တချို့ကိစ္စတို့ကို အမှုမကြီးစေရန် ဒေသရှိ ဘာသာရေးခေါင်းဆောင် ကျေး ရွာ တာဝန်ခံ တို့နှင့် တိုင်ပင်ကာ ဖြေရှင်းပေးနေရပြီး ၎င်းတို့ ကိုင်တွယ်မရှင်းနိုင်သော အမှုကိစ္စများကို သာ AA တပ်ဖွဲ့ ဝင်များ ကို ခေါ်ယူ ဖြေရှင်းမှုတို့ ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ်၊ လက်မ မွတ်ဆလင်ကျေးရွာ၌ ခိုးဆိုးလုယက်ရာဇ ဝတ်မှုများကို ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းတခုကို ULA အဖွဲ့ကို ကျေးရွာသားများက လာရောက် ဖြေရှင်းပေးရန် တိုင်ကြားမှုများကြောင့် AA က သွားရောက်ဖြေရှင်းပေးနိုင်ခဲ့သည်။

မွတ်ဆလင်တို့ ဖိအားပေးခံရ

မွတ်ဆလင်များ ULA/ AA ထံတွင် မှုခင်းများတိုင်ကြားမှုအပေါ် လက်ရှိ စစ်ကောင်စီက မွတ်ဆလင် ရွာ လူကြီး၊ ကျေးရွာတာဝန်ခံတို့ကို စစ်တပ်မှ ခေါ်ယူသတိပေးမှုတို့လည်း ရှိခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်းရှိ မွတ်ဆင်ကျေးရွာများဖြစ်ကြသော ပိုက် သည်ရွာ၊ ပေါက်တောပလောင် ၊ ဂုပ္ပီထောင့်ရွာ၊ ရွှေလိုင်ရွာ၊ အင်ဘာရီ စသည့်မွတ်ဆလင် ‌ရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့ကို ကျောက်တော်အခြေစိုက် ခမရ ၃၇၅ တပ်ရင်းသို့ခေါ်ယူ ပြီး အမှုများဖြစ်ပေါ်လာပါက AA ထံသို့ မတိုင်ကြားရန် သတိပေးခဲ့သည်။

အလားတူ စက်တာဘာ ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ ပီရွက်၊ တောင်ဘဇာ၊ ငါးရံ့ချောင်း၊ ကျီးနှုတ်သီး၊ တရဂူ စသည့် ကျေးရွာတို့မှ ကျေးရွာတာဝန်ခံတို့ကို AA ထံသို့ရိက္ခာနှင့်ငွေကြေးထောက် ပံ့မှု ရှိမရှိ၊ ကျေးရွာအနီး AA တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုရှိမရှိ စသည့်အချက်များကို မေးမြန်းကာ ယင်းသို့ မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သေးသည်။ ယင်းသို့ဖြစ်စဉ်များမှာ မောင်တောနှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း ရှိခဲ့သည်။

သို့သော်လည်း ဒီဇင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီ တာဝန်ရှိသူများဖြစ်သော နယ်စပ်ရေးရာ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတို့ မောင်တော မြောက်ပိုင်းက တောင်ပြို၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖို့ခေါင်ကြား စခန်းတွေကို သွားရောက်လေ့လာခဲ့ သည်။

IDP စခန်းနေ မွတ်ဆလင်တို့ အမြင်

လက်ရှိရခိုင်တွင် လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်စေသည့် မူခင်း၊ ရာဇဝတ်မှုတို့ ရှိလာသည့်အတွက် ဆင်ခြင်သတိထားကြဖို့ ULA က အသိပေးထုတ်ပြန်ခြင်းအပေါ်တွင်လည်း IDP စခန်းနေ မွတ်ဆလင် တို့က အကောင်းဘက်က ရှုမြင်ကြသည်။

ကျောက်ဖြူမြို့ ကျောက်တစ်လုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ ကိုဖြူချေက “ ကျနော်တို့ဘက် က တော့ ဟိုတလောက AA ထုတ်ပြန်ထားက ကောင်းတယ်။ လူမျိုးရေး ပဋိပက္ခကို ထိန်းချုပ်ရမယ်လို့အဲ ဒါကို ပြောတာ။ ခေတ်အဆက်ဆက် အစိုးရကတော့ ကျနော်တို့အပေါ်မှာ မကောင်းခဲ့ဘူး။ ဦးသိန်းစိန် အစိုးရ၊ NLD ဦးညီပုတုန်းကလည်း ရခိုင်ပြည်ကို ပတ်ပြီးသွားနေတယ်။ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး ” ဟု  ဆိုသည်။

ကိုဖြူချေတို့ လက်ရှိ နေထိုင်ရာ ကျောက်တလုံးဒုက္ခသည်စခန်းတွင် အိမ်ထောင်စုပေါင်း ၃၆၀ ကျော်မှ လူဦးရေ ၁၅၀၀ ကျော် နေထိုင်ကြပြီး ၄င်းတို့မှာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်ဖြစ်သော အရာရှိရပ် ကွက်၊ ပိုက်သည်၊ သမ္ဗာန်ချောင်း၊ ပြင်ဖြူမော်ရပ်ကွက် တို့တွင်နေထိုင်ခဲ့ကြသူများဖြစ်သလို ၄င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် နေရပ်စွန့်ခွာကာ ယင်းစ ခန်း တွင် နေထိုင်ကြသည်မှာ ၁၀ နှစ်ခန့် ကြနေပြီးလည်းဖြစ်သည်။

ယင်းအပြင် မွတ်ဆလင်အချို့တို့မှာလည်း နိုင်ငံရေး အလှည့်အပြောင်းတွင် အာဏာပိုင်တို့ စီးပွားရေး သမားတို့နှင့် ပူးပေါင်းကာ အမျိုးသားရေး ပဋိပက္ခဖြစ်စဉ်များ အတွင်း လူမျိုးရေးအရ အမြတ်ထုတ်ယူ တို့ရှိကြောင်းလည်း ကိုဖြူချေက ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “ ကျနော်တို့မှာလည်း မွတ်ဆလင်တချို့ရှိတယ်။ လုပ်ငန်းထဲမှာ အမြတ်ထုတ် တယ်။ ခရိုနီတွေနဲ့ ပေါင်းပြီးတော့ နိုင်ငံရေးကစားကွက်ထဲမှာ ပါဝင် အမြတ်ထုတ်တာရှိတယ်။ ပဋိပက္ခ တွေဖြစ်တိုင်း အမြတ်ထုတ်တာ။ ခေတ်အစိုးရအဆက်ဆက်က ကျနော်တို့ကို ဘယ်လိုလုပ်ခဲ့တယ် ဆို တာကို လူတိုင်းသိတယ်။ နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်သွားတာ ” ဟု ပြောသည်။

သုံးသပ်ချက်

လတ်လောကာလတွင် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေလိုမှုကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိ ပက္ခအသွင်ဆောင်လာသည့် မှုခင်းကိစ္စရပ်များမှာ ရခိုင့်နိုင်ငံရေးအရ ပြည်သူတို့ကို အကဲစမ်းမှုတခု ဖြစ်နေကြောင့်လည်း ပြောဆိုကြသည်။

ဘူးသီးတောင် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “ လူမျိုးရေးပဋိပက္ခအသွင် ဆောင်အောင် ဖန်တီးတဲ့ အဖွဲ့ကတော့ ဖန်တီးကြမှာပဲ။ ဒါပေမယ့်လည်း ရခိုင်မှာတော့ ပြည်သူ့ အအာ ဏာပိုင်အဖွဲ့က အုပ်ချုပ်မှုတွေ ရှိနေပြီ။ ဒါကြောင့် မသမာတဲ့ လူတွေက ဘယ်လောက်ပဲဖန်တီး ဖန်တီး ရခိုင်ပြည်သူလူထုကတော့ နိုင်ငံရေး အသိနှိုးကြားနေပြီ။ ဒါကြောင့် ဒီဖြစ်စဉ်တွေကတော့ အကဲစမ်းမှု တခုပဲဖြစ်တယ်လို့ မြင်တယ် ” ဟု သုံးသပ်ထားသည်။

နိဂုံးချုပ်

AA အနေဖြင့် မြန်မာ့နိုင်ငံရေး အရှုပ်အထွေးကြားတွင် မပါဝင်ဘဲ သီးခြားရပ်တည်ချက်ဖြင့်  လျှောက် လှမ်း နေသလို AA ၏ ထိန်းချုပ်မှုအောက်တွင် ရခိုင့်နိ်ုင်ငံရေး အလှည့်အပြောင်း အကောင်းတခုဖြစ် လာနိုင်ကြောင်းကို အားလုံးက ယုံကြည်နေကြသည်။

ထို့အပြင် တဖက်မှာလည်း နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ခြေကုပ်ယူပြီး မောင်တောဒေသို့ စိမ့်ဝင်လှုပ် ရှား နေသော လက်နက်ကိုင်အဖွဲ့အစည်း များဖြစ်သည့် ARSA၊ RSO၊ ARA တို့အပြင် ဂိုဏ်းစတား ဆန်ဆန် လှုပ်ရှားနေသော အဒူလာကိမ်း အဖွဲ့ တို့မှာလည်း ဒေသခံလူထု စောင့်ကြည့်ရမည့် အဖွဲ့များ ဖြစ်နေသည်။

ယင်းအကြောင့် တချို့သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့က AA ၏ ရပ်တည်ချက်သို့မဟုတ် ပြည်သူတို့ ၏ တည်ငြိမ်မှုကို လူမျိုးရေးပဋိပက္ခ အသွင်ဖြစ်အောင် လုပ်ဆောင်နေမှုတို့လည်း ဖြစ်နိုင်သဖြင့် သတိ ထား ဖြေရှင်းရမည့် ကိစ္စတရပ်ပင်ဖြစ်နေသည်။

ဂေါင် - ရေးသားသည်။
Western News- WN

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */