" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 28, 2023

AA၏ ဘူးသီးတောင်မြို့နယ် နယ်မြေရှင်းလင်းရေးအတွင်း အာဆာသံသယရှိသူ ၈ ဦးခန့် ဖမ်းဆီးခံထားရ

Narinjara
ရေးသူ: Web Master (NN 16)
| ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃ 

ရက္ခိုင့်တပ်တော်(AA)က ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များကိုနယ်မြေရှင်းလင်းရေး လုပ်စဉ် အာဆာ(ARSA) အဖွဲ့ဝင်များဟု သံသယရှိသူ၈ဦးခန့်ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

၎င်းတို့မှာ စက်တင်ဘာလ ၁၉ ရက်ခန့်မှစတင်ပြီး အေအေမှ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်း လင်းရေး လုပ်စဉ် ဘူးသီးတောင်မြို့နယ်ရှိ ဦးလှဖေ၊ အတွင်းငှက်သေ၊ ဆေးအိုးကျနှင့် ဝရကျွန်းဒိုးတန်း စသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု သိရသည်။

စက်တင်ဘာလ ၂၂ ရက်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုလည်း အာဆာ က စက်တင်ဘာလ ၂၄ ရက်က သူတို့၏ တွစ်တာ စာမျက်နှာ၌ ဖော်ပြခဲ့ကြသည်။

ဒေသခံများကမူ ယင်းရက်ပိုင်းအတွင်း အေအေ နှင့် အာဆာတိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိခဲ့ဟု ပြောဆို ထားကြပြီး အာဆာက သတင်းမှားထုတ်လွှင့်နေခြင်းသာဖြစ်သည်ဟု ပြောဆိုကြသည်။

ယင်းအပြင် ယခုကဲ့သို့ နယ်မြေရှင်းလင်းနေစဉ်အတွင်း စက်တင်ဘာလ ၂၁ ရက်တွင် အာဆာ အဖွဲ့နှင့် အေအေ အဖွဲ့တို့ ထိပ်တိုက်တွေ့မှုတစ်ခုပင်ရှိခဲ့သေးသည်ဟုလည်းအမည်မဖော်လိုသည့်ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

“၂၁ ရက်နေ့ညက ရွက်ညိုတောင်က မွတ်ဆလင် တစ်ယောက်ကို အာဆာ ၇ ယောက်က ဖမ်းလာပါ တယ်။ ဖမ်းလာတော့ ရွက်ညိုတောင်ကနေ ဦးလှဖေဘက်ကိုလာတယ်လေ။ အဲဒီဦးလှဖေကူးတို့ ဆိပ် မှာ အေအေ နဲ့ ဆုံတယ်။ အေအေနဲ့ဆုံကြတော့ အပစ်အခတ်တော့မရှိဘူး။ သူတို့က အေအေကိုမြင် လို့ အဲဒီလူကို ထားပြီး ထွက်ပြေးသွားကြတယ်”ဟု နိရဥ္စရာကိုပြောသည်။

အေအေ ၏ပြောခွင့်ရသူ ဦးခိုင်သုခကမူ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်မြို့နယ်တွင် ပြန် ပေး၊ ငွေညှစ်၊ လူသတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများကို လိုက်လံ ရှင်းလင်းနေ ကြောင်း နိရဥ္စရာအပါအဝင် မီဒီယာအချို့ကို ယမန်နေ့က ပြောဆိုထားသည်။

"ဘူးသီးတောင်ဘက်မှာ ဒေသခံပြည်သူတွေကို ပြန်ပြေးဆွဲ၊ လူသတ်၊ ဓားပြတိုက်နေတဲ့ ရာဇဝတ်ဂိုဏ်း၊ လူဆိုးဂိုဏ်းတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကျနော်တို့ အာရက္ခ ပြည်သူ့အစိုးရရဲ့ ပြည်သူ့လုံခြုံရေး တပ် ဖွဲ့တွေက ဒေသခံတွေနဲ့ပူးပေါင်းပြီးတော့ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတာရှိပါတယ်။ ဒီလူဆိုးဂိုဏ်းတွေ အခြေစိုက်တဲ့ ကျေးရွာတွေကို ကျနော်တို့ ပိတ်ဆို့ပြီး ရှာဖွေနေတာဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြင်းပြင်းထန်ထန် နှိမ်နှင်းမှုကို ခံရပြီးနောက် အာဆာလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များသည် ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ မြန်မာပြည်ထဲသို့ ဝင်ရောက်လာပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် စည်းရုံးရေးဆင်းခြင်း၊ အေအေ နှင့် ဆက်စပ်သည့် ဒေသခံ တချို့ကို ခြိမ်းခြောက်သတ်ဖြတ်ခြင်းနှင့် စီးပွားရေးသမားတချို့ကို ဖမ်းဆီးခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသအတွင်းကလာသော သတင်းများအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်၊ ညအချိန်ကလည်း ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ မီးကျောင်း ခေါင်းဆွဲ ကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ရပ်မိရပ်ဖ မာမတ်ရူရ်ကူရ်းသည် ကျေးရွာအတွင်းရှိ နေအိမ်မှ အာဆာအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နောက်တစ်နေ့ စက်တင်ဘာလ ၁ဝ ရက်တွင် အသတ်ခံထားရသည့် သူ၏ ရုပ်အလောင်းကို ရွာနှင့်မနီး မ ဝေးရှိ မောင်နှမတောင်အနီးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

ယင်းနောက်ပိုင်း အေအေကဘူးသီးတောင်မြို့နယ်အတွင်းယခုကဲ့သို့နယ်မြေရှင်းလင်းရေးလုပ်ဆောင် လာခြင်းဖြစ်သည်။

မွတ်ဆလင်ဒေသခံတစ်ဦးက “ အာဆာ ကို နယ်မြေရှင်းလင်းတာက တစ်ခုကောင်းတယ်။ ဘာလို့လဲဆို တော့ သူတို့ကို ကျနော်တို့ မလိုလားဘူး။ ကျနော်တို့ မထောက်ခံဘူး။ သူတို့ကို ကျနော်တို့ကို အကျိုးရှိ တာလုပ်တာ တစ်ခုမှမရှိပါဘူး။ သူတို့ကို ကျနော်တို့ ပြည်သူလူထုကို သတ်ဖြတ်တာပဲရှိတယ် ဒါကြောင့် အခုလိုနယ်မြေရှင်းမှုက ကောင်းတယ်”ဟု ပြောသည်။

ယင်းသို့နယ်မြေရှင်းလင်းရာတွင်လည်း အပြစ်မဲ့ မွတ်ဆလင်ကျေးရွာသားများကို အာဆာ ဟု စွပ်စွဲပြီး မဟုတ်မတရားဖမ်းဆီးသွားမည်ကို စိုးရိမ်မိသည်ဟု သူက ဆိုသည်။

AA ပြောခွင့်ရသူ ဦးခိုင်သုခကမူ အာဆာနှင့်မပတ်သက်သူများအတွက် တစ်စုံတစ်ရာ စိုးရိမ်စရာမရှိ သည့်အတွက် လိုအပ်သည်ထက် စိုးရိမ်မလွန်ကြဖို့ ပြောဆိုထားသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ၄င်းတို့ ကို ထောက်ခံအားပေးသည့်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ လှုပ်ရှားမှုများကို ULA/AA အနေဖြင့် သတိထားစောင့်ကြည့်လျက်ရှိသည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။

အကြမ်းဖက်အဖွဲ့အစည်းများ၏လှုပ်ရှားမှုသတင်းများကို ULA/AA ထံ အချိန်နှင့်တပြေးညီ ပေးပို့ပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ဦးခိုင်သုခက တိုက်တွန်း ထားသည်။

အေအေ နှင့် အာဆာ အဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက် နံနက် ပိုင်း တို့တွင် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အာဆာ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်အတွင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စိမ့်ဝင်လှုပ်ရှားနေသည့်အဖွဲ့တစ်ခုဖြစ်သည်။

၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအချို့ ကို အာဆာက ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များရှိခဲ့ ၍ မြန်မာစစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသေးသည်။

ဘူးသီးတောင်မြို့နယ်အတွင်း အေအေထိန်းချုပ်ထားသည့် မွတ်ဆလင်ကျေးရွာများဖြစ်သော ဦးလှဖေ၊ ရွက်ညိုတောင်၊ ဆေးအိုးကျ၊ ဝရကျွန်းဒိုးတန်း၊ သိမ်တောင်၊ ဖုံညိုလိပ်နှင့် အတွင်းငှက်သေ စသည့် ကျေး ရွာများအပါအဝင် ကျေးရွာ ၁ဝ ရွာခန့်တွင် အာဆာ အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှု များရှိနေသဖြင့် နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေသည်ဟု သိရသည်။

(NN-16)
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */