" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

ဧရာဝတီ
18 May 2023

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးသည့်ဆန်ကို တန်းစီစောင့်ဆိုင်းနေကြသူများ / AFP

ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံများသည် ဗုဒ္ဓဟူး နေ့တွင် ဆန်နှင့်သောက်ရေအတွက် တန်းစီနေစဉ် ကုလသမဂ္ဂသည် မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရသော ဒေသ များသို့ သွားရောက်ခွင့်ရရန် နိုင်ငံတကာက ပစ်ပယ်ထားသည့် စစ်ကောင်စီနှင့် ညှိနှိုင်းနေရသည်။

ဆိုင်ကလုန်းမိုခါသည် တနင်္ဂနွေနေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ တနာရီလျှင် ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) နှုန်း ဖြင့် ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသောကြောင့် အဆောက်အအုံများ ပြိုကျပြီး လမ်းများသည် မြစ်များသဖွယ်ဖြစ်သွားခဲ့သည်။

ထိုမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လူပေါင်း အနည်းဆုံး ၈၁ ဦးသေဆုံးကြောင်း ဒေသခေါင်းဆောင် များ နှင့် အရာရှိများက AFP သတင်းသမားများကို ပေးသည့် စာရင်းများနှင့် စစ်ကောင်စီမီဒီယာ သတင်းများအရ သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံ ၁၅၀၀၀၀ ခန့်ကို သန့်ရှင်းသောရေပေးနေသည့် ရေသန့်စက်ရုံသည် ဆိုင်ကလုန်းကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားသဖြင့် ဒေသခံများသည် သံပုံးငယ်များဖြင့် သောက်ရေအတွက် တန်းစီနေရသည်။

“ကျနော်တို့မှာ ရေနည်းနည်း သိုလှောင်ထားတာ ရှိပေမယ့် ၂ ရက်လောက်ကြာတဲ့အခါ အိမ်မှာရေ မရှိတော့ဘူး” ဟု လူမှုအခြေပြုအဖွဲ့အစည်းတခုက ဝေပေးသည့် ရေကို မွန်းတည့်နေအောက်တွင် တန်းစီစောင့်ဆိုင်းနေသည့် ကိုထွန်း ပြောသည်။

“ချမ်းသာတဲ့သူတွေက ရေဝယ်နိုင်ပေမယ့် ဆင်းရဲတဲ့သူက မဝယ်နိုင်ဘူး” ဟု AFP သို့ သူပြောသည်။

အခြားစစ်တွေ ဒေသခံ ဒေါ်အေးလှသည် မြို့တော်မှ ဘုန်းကြီးကျောင်းတခုတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးသည့် ဆန်ကို တန်းစီစောင့်ဆိုင်းနေသည်။

“အစာမစားရတာ ၄ ရက်ရှိပြီ” ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်အေးလှ ပြောသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်း/AFP
 
“အိုးခွက်ပန်းကန်တွေ မရှိတော့ဘူး။ အိမ်လည်း မရှိတော့ဘူး။ လဲစရာ အဝတ်တောင် မရှိတော့ဘူး။ မိသားစုက ငတ်နေလို့ ဒီမှာ ဆန်လာတောင်းတာ” ဟုလည်း သူပြောသည်။

ဆန်အိတ်ရာပေါင်းများစွာကို စစ်တွေသို့ လေကြောင်းမှ ပို့ဆောင်ထားပြီး ဆန်များ၊ ဆက်သွယ်ရေး ကိရိယာများ နှင့် အခြားအကူအညီများတင်ဆောင်ထားသည့် ရေတပ်သင်္ဘောတစီး ဗုဒ္ဓဟူးနေ့တွင် ဆိုက်ရောက်သည်ဟု စစ် ကောင်စီသတင်းစာက ဖေါ်ပြသည်။

စောင့်ဆိုင်းနေရ

မြန်မာတွင် လူသားချင်းစာနာမှုကပ်ဘေး ဖြစ်ပေါ်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဌာ နေ ညှိနှိုင်းရေးမှူးက အင်္ဂါနေ့တွင်ပြောသည်။

ဆိုင်ကလုန်းဒဏ်ခံဒေသများသို့ သွားရောက်ခွင့်ရရေးအတွက် မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းများဆက်လက်ပြုလုပ် နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံး (OCHA) ပြောသည်။

ဆွေးနွေးမှုများ သို့မဟုတ် ကုလသမဂ္ဂအဖွဲများ ရိုဟင်ဂျာများနေထိုင်သည့် စခန်းများ အပါအဝင် မုန်တိုင်းသင့် ဒေ သ များ သို့ သွားရောက်ခွင့် ရ မရ ဆိုသည့် မေးခွန်းများကို OCHA ပြောခွင့်ရသူက တုံ့ပြန်ဖြေကြားခြင်း မရှိ သေး ပေ။

“နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီပေးမည့် ကမ်းလှမ်းချက်များကို လက်ခံထားပြီးဖြစ်သည်” ဟု စစ်ကောင်စီ မီဒီယာက အင်္ဂါနေ့တွင်ဖေါ်ပြသည်။ 

မုန်တိုင်းဒီရေကြောင့် သေဆုံးသူတဦးကို မြေမြှုပ်သဂြိုဟ်ရန် သယ်လာစဉ်/AFP
 

“သို့သော် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လက်ရှိညီညွတ်သော အင်အားဖြင့် လုပ် ဆောင်ရမည်ဖြစ်သည်” ဟု ဂလိုဘယ်နယူးလိုက်ဖ်အော့မြန်မာက ရေးသားသည်။

၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ်ကြောင့် လူ အနည်းဆုံး ၁၃၈၀၀၀ သေဆုံးသောအခါ ထိုစဉ်က စစ်အုပ်စုသည် အရေးပေါ်အကူအညီများကို ပိတ်ဆို့ပြီး လူသားချင်းစာနာမှု လုပ်သားများနှင့် အကူအညီများ သွားရောက် ပေးပို့ ခွင့် မပေးခဲ့ဟု စွပ်စွဲခံရသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၆ သိန်းခန့်ရှိပြီး ၎င်းတို့ကို လူအများအပြားက ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများ အဖြစ် သတ်မှတ်ကာ နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်မပေးပေ။

နေရပ်စွန့်ခွာများကို ထားသည့် စစ်တွေပတ်ဝန်းကျင်မှ ရိုဟင်ဂျာစခန်းများ မုန်တိုင်းကြောင့် ပျက်စီးသွားပြီး စခန်း များတွင် နေထိုင်သူများ မုန်တိုင်းဒီရေတွင် မျောပါပြီး နေအိမ်များလည်း ပျက်စီးကုန်သည်။

အကူအညီရရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း စစ်တွေမြို့ပြင် စခန်းတခုမှ ခေါင်းဆောင်က ဗုဒ္ဓဟူး နေ့တွင် ပြော သည်။

“ကျနော်တို့စခန်းကို လာတဲ့လမ်းက တံတားတခုကျိုးနေလို့ ဘယ်အဖွဲ့အစည်း အစိုးရက ပေးတဲ့ အကူအညီမှ ရောက်မလာသေးဘူး” ဟု AFP သို့ သူပြောသည်။

ရနိုင်သည့် မည်သည့်ရေကိုမဆို ကြိုချက်သောက်ရန် လိုကြောင်း အာဏာပိုင်များက ၎င်းကိုပြောထားသည်ဟု ထိုစခန်းခေါင်းဆောင်ပြောသည်။

“နောက် ၂ ရက်လောက်တော့ ဆက်စောင့်ရနိုင်တယ်” ဟု သူပြောသည်။

ကိုးကား။ ။ AFP သတင်း Cyclone-Hit Residents of Myanmar’s Rakhine Hunt for Water as UN Asks Junta for Access

You may also like these stories:


Topics: OCHA, WFP, ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး, ကုလသမဂ္ဂ, စစ်ကောင်စီ, စစ်တွေ, စားနပ်ရိက္ခာ, ဆိုင်ကလုန်းနာဂစ်, ဆိုင်ကလုန်းမိုခါ, ဘင်္ဂလားဒေ့ရှ်, ရခိုင်ပြည်နယ်, ရိုဟင်ဂျာ, လူသားချင်းစာနာမှု အကူအညီ, လူသားချင်းစာနာမှုကပ်ဘေး, သောက်ရေ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */